ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် နေထိုင်သူ ၅ ဦးအား ဖမ်းဆီးစစ်ဆေးနေသည့်အမှုမှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် တဦး သေဆုံးသည့်ကိစ္စနှင့် ပတ်သက်မှုမရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးက ပြောသည်။
စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပသော ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား အပြီးတွင် မီဒီယာများမှ မေးမြန်းရာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးကြည်လင်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရဲမှူးကြီး ကြည်လင်း က “မနေ့က ဖမ်းတာက သီးခြားပါ။ ဒါတွေက ကျနော်တို့ နယ်မြေထဲမှာ ထိန်းသိမ်းတယ် ဆိုတာက ဒုစရိုက်မှုနဲ့ ပတ်သက်တယ်လို့ ကွင်းဆက်တွေကြားရလို့ရှိရင် ထိန်းသိမ်းမယ်။ စစ်ဆေးမယ်။ သံသယ ရှိလို့ အဲဒီလို စစ်ဆေးတဲ့ အခါမှာလည်း ဥပဒေ လုပ်ထုံး၊ လုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမယ်” ဟု သတင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။
စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် နေထိုင်သူ မြို့ခံ ၅ ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ အမှတ် ( ၂ ) နယ်မြေ ရဲစခန်းက လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
မြို့ခံ ၅ ဦး ဖမ်းဆီးစစ်ဆေးခံနေရသည့် အကြောင်း အရင်းနှင့် ပတ်သက်၍ ဧရာဝတီ ၏ မေးမြန်းမှုအပေါ် ပြည်နယ်ရဲမှူးကြီး က “အစုံပါပဲ။ ပြောလို့ရတဲ့ အချိန် ကျနော်တို့ထုတ်ဖော်ပြောပါမယ်။ မြို့ပေါ်နဲ့ပတ်သက်တဲ့ လုံခြုံရေးပိုင်းဆိုင်ရာရော၊ မူးယစ် ဆေးဝါး ပိုင်းနဲ့ဆိုင်ရာရော သံသယရှိသူတွေကို ခေါ်ပြီးစစ်နေပါတယ်။ စစ်ဆေးတဲ့အပိုင်းမှာ လူအခွင့် အရေး စံနူန်းကို ကျော်လွန်လို့ မရပါဘူး။ အဲဒီလောက်ပါပဲ” ဟု ဖြေကြားခဲ့သည်။
စစ်တွေမြို့ခံ ၅ ဦးအား ဖမ်းဆီးစစ်ဆေးနေမှုနှင့် ပတ်သက်ပြီး အမှတ် (၂) နယ်မြေစခန်းမှူး ရဲအုပ် အေးကျော်အား တွေ့ဆုံးမေးမြန်းခဲ့ရာတွင်လည်း ယင်းမြို့ခံ ၅ ဦးအား ဖမ်းဆီးစစ်ဆေးခြင်းမှာ စရဖ တပ်ဖွဲ့ဝင် တဦးသေဆုံးသည့်ကိစ္စနှင့် မပတ်သက်ကြောင်း ၊ မည်သည့်ကိစ္စကြောင်း ဖမ်းဆီး စစ်ဆေးနေခြင်း ဆိုသည်ကို အထက်ညွန်ကြားချက် မရှိသဖြင့် ပြောဆို၍မရကြောင်း တုန့်ပြန်ဖြေကြားသည်။
စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် တဦးသေဆုံးသည့် အမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် တရားခံအား လိုက်လံရှာဖွေလျှက်ရှိပြီး သံသယ ဖြစ်ဖွယ်ရာ အားလုံးကိုလည်း စောင့်ကြည်လျှက်ရှိကြောင်း မကြာမီ ဖော်ထုတ်နိုင်တော့မည်ဖြစ်ကြောင်း ပြည်နယ်ရဲမှူးကြီးက ဆိုသည်။
ရဲမှူးကြီး ကြည်လင်းက “တခြား အဖွဲ့အစည်းတွေနဲ့များ ပတ်သက်နေသလား။ တခြားလောက သားတွေနဲ့များ ဘယ်လို ပတ်သက်နေသလဲ။ ဒါကိုလည်း သံသယ ဆိုတာနဲ့ အားလုံးကို လိုက်ကြည့်နေ တာပေါ့။ အခုကတော့ ဖော်ထုတ်ဆဲပဲ ဖြစ်တယ်။ မကြာခင်မှာတော့ ဖော်ထုတ်နိုင်မယ်လို့ ယူဆတယ်” ဟု သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ယင်းဖမ်းဆီး စစ်ဆေးနေသည့် မြို့ခံ ၅ ဦးကို စစ်တွေမြို့မစခန်းတွင် ထိန်းသိမ်းစစ်ဆေး လျှက်ရှိပြီး ဧရာဝတီမှ စုံစမ်းချက်အရ ၎င်းတို့ကို မောင်တောမြို့နယ်အတွင်းက မူးယစ်ဆေးဝါး အမှုတခုတွင် ကွင်းဆက် သံသယ တရားခံများအဖြစ် ဖမ်းဆီးစစ်ဆေးရန် ရဲတပ်ဖွဲ့က ယနေ့ စစ်တွေမြို့နယ် တရားရုံးတွင် ရမန်ယူခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့လယ် ဝင်္ကဘာကွင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၉ နာရီ အချိန်ခန့်က စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် ဝင်းထိုက် (ခ) ဖိုးလုံ ဆိုသူမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး သေနတ်သမားကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပေ။
ဆက်စပ်ဖတ်ရှုရန် – စစ်တွေ၌ စရဖ တပ်ဖွဲ့ဝင် တဦး ပစ်သတ်ခံရ