သတင်း

မန္တလေးတွင် သိမ်းငှက် စီမံချက် အပြီး လုံခြုံရေး ဆက်လက် တိုးမြှင့်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ လုံခြုံရေး အတွက် သိမ်းငှက် စီမံချက် အမည်ဖြင့် ရက် ၉၀ ကြာ လုပ်ဆောင်ခဲ့ပြီးနောက် လုံခြုံရေး အစီ အစဉ် များကို ဆက်လက် တိုးမြှင့်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မြို့လုံခြုံရေးနှင့် တည်ငြိမ်ရေး အစီအမံအဖြစ် ရဲကင်းရုံ (Police Box) ၄၅ ရုံကို ဆက်လက် တည်ဆောက်လျက် ရှိသည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး မြင့်ဦးက ပြောပြသည်။

သိမ်းငှက် စီမံချက်ကို ဇွန်လ ၂၅ ရက်မှ စက်တင်ဘာလ ၂၃ ရက်အထိ ရက် ၉၀ ကြာ ပြုလုပ်ခဲ့ရာတွင် ရဲကင်း ရုံ ၅ ရုံနှင့် ခေါက်သိမ်းနိုင်သော ယာယီတဲများကို အသုံးပြုခဲ့ရာ စီမံချက်အပြီး ကာလတွင် ယာယီတဲများနေရာ၌ ရဲကင်းရုံများ အစားထိုးကာ လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရဲမှုးကြီး မြင့်ဦးက”ကျနော်တို့မြို့က အခြားမြို့တော်တွေလို မဟုတ်ဘဲ ဆိုင်ကယ်တွေ အများအပြား အသုံးပြုနေတဲ့ အတွက် ကြောင့် မှုခင်းတွေ အလွယ်တကူ ဖြစ်ပွားတာမျိုးတွေ ရှိပါတယ်၊ ဒါကြောင့် တိုင်းအစိုးရအဖွဲ့ကနေ မူရင်းရှိပြီးတဲ့ Police Box ၅လုံးအပြင် စီမံချက်ကာလမှာ ရပ်ကင်းအဖြစ် ဆောင်ရွက်ခဲ့တဲ့ နေရာ၅၀ အတွက် လိုအပ်တဲ့ ၄၅ လုံးကို တည်ဆောက် ပေးနေပါတယ်”ဟု ပြောသည်။

အဆိုပါ ရဲကင်းရုံ တရုံလျှင် ကျပ် ၈၄၀၀၀ ခန့် ကုန်ကျမည်ဖြစ်ကာ ရုံ ၄၅ ရုံအတွက် ကျပ် ၃၈၀သိန်းခန့် ကုန်ကျမည် ဖြစ်ရာ ယင်း ကုန်ကျငွေကို တိုင်းဒေသကြီး အစိုးရရန်ပုံငွေမှ သုံးစွဲမည်ဖြစ်ပြီး တည်ဆောက်ခြင်း လုပ်ငန်းများကို စက်တင်ဘာလ ၂၄ ရက်ကတည်းက စတင်နေပြီ ဖြစ်သည်ဟု ဆိုသည်။

ရဲကင်းရုံ တရုံလျှင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင် တဦး၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် နှစ်ဦး၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့မှ နှစ်ဦး၊ စုစုပေါင်း ငါးဦး ပါရှိမည် ဖြစ်ကြောင်း သိရသည်။

ထပ်တိုး တည်ဆောက်မည့် ရဲကင်းရုံများကို အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး မြို့နယ်များတွင် ၇ ရုံစီ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ မြို့နယ်များတွင် ၆ ရုံစီနှင့် အမရပူရ မြို့နယ်တွင် ၅ ရုံစီ ထားရှိမည် ဖြစ်သည်ဟု ရဲ တပ်ဖွဲ့က ပြောသည်။

ယခင်က မြို့လုံခြုံရေး အတွက် လှုပ်ရှားရဲကင်း ၇၁ နေရာထားရှိကာ နယ်မြေခံရဲတပ်ဖွဲ့ဝင်များဖြင့်သာ ဆောင်ရွက်ခဲ့ရာမှ သိမ်းငှက် စစ်ဆင်ရေး ကာလတွင် မြို့၏ နေရာပေါင်းစုံ၌ ရပ်ကင်းနေရာ ၅၀ ကို ထပ်မံဖြည့်တင်း၍ လုံခြုံရေး တပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့အင်အားများကို သုံးစွဲခဲ့သည်ဟုလည်း ဆိုသည်။

“စီမံချက်စတုန်းက လှုပ်ရှား ရဲကင်းတွေမှာ Police Box ၅လုံးပဲ ရှိခဲ့တာပါ။ လက်ရှိအချိန်မှာ ရပ်ကင်းဆိုပြီး နေရာ ၅၀ ထား ရှိ ထားပါတယ်။ အဲဒီတော့ ၄၅လုံးကို ထပ်မံ ဖြည့်ဆည်းပေးရမှာပါ။ အဲဒီ ၄၅ လုံး ထပ်မံ ဖြည့်ဆည်းပေးဖို့ အတွက် တိုင်းဒေသ ကြီးအစိုးရကနေ စီစဉ်ဆောင်ရွက်ပေးတာပါ”ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်က ပြောသည်။

