သတင်း

အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုကြား ကုန်သွယ်ရေးစာချုပ်သစ် ချုပ်ဆိုရန်သဘောတူ

Want create site? Find Free WordPress Themes and plugins.

မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (NAFTA )ကို အစားထိုးမည့် ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေး စာချုပ်သစ်သည် မြောက်အမေရိကကို ကုန်ထုတ်လုပ်မှု အဓိကဒေသ ဖြစ်လာစေပြီး အမေရိကန် စီးပွားရေးတိုးချဲ့ခြင်းကို တွန်းအားပေးမည့် သမိုင်းဝင်စာချုပ်ဖြစ်ကြောင်း ထရမ့်က ယမန်နေ့က ပြောသည်။

အမေရိကန်ပြည်ထောင်စု-မက္ကဆီကို-ကနေဒါ သဘောတူညီချက် သစ်(USMCA) တွင် ကုန်သွယ်မှု ဒေါ်လာ ၁.၂ ထရီလျှံ တန်ဖိုးအကျုံးဝင်ပြီး “လက်ရှိအချိန်အထိ မိမိပြုလုပ်နိုင်ခဲ့သည့် အရေးအပါဆုံး ကုန်သွယ်ရေး သဘောတူညီချက်” ဖြစ်သည်ဟု အိမ်ဖြူတော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွက် သမ္မတထရမ့်ကပြောသည်။

ထိုသဘောတူညီချက်ကို နောက်ဆုံးရက်ချိန်းဖြစ်သည့် စက်တက်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင် မတိုင်မီတွင် ပထမဆုံး ထုတ်ပြန်ကြေညာခဲ့သဖြင့် နှစ်ပေါင်း ၂၅ နှစ်သက်တမ်းရှိ NAFTA ကို ဖျက် သိမ်းသည့် ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ် ပေါ်နေသော တနှစ်ကြာ တင်းမာသော ဆွေးနွေးမှုများ အဆုံးသတ်သွားသည်။

အိမ်နီးချင်းနှစ်နိုင်ငံမှသည် တရုတ်နှင့် ဥရောပသမဂ္ဂတို့နှင့်ပါ ချုပ်ဆိုထားသည့် သက်တမ်းရှည် ကြာ လှပြီဖြစ်သော ကုန် သွယ်ရေး သဘောတူညီချက် များကို သမ္မတထရမ့်က အပြင်းအထန် ရုတ်သိမ်း လိုက်သောကြောင့် ကမ္ဘာ့ခေါင်းဆောင် များအကြား ဆူဆူညံညံဖြစ်ခဲ့ပြီး စီးပွားရေးကမောက်ကမ ဖြစ်မည်ကို စိုးရိမ်များပေါ်ပေါက်ခဲ့သည်။

မမျှတသော သဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းရန် နိုင်ငံများကို ဖိအားပေးရာတွင် ပြင်းထန် သော အခွန်အကောက် များကို အသုံးပြုသည့် နည်းလမ်းသည် မှန်ကန်ကြောင်း နှင်းဆီဥယာဉ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အောင်ပွဲခံသော သမ္မထရမ့်က ပြောသည်။

“အမေရိကန်ပြည်ထောင်စုဟာ ကုန်သွယ်ရေးစာချုပ်တွေကြောင့် တနှစ်ကို ဒေါ်လာ ဘီလျှံ ၈၀၀ နီးပါး ဆုံးရှုံးနေခဲ့တယ်။ တရုတ်နဲ့စာချုပ်တွေ၊ ဥရောပသမဂ္ဂနဲ့ စာချုပ်တွေ၊ နိုင်ငံတိုင်းနဲ့ပဲ။ ဂျပန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံစုံပဲ အခုတော့ ဒါမျိုး ဆက်ဖြစ်ခွင့်မပေးနိုင်တော့ဘူး” ဟု သူပြောသည်။

စာချုပ်သစ် USMCAသည် အချက်အလက် အများအပြားတွင် NAFTA နှင့် အလားတူသော်လည်း အထူးသဖြင့် ကနေဒါ နိုင်ငံက ကန်သတ်ထားသော နို့ထွက်ပစ္စည်းကဲ့သို့ အမေရိကန် လယ်ယာထုတ် ကုန်များအတွက် ပိုမိုလမ်းပွင့်သွား စေသည် ဟု သုတေသီများကဆိုသည်။

ယခု စည်းမျဉ်းသစ်များကို အမေရိကန် မော်တော်ကား ထုတ်လုပ်ရေးလုပ်သားများ၏ ကျွမ်းကျင်မှု တိုးတက်စေရန် ရည်ရွယ်ချမှတ်ထားသည်။

ထုတ်လုပ်သောကားတစင်းစီ၏ ၄၀ ရာခိုင်နှုန်းကို တနာရီလုပ်အားခ ၁၆ ဒေါ်လာရရှိသူများက ထုတ် လုပ်ရမည်ဟု ထို စည်းမျဉ်းသစ်ကဆိုသည်။ အကောက်အခွန်မဲ့ မော်တော်ယာဉ်များတွင်လည်း အမေရိကန် ပစ္စည်းများ ပိုမိုအသုံးပြုရန် လည်း အမေရိကန်နိုင်ငံက ကြိုးစားထားသည်။

“နောက်ဆုံးတော့ ကျနော်တို့ဟာ အမေရိကကို ပထမဦးစားပေး သတ်မှတ်ခဲ့လို့ အမေရိက ပြန်လည် အနိုင်ရ၊ ပြန်လည် လေးစားခံလာရတယ်ဆိုတာကို ဒီသဘောတူညီချက်က ပြသနေတယ်” ဟု သမ္မတထရမ့်က တင်နက်ဆီ ပြည်နယ်မှ သူ့အားထောက်ခံသူများကို ပြောