ထိုင်းနိုင်ငံ ဒွန်းမောင်းနိုင်ငံတကာလေဆိပ်၌ တရုတ်ပြည်မှ လာသည့် ခရီးသည်တဦးကို လုံခြုံရေး ဝန်ထမ်းက ရိုင်းပျစွာ ထိုးကြိတ်မှု ဖြစ်ပြီးနောက် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက တရုတ် ခရီးသွားများ၏ ယုံကြည်မှု ပြန်လည် ရရှိစေရေး အဆောတလျင် လုပ်ဆောင်ရန် သက်ဆိုင်ရာ ဌာန များသို့ စိုးရိမ်တကြီး အမိန့်ပေးလိုက်သည်။
ပြီးခဲ့သည့် တပတ် ကြာသပတေးနေ့က ဘန်ကောက်မြို့ရှိ ဒွန်းမောင်းလေဆိပ်တွင် တရုတ်အမျိုးသား တဦးအပေါ် ထိုင်း လုံခြုံရေးဝန်ထမ်းက တွန်းထိုးဆွဲဖယ်သည့် ဗီဒီယိုဖိုင်ပျံ့နှံ့သွားပြီးနောက် အထက်ပါအတိုင်း ဝန်ကြီးချုပ် ပရာယွဒ်၏ ညွှန်ကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က စိတ်မကောင်းကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ တရုတ်တွေ ရဲ့ သဘောထား ကိုလည်း သူ စိုးရိမ်နေပါတယ်တဲ့” ဟု အစိုးရပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး Sansern Kaewkamnerd က တနင်္ဂနွေနေ့တွင် ပြောသည်။
ထိုင်း လုံခြုံရေးဝန်ထမ်း၏ အပြုအမူကို တရုတ်မီဒီယာများက ရိုင်းပျလွန်းကြောင်း မှတ်ချက်ချခဲ့ ကြပြီး အင်တာနက် ပေါ်တွင်လည်း ဝေဖန်မှုများ ကျယ်လောင်ခဲ့သည်။
“အခုလို စော်ကားမော်ကားပြုမှုတာဟာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်” ဟု ထိုင်းအစိုးရပြောခွင့်ရသူက ဖြည့်စွက်ပြောသည်။
အခင်းဖြစ်ပွားစဉ် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းအရ ထိုင်းလုံခြုံရေးဝန်ထမ်းက တရုတ်အမျိုး သားတဦးနှင့် ရန်ဖြစ် စကားများလျက် လက်သီးနှင့် မထိုးမီ တရုတ်၏မျက်နှာဆီသို့ သူ့လက်ကို မြှောက်လိုက်သည့် အနေအထား တွေ့မြင်ခဲ့ရပြီး တခြားသော လေဆိပ်လုံခြုံရေးတဦးက အခြေအနေ ကို ထိန်းသိမ်းရန် မကြိုးစားမီ တရုတ်အမျိုးသားမှာ ထိုင်းလုံခြုံရေး၏ လက်သီးချက်ကို အားထုတ် တိမ်းရှောင်ခဲ့သည်။
ဒေါသထွက်နေသော တရုတ်အမျိုးသားက ထိုင်းလုံခြုံရေးအား လက်ညိုးထိုး အော်ဟစ်လျက်သားဖြင့် အဆိုပါဗီဒီယိုဖိုင် ထဲတွင် တွေ့ခဲ့ရသည်။
Video credit – Fabrications About The PAP / Facebook