လတ်တလော ရဲကင်းရုံများ တည်ဆောက်ဆဲ ကာလတွင် ယာယီတဲများဖြင့်သာ မြို့လုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေဦးမည် ဖြစ်သည်ဟု ဆိုသည်။

သိမ်းငှက် စစ်ဆင်ရေး စီမံချက် ကာလအတွင်း ကြိုတင်ကာကွယ်မှု ၃၈၃၂ မှု၊ လက်နက်ပုန်းမှု ၇၄ မှု၊ မူးယစ်ဆေးဝါးမှု ၁၅၈ မှု၊ ခိုး/ဆိုး/လု/နှိုက်မှု ၂၂၅ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် တရားခံပေါင်း ၄၆၈၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲ တပ်ဖွဲ့၏ ကိန်းဂဏန်းများ အရ သိရသည်။

လက်ရှိ မန္တလေးမြို့တွင် လူဦးရေ ၁၆ သိန်းခန့် နေထိုင်လျက်ရှိကာ ခရိုင်ရဲတပ်ဖွဲ့ဝင်အင်အားမှာ ၁၁၅၀ ရှိသည့် အတွက် ရဲနှင့် ပြည်သူအချိုးမှာ ၁ း ၁၃၆၉ ဖြစ်နေသည်။

မန္တလေးမြို့ခံ စာရေးဆရာ သိုက်ထွန်းသက်က”မန္တလေးမြို့ဟာ အရင်က ဒီလိုအခြေအနေမျိုး မဟုတ်ပါဘူး၊ သတ်ဖြတ်မှု တွေ လုယက်မှုတွေရဲ့နောက်ကွယ်မှာ မူးယစ် ဆေးဝါးကိစ္စတွေလည်း ပါနေတယ်လို့ ထင်တယ်၊ ကျူးလွန်တဲ့ ဒုစရိုက် သမား တွေကိုလည်း အမြန်ဖော်ထုတ်ပြီး ဥပဒေနဲ့ အညီ ပြင်းထန်တဲ့လအရေးယူမှုတွေလုပ်ဖို့ လိုပါတယ်၊ ပြစ်မှုကျုးလွန် သူတွေကို ကြည့်လိုက်မယ်ဆိုရင် ၁၉၊ ၂၀ ဝန်းကျင် ကလေးတွေက ပိုများတယ်၊ ပြီးတော့ မိလာတဲ့ တရားခံတွေ အပေါ်မှာ လည်း ထိရောက်သော ဥပဒေတွေ ချမှတ်ပေးပါ၊ အကြောက်တရားရှိအောင် လုပ်ပေးပါ၊ အကြောက်တရားရှိမှ မကောင်းမှု တွေ လျော့နည်းမယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

မန္တလေးရှိ အွန်လိုင်း ပရဟိတ Family မှ ကိုဟန်ဇော်ကလည်း နေ့ခင်းဘက်ထက် ညဘက်များတွင် လုံခြုံရေး ပိုစိုးရိမ်ရ ကြောင်း ပြောဆိုသည်။

“အဓိကပိုဆိုးတာက နေ့ခင်းထက် ညပေါ့လေ၊ ညနည်းနည်း နေဝင်ပြီ ဆိုတာနဲ့ သွားရလာရတာ နောက်ကျောမလုံဘဲ အရမ်း စိုးရိမ်နေရတယ်၊ ဒါတွေဟာ မန္တလေး မြို့ပုံရိပ် ကျဆင်း နေရတဲ့ ကိစ္စတွေပါ၊ မန္တလေး အနေအထားနဲ့ဆိုရင် ဒါတွေ က လုံး၀ မဖြစ်သင့်တဲ့ ကိစ္စတွေ၊ သံသယဖြစ်စရာ ကောင်းတာ က ပယောဂတွေများ ပါနေသလားပေါ့၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ အခုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြည်သူ့လုံခြုံရေး ကို အလေးပေး ဆောင်ရွက်လာတဲ့ အပေါ်မှာတော့ ဝမ်းသာရပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။

ရဲမှူးကြီး မြင့်ဦး က ပြစ်မှု ဖြစ်ပွားပါက ယခု ဆက်လက် ဆောင်ရွက်နေသော ရဲကင်းများကို အခြေပြုပြီး ချက်ချင်း ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပြောသည်။

“Police Box တွေမှာ အခြေပြုပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ အပြင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေ၊ အရန်မီးသတ် အဖွဲ့တွေနဲ့ ရပ်ကင်းထားပြီးတော့ ဆက်သွယ်ရေးစနစ် အကူအညီတွေ သုံးပြီးတော့မှ ပြစ်မှုဖြစ်ပွားလာရင် ချက်ချင်းဖော် ထုတ်နိုင်အောင် အစီအမံတွေ လုပ်သွားမယ်။ ပြည်သူတွေအနေနဲ့ သတင်းပေးလို့ရနိုင်တဲ့ စခန်း ငယ်လေး တခုဖြစ်အောင် အထိ လုပ်ပေးသွားပြီး မှုခင်းတွေ လျော့နည်းနိုင်သမျှ လျော့နည်းအောင် တားဆီးဆောင်ရွက် သွားမယ်”ဟု ရဲမှူးကြီး မြင့်ဦး က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading