ရခိုင်အရေးကိစ္စကြောင့် အနောက်နိုင်ငံများ၏ ဖိအားခံနေရသည့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုကျဆင်းခြင်းကို ကုစားရန် အာရှနိုင်ငံ ငါးနိုင်ငံအား ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့်များကို ယနေ့ စတင်ပေးလိုက်ပြီ ဖြစ်သည်။
အာရှနိုငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအိုနှင့် ဟောင်ကောင်နိုင်ငံများအတွက်မူ ဗီဇာကင်းလွတ်ခွင့်နှင့် အိမ်နီးချင်း တရုတ်နိုင်ငံအတွက်မူ ဆိုက်ရောက်ဗီဇာကင်းလွတ်ခွင့်များ ပေးလိုက်ခြင်း ဖြစ်ပြီး ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရှင်းလင်းသည့် အခမ်းအနားကို အောက်တိုဘာလ ၁ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက “အနောက်နိုင်ငံတွေရဲ့ မီဒီယာထိုးနှက်ချက်တွေကြောင့် ကျနော်တို့ရဲ့ နိုင်ငံကို ဝင်ရောက်လာတဲ့ အနောက်နိုင်ငံတွေက ကျဆင်းသွားတာမျိုးတွေ အနည်းအကျဉ်းရှိပါတယ်။ ဒါကိုကုစားနိုင်ဖို့အတွက် အာဆီယံ+ 3 ဖြစ်တဲ့ တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံသားတွေကို ပိုမိုပြီးတော့မှ ဝင်ရောက်လာရေး ပြင်ဆင်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဗီဇာကင်းလွတ်ခွင့် (Visa Exemption) မှာ ဗီဇာကြေး သွင်းစရာမလိုဘဲ နိုင်ငံသို့ ဝင်ရောက်လည်ပတ်နိုင်ပြီး ဆိုက်ရောက် ဗီဇာ (Visa on Arrival) မှာမူ မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုပါက သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် ဗီဇာ ကြိုတင် လျှောက်ထားစရာမလိုဘဲ မြန်မာပြည် လေဆိပ်ရောက်မှသာ ဗီဇာလျှောက်ထားနိုင်ပြီး ဗီဇာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅၀ ကျသင့်ပြီး ရက်ပေါင်း ၃၀ နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။
ကင်းလွတ်ခွင့် ပေးလိုက်သည့် ဗီဇာနှစ်မျိုးစလုံးအတွက် စမ်းသပ်ကာလအဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ လ ၃၀ ရက်အထိ တနှစ်သက်တမ်း သတ်မှတ်ထားပြီး ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက် ဖြေလျော့သွားမည် ဟုလည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဒုညွှန်ကြားရေးမှူး ဦးမြင့်ထွေး က “ဒီနိုင်ငံတွေရဲ့ နိုင်ငံတကာကို လည်ပတ်နေတဲ့ ခရီးသည်တွေက တရုတ်နိုင်ငံဆိုရင် လူဦးရေ ၁၂၅ သန်း ကျော်အထိ ကမ္ဘာ့နိုင်ငံအသီးသီးကို သွားလာနေတာ။ ဒီနိုင်ငံရဲ့ ဈေးကွက်ကို ကျနော်တို့နိုင်ငံအနေနဲ့ အများကြီးမျှော်လင့်ထားတာ ရှိပါတယ်။ ကျန်တဲ့ တောင်ကိုရီးယား နိုင်ငံသားတွေ အနေနဲ့လည်း ဝင်ရောက်လာနိုင်တဲ့အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ဒီလိုအခွင့် အလမ်းတွေ ရှိပေမယ့်လည်း ကျနော်တို့ဖက်ကနေ ဖြေလျှော့မှု စနစ်တွေ၊ ဝင်ရောက်ထွက်ခွာမှု စနစ်တွေ မလုပ်ပေးနိုင်ဘူးဆိုရင် သူတို့ဝင်ဖို့ က မလွယ်ကူဘူးပေါ့နော်။ ဒါကြောင့် လုပ်ပေးခြင်းဖြစ်တယ်”ဟု ရှင်းပြပြောဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံအား ဆိုက်ရောက်ဗီဇာစနစ်ဖြင့်သာ ခွင့်ပြုထားသော်လည်း နောက်ပိုင်းတွင် ဗီဇာကင်းလွတ်ခွင့် ပေးသွားရန် ရှိကြောင်းလည်း ဝန်ကြီးဌာနဘက်က ပြင်ဆင်လျက် ရှိသည်။
နိုင်ငံတကာ ဖိအားများကြောင့် မြန်မာပြည်သို့ ခရီးသွားဝင်ရောက်မှု ကျဆင်းနေချိန်တွင် ယခုကဲ့သို့ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်များ လုပ်ဆောင်ခြင်းမှာ နိုင်ငံခြားသား ခရီးသွားများအတွက် စိတ်ဝင်စားမှုတရပ် ဖြစ်လာနိုင်ကြောင်းလည်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများက သုံးသပ်လျက် ရှိသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လက်အောက်ရှိ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက “တနိုင်ငံလုံးခံစားနေရတဲ့ စီးပွားရေးပုံရိပ်ကို ဟိုတယ်အသင်းအနေနဲ့မကျအောင် ဘာလုပ်မလဲဆိုတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ကို ဗီဇာဖြေလျှော့ပေးလိုက်ရင် စိတ်ဝင်စားမှု တခုဖြစ်လာမှာဖြစ်တယ်။ ဒါ့အပြင် ဥရောပဘက်က ၆ နိုင်ငံလောက် ဗီဇာဖရီး Free ဖြစ်ရင် ဧည့်သည်တွေ ပိုလာမှာဖြစ်တယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံ ခရီးသွားဧည့်လမ်း ညွှန်များအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းကလည်း “အခုရခိုင်အရေးကြောင့် အနောက်နိုင်ငံတွေ ဖြစ်တဲ့ ဂျာမန်တို့ဘာတို့လည်းခရီးသွား လျော့ကျနေတယ်။ များသောအားဖြင့် ဂျပန်နဲ့ ကိုရီးယားက ရင်းနှီးမြှုပ်နံှမှုအတွက် လာတာများတယ်။ အခုလို တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေ ဗီဇာကင်းလွှတ်ခွင့်ပေးတာက ခရီးသွားဝင်ရောက်မှုက နောက်ထပ် ၃၀၊ ၄၀ ရာခိုင်နှုန်းလောက် ထပ်တက်လာနိုင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ငန်း ကိန်းဂဏန်းများအရ တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့မှ ခရီးသွား ဝင်ရောက်မှုမှာ တစ်နှစ်လျှင် သိန်းနှင့်ချီ၍ လာရောက် လည်ပတ်လေ့ရှိကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇူလှိုင်လအထိ မြန်မာနိုင်ငံသို့ ပြည်ပမှ လေကြောင်း၊ အပျော်စီးသင်္ဘော၊ နယ်စပ်ဂိတ်ပေါက်နှင့် ဗီဇာဖြင့် လာရောက်သူစုစုပေါင်းမှာ ၁၉၇၀၀၁၃ သန်းထိရှိနေပြီး ယခင်နှစ်တွင် ၂၀၁၉၇၅၂ ဦး ဝင်ရောက်ထားသောကြောင့် ကာလတူ နှိုင်းယှဉ်လျှင် လူဦးရေ ၄ သောင်းကျော် လျော့ကျနေသေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနစာရင်းများအရ သိရသည်။