“ခရီးသည်ဘက်က သူ ထိုင်းမှာ ဘယ်မှာ တည်းတယ်ဆိုတာ အထောက်အထား မပြနိုင်တာမျိုး၊ ကြပ်မတ်ရေး အခန်း သွားဖို့ ငြင်းတာမျိုး၊ အစိုးရဝန်ထမ်းကို မလျော်မကန် လုပ်တာမျိုး ဖြစ်စေဦး တော့ ၊ ဒီလုံခြုံရေးဝန်ထမ်းက သူ့စိတ်သူ ထိန်းနိုင်ရမယ်၊ နိုင်ငံတကာယဉ်ကျေးမှုနဲ့အညီ ဆက်ဆံ တတ်ရမယ်လို့ ဝန်ကြီးချုပ်က ယူဆပါတယ်” ဟု ဒု ဗိုလ်ချုပ်ကြီး Sansern Kaewkamnerd ကပြောသည်။
ဒွန်းမောင်းလေဆိပ်ညွှန်ကြားရေးမှူး လေကြောင်းအရာရှိချုပ် စုသီရာဝပ် စုဝမ်ဝပ်နှင့် လုံခြုံရေး ညွှန်ကြားရေးမှူးကို ယင်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးရန် နှောင့်နှေးမှုကြောင့် အလုပ်မှ ရက်ပေါင်း ၃၀ ဆိုင်းငံ့ထားလိုက်ကြောင်း ထိုင်း လေဆိပ်များဌာနက ကြေညာသည်။
ဖြစ်စဉ်တွင် အဓိကပါဝင်ခဲ့သူ လုံခြုံရေးဝန်ထမ်းကိုလည်း လက်ရှိထမ်းဆောင်နေဆဲ တာဝန်မှ ဆိုင်းငံ့ လိုက်ပြီး ၎င်း၏အပြုအမူသည် ပြစ်မှုကြီးလေးသဖြင့် စုံစမ်းစစ်ဆေးပြီးပါက အလုပ်မှထုတ်ပစ်နိုင်ဖွယ် ရှိသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် တာဝန်မကင်းသဖြင့် ထိခိုက်နစ်နာသူအတွက် လျော်ကြေးပေးမည် ဖြစ်ပြီး တရုတ်သံရုံး သို့လည်း မေတ္တာရပ်ခံတောင်းပန်လွှာပေးပို့သွားမည်ဖြစ်ကြောင်း စုသီရာဝပ်က စနေနေ့က ပြောသည်။
အဆိုပါတရုတ်ခရီးသည်၏ အမည်မှာ မဲဂျီဟု သိရပြီး ဂျာကာတာမှ လေကြောင်းခရီးဖြင့် ရောက်ရှိ လာသူဖြစ်ကြောင်း၊ တည်းခိုမည့်နေရာ မပြနိုင်ခြင်းနှင့် တည်းခိုစရိတ်မရှိသဖြင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ငြင်းပယ်ခံရပြီးဖြစ်ကြောင်း လေဆိပ်အာဏာပိုင်များက ပြောသည်။
၎င်းအား အခန်းတခန်းတွင် စောင့်ဆိုင်းရန်လည်း ပြောသော်လည်း သူက ငြင်းဆန်ခဲ့ကြောင်း ၎င်း သည် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်မရ၍ ပြန်လည် ထွက်ခွာသွားခဲ့သော်လည်း ယင်းအဖြစ် အပျက်နှင့် ကြုံကြိုက်သူက လက်ကိုင်ဖုန်းဖြင့် အခင်းဖြစ်စဉ်ကို ရိုက်ကူးကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ထိုင်းအတွက် အကြီးမားဆုံး ခရီးသွားလုပ်ငန်းရင်းမြစ်ဖြစ်ပြီး ယမန်နှစ်က ထိုင်းနိုင်ငံသို့ လာရောက်သည့် ခရီးသွားအရေအတွက် ၃၅ သန်း၏ လေးပုံတပုံမှာ တရုတ်လူမျိုး များဖြစ်ကြသည်။
ဇူလိုင်လက ဖူးခက်ကျွန်းတွင် လူ ၅၀ နီးပါး အသက်ဆုံးခဲ့ရသည့် စက်လှေမှောက်မှုဖြစ်စဉ်ကြောင့် ထိုင်းသို့လာသည့် တရုတ်ခရီးသွား အရေအတွက်မှာ ရုတ်ချည်းကျဆင်းသွားခဲ့သဖြင့် ထိုင်းအာဏာပိုင်က အလားတူ အဆောတလျင် အရေးယူတုံ့ပြန်ခဲ့သည်။