လွှတ်တော်အတွင်းသာမက မိမိမဲဆန္ဒနယ်နှင့် ပါတီ အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရရှိသဖြင့် အမျိုးသားဒီမို ကရေစီအဖွဲချုပ် (NLD) မှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က စက်တင်ဘာ ၃၀ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဦးဖေချစ် က “လွှတ်တော် အတွင်းသာမက မိမိတို့၏ ကိုယ်စီမဲဆန္ဒနယ် ၊ ပါတီ အဖွဲ့အစည်းမှာတောင် ဒီမိုကရေစီ ဆိတ်သုဉ်းပြီး အာဏာရှင် စနစ် ထင်ထင်ရှားရှား ပေါ်ပေါက်နေလို့ပါဘဲ” ဟု ရန်ကုန်မြို့ လမ်း ၅၀ ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စက်တင်ဘာ ၂၃ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သည့် CEC အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီမှ နုတ်ထွက်ခွင့် တင်ပြထားသော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၉ မှ ဦးဖေချစ်နှင့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၅ မှ ဦးတင် အောင်ထွန်းတို့အား အစည်းအဝေးဆုံးဖြတ်ချက်များအရ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း NLD မှပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
ထိုသို့ နုတ်ထွက်ခွင့်ပြုရာတွင် ဒေါက်တာ မျိုးညွှန့်က ၎င်းတို့ ၂ ဦးသည် ပါတီစည်းကမ်းမလိုက်နာခြင်းနှင့် ပါတီရန်ပုံငွေ မထည့်ဝင်ခြင်း ကြောင့်ဟူသော စွပ်စွဲချက်များဖြင့် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ပြောကြားချက်သည် မိမိ၏ဂုဏ်သိက္ခာထိခိုက်စေသဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဦးဖေချစ်က ပြောသည်။
ဦးဖေချစ်က “မကျေနပ်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်တာ မဟုတ်ဘူး။ သတင်းတွေမှာ တက်လာတယ်။ ဦးတို့ ၂ ယောက်က အလှူငွေလည်း မထည့်နိုင်ဘူး၊ သူ့တို့ဟာ သူတို့ လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ ပါတီစည်းကမ်း အတိုင်းကို မလုပ်ချင်ဘူးလို့ အဲ့ဒီလို ပြောတာ။ မဟုတ်ဘူး ဆိုတာကို သတင်းမီဒီယာကနေပြန်ပြီးပြောတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဖေချစ်သည် ကျန်းမာ ရေးအခြေအနေအရ ပါတီမှနုတ် ထွက်ခွင့်ပြုရန် ၂၀၁၈ မတ်လက တင်ပြခဲ့ပြီး မေလတွင် ပါတီမှ တရားဝင် နုတ်ထွက်ခွင့်ရခဲ့သည်။
ဒေါက်တာ မျိုးညွှန့်က “သူက နုတ်ထွက်စာတင်တယ်။ ကျနော်တို့က နုတ်ထွက်ခွင့်ပေးလိုက်တယ်။ အားလုံး ခြုံပြီးပြောလိုက်တာပါ။ သူတို့ မဟုတ်ဘူးဆိုလည်း ကျနော်တို့က လိုက်ရှင်းနေမှာ မဟုတ်ပါဘူး” ဟုဧရာဝတီသို့ ပြောသည်။
ဦးဖေချစ် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည် ဖြေရှင်းပြောဆိုလိုက်သည့် ဒီမိုကရေစီ ဆိတ်သုဉ်းပြီး အာဏာရှင် စနစ် ထင်ထင်ရှားရှား ပေါ်ပေါက်နေခြင်းကြောင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရရှိသဖြင့် ပါတီမှ နုတ်ထွက်ရခြင်း ဟု ပြောဆိုခြင်းမှာ စွတ်စွဲချက် သက်သက်သာ ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်ကပြောသည်။
ဒေါက်တာ မျိုးညွှန့် က “အထောက်အထားရှိရင် တိတိကျကျ ဒီဟာကို ပြင်ဆင်မယ်။ စွတ်စွဲရုံသက်သက်နဲ့ ကျနော်တို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဘာမှလည်းပြန်လည် ဖြေရှင်းနေမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
လွှတ်တော်တွင် မေးခွန်းနှင့် အဆိုများတင်သွင်းရာ၌ ဒီချုပ် ပါတီတွင်း စိစစ်ရေးကော်မတီ ဆောင်ရွက်ချက်များသည် လွှတ် တော်ကိုယ်စားလှယ်များအပေါ် နိုင်ငံရေးအရ နှိပ်ကွပ်မှုများ ရှိ နေကြောင်း ဦးဖေချစ်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်များနှင့် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို အခြားသူများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ရာတွင် အားနည်းချက်များ၊ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းကြား မမှန်မကန်တိုင်ကြား မှုများ ရှိနေကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၎င်းအနေဖြင့် လွှတ်တော် ကိုယ်စားလှယ် သက်တမ်းသုံးနှစ် အတွင်း ကြယ်ပွင့်ပြမေးခွန်း ၅ ခု နှင့် အဆို ၃ ခုတင်ပြသော်လည်း ပါတီတွင်းကော်မတီ၏ စိစစ်မှုကြောင့် ကြယ်ပွင့်ပြမေးခွန်း ၃ ခုနှင့် အဆို ၁ ခုသာ တင်သွင်းခွင့်ရကြောင်း ဦးဖေချစ်ကပြောသည်။
ယင်းကဲ့သို့ ပါတီမှ နုတ် ထွက်မှုများ ရှိနေသော်လည်း ပါတီ၏ စည်းကမ်းပိုင်းနှင့်ပတ်သက်၍ ဖြေလျှော့မှုများ ပြုလုပ်ရန် မရှိကြောင်းနှင့် မူလ စည်းကမ်း အတိုင်းသာ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ဦးမျိုးညွန့်က ဧရာဝတီသို့ ပြောသည်။
NLD ပါတီမှ နုတ်ထွက်သွားသော လွှတ်တော်ကိုယ်စားလှယ်များမှာ အထက်ပါနှစ်ဦးနှင့် မအူပင်မြို့နယ် ကိုယ်စားလှယ် ဦးစိန်ဝင်း အပါအဝင် ၄ ဦးရှိကြောင်း၊ ပါတီစည်းကမ်း ထိန်းသိမ်းရေး အနေဖြင့် လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးခန့် ကို အရေးယူထားကြောင်း ဒေါက်တာမျိုးညွှန့်၏ ပြောကြားချက်အရ သိရသည်။