ပြိုင်ဘက် ထိုင်းအမျိုးသမီးကို အနိုင်ယူကာ မြန်မာပရိသတ်များအတွက် ဂုဏ်ယူနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၆ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ – MMA တွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးဖိုက်တာ အန်တိုနီယာက ပြောသည်။
ONE: Kingdom of Heroes အမည်ဖြင့် ပြုလုပ်မည့် ယင်းပြိုင်ပွဲနှင့် ပတ်သက်၍ ဘန်ကောက်မြို့တွင် အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ပရိသတ်နှင့် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုင်းပြိုင်ဘက် Rika Ishige နှင့် ထိုးသတ်မည့် ပွဲသည် အန်တိုနီယာအတွက် ပြည်ပတွင် ပထမဦးဆုံး ထိုးသတ်မည့် MMA ပွဲလည်း ဖြစ်သည်။
အန်တိုနီယာ က “Rika က ကျမအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ ကျမ အဓိက Boxing ကစားသမားဖြစ်ပေမယ့် MMA မှာက အားကစားနည်းပေါင်းစုံ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ကျန်တဲ့အားကစားနည်းတွေကိုလည်း လေ့လာပြီး သင်ယူနေပါတယ်။ လူကိုယ်တိုင် လာရောက်ပြီး အားမပေးနိုင်ပေမယ့် အဝေးကနေအားပေးတဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူနိုင်မယ့်ရလဒ်မျိုးရအောင် ကြိုးစားပါမယ်လို့ မြန်မာပြည်က ပရိသတ်တွေကို ပြောချင်ပါတယ်။ ဒီပွဲက ကျမရဲ့ပထမဦးဆုံး ပြည်ပပွဲဖြစ်လို့ ကျမ ရှေ့ဆက်လျှောက်ရမယ့်ဘဝအတွက် သိပ်ကိုအရေးပါပါမယ်”ဟု ပြောသည်။
အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်း-ဂျပန်နွယ်ဖွား Rika သည် အာခီတိုနှင့် ကရာတေးအားကစားကို ကျွမ်းကျင်သူဖြစ်ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ၌ နိုင်ပွဲများရရှိကာ အတွေ့အကြုံကောင်းများ ရှိထားသူဖြစ်သည်။
Rika Ishige က “ကျမ ဒီပွဲကိုအနိုင်ရလိမ့်မယ်လို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားပါတယ်။ အန်တိုနီယာက တိုက်ခိုက်ပုံ သိပ်ကောင်းတဲ့သူပါ။ သူက သန်လည်းသန်မာပါတယ်။ ကျမတို့နှစ်ယောက်ရဲ့ပွဲက သိပ်ကို ကြည့်လို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ ကျမက သူ့ထက်အတွေ့ အကြုံရှိတဲ့သူဆိုတာ မှန်ပေမယ့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမားဘဝမှာ ကျမ ၅ ကြိမ်ပဲ ထိုးသတ်ဖူးပါသေးတယ်။ သူကလည်း အရင်က ပြိုင်ပွဲဝင်ဖူးတာတွေရှိတာကြောင့် ဒီပွဲက မျှတတဲ့ပွဲပါပဲ။ ကျမရဲ့ မွေးရပ်မြေမှာ တတိယအကြိမ်မြောက် ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်လို့ ကျမ သိပ်ကိုစိတ်လှုပ်ရှားနေမိပါတယ်”ဟု ပြောကြားသည်။
National Boxing Champion နှစ်ထပ်ကွမ့်း ချန်ပီယံဖြစ်သည့် အန်တိုနီယာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြည်တွင်းတွင် ပြုလုပ်သည့် အက်တန်ဝိတ်တန်း (Atom weight) MMA ပြိုင်ပွဲ၌ ပြိုင်ဘက်ဖြစ်သူ ရွှေစင်အား ၂၄ စက္ကန့်အတွင်း အနိုင်ယူခဲ့ဖူးသူလည်း ဖြစ်သည်။
အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်မည့် ONE: Kingdom Of Heroes ပြိုင်ပွဲတွင် ပွဲစဉ် ၁၄ ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အဓိက ပွဲစဉ်တပွဲအနေဖြင့်လည်းThe Ring Magazine နှင့် WBC စူပါဖလိုင်းဝိတ်ချန်ပီယံ ထိုင်းနိုင်ငံသား Rungvisai နှင့် ၎င်းအား စိန်ခေါ်သူ Diaz တို့ ထိုးသတ်သွားမည်ဖြစ်သည်။
စိန်ခေါ်ခဲ့ရသူ Rungvisai က “ ကျနော့်ရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်သွားဖို့၊ ပြိုင်ဘက်ဖြစ်တဲ့ Diaz ကို အနိုင်ထိုးသတ်သွားဖို့ ကျနော် ကိုယ်စွမ်းရှိသလောက် ကြိုးစားသွားမှာပါ၊ အခုတော့ စကားတွေအများကြီး ပြောရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကြိုးဝိုင်းထဲမှာ စွမ်းရည်ပြရတော့မယ့် အချိန်ပါ”ဟု ပြောသည်။
Diaz ကမူ ပြိုင်ဘက်ဖြစ်သူ၏ မြေပေါ်တွင် အနိုင်ထိုးသတ်ကာ ချန်ပီယံဆုကို ရယူသွားရန် အဆင်သင့် ပြင်ထားကြောင်း ပွဲမတိုင်ခင်ပြုလုပ်သည့် ပရိသတ်မိတ်ဆက်ပွဲ၌ ကြွေးကြော်ထားသည်။
“ဒီပွဲကနေ ချန်ပီယံသစ်အနေနဲ့ အောင်မြင်မှုဆွတ်ခူးဖို့ မျှော်လင့်ထားပါတယ်။ မလွယ်ကူမှန်းသိပေမယ့် အနိုင်ရဖို့ အတွက် ဘာမဆိုလုပ်သွားမှာပါ။ ပြိုင်ဘက်နယ်မြေထဲ ဝင်လာခဲ့ပေမယ့် အနိုင်ယူနိုင်တဲ့စွမ်းရည် အပြည့်ရှိတယ်လို့ ယုံကြည်ပါတယ်”ဟု Diaz က ပြောသည်။
ယခု MMA ပြိုင်ပွဲကို ဦးစီးပြုလုပ်သည့် ONE Champion အနေဖြင့် ပရိသတ်မိတ်ဆက်ပွဲတွင် ONE Super App ကို တရားဝင် မိတ်ဆက်ပေးခဲ့သေးသည်။
ယင်း App ကို အသုံးပြု၍ ONE Champion မှ ပြုလုပ်သည့် MMA ပွဲများကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များကိုလည်း တစုတစည်းတည်း ဖော်ပြထားမည် ဖြစ်သည်။