ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၃၆ ဘီလီယံ (ကျပ်သန်းပေါင်း ၃၆၀၀၀) ကျော် အသုံးပြုမည်ဟု တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ ပမာဏကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနမှတစ်ဆင့် ထုတ်နုတ်သုံးစွဲမည်ဖြစ်ကာ တိုင်းဒေသကြီးအစိုးရ ဘက်ဂျက်စုစုပေါင်း၏ ၃၅ ဒသမ ၇၇ ရာခိုင်နှုန်း ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းဌေးက “နံပါတ်တစ် ဦးစားပေးကတော့ လမ်းပန်းဆက်သွယ်ရေး ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာက လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ လမ်းတွေကတချို့နေရာတွေ ကျဉ်းတယ်၊ တချို့နေရာတွေ အရည်အသွေးနိမ့်ကျနေတယ်။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် ကျပ်သန်းပေါင်း ၃ သောင်း ၆ ထောင်ကျော် အသုံးပြု ဆောင်ရွက်ဖို့ လျာထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်ကမူ လမ်းပန်းသွယ်ရေး ကဏ္ဍအတွက် ကျပ် ၆၄ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၆၄၀၀၀ ကျော်) အသုံးပြုခဲ့ပြီး လမ်းဟောင်းများ အဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်ဖောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
ယခင်နှစ်ထက် ဘက်ဂျက်ထက်ဝက်ခန့် လျော့ချသုံးစွဲမည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအတွက် တည်ဆောက်ရေး လုပ်ငန်းများအပေါ် အစိုးရကိုယ်တိုင် ကြီးကြပ်သည့် အစီအမံများ ထားရှိသင့်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက သုံးသပ်ပြောဆိုမှုများ ရှိသည်။
ဧရာဝတီတိုင်း ပုသိမ်-ရန်ကုန်လမ်း ကို ယခင်က ခင်းခဲ့မှုများသည် လမ်းအရည်အသွေး ကောင်းမွန်မှုမရှိသဖြင့် အမြန်ပျက်ပြီး ထိုကဲ့သို့ လမ်းပျက်စီးမှုများကြောင့်ပင် အသက်ပေါင်းများစွာ စတေးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံယူမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ – MATA ၏ ဧရာဝတီတိုင်းကိုယ်စားလှယ် ဦးသန်းထွန်းနိုင် က ပြောသည်။
ဦးသန်းထွန်းနိုင် က “ပုသိမ် – ရန်ကုန်လမ်းဆိုရင် လူတွေရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတာ ထင်ရှားတဲ့ သက်သေပါပဲ။ ပြီးတော့ ပုသိမ်မြို့ထဲမှာ လမ်းခင်းတာ တနှစ်တောင်မခံဘဲ ပြန်ပျက်တာတွေ ဖြစ်ခဲ့တယ်။ ဒီအဖြစ်အပျက်တွေက တိုင်းပြည်ဘဏ္ဍာ လေလွင့်သလို အစိုးရပုံရိပ်ကိုလည်း ကျဆင်းစေတယ်။ ဒါကြောင့် ဒါတွေကိုနမူနာယူပြီးတော့ လမ်းတွေကို အဆင့်မြှင့်တင်ရာမှာ အစိုးရအနေနဲ့ သေချာကြီးကြပ်စေချင်တယ်။ လမ်းတည်ဆောက်တဲ့ဌာနဆိုင်ရာ၊ ကုမ္ပဏီတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှု ရှိအောင် လုပ်ဆောင်စေချင်တယ်” ဟု ထောက်ပြသည်။
ထို့ပြင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်မည့် လုပ်ငန်းစဉ်များနင့် ပတ်သက်၍လည်း အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများကို ချပြရှင်းလင်းသင့်ကြောင်းနှင့် သို့မှသာလျှင် အကောင်အထည်ဖော်မည့် ဌာနဆိုင်ရာနှင့် တင်ဒါအောင် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကဲဖြတ်နိုင်မည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။
တိုင်းအစိုးရက ရေးဆွဲက ဧရာဝတီတိုင်းလွှတ်တော်က အတည်ပြုပေးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းဥပဒေတွင် လယ်ယာ၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများအတွက် ငွေကျပ် ၁၀၁ ဒသမ ၃၄၅ ဘီလီယံ အသုံးပြု ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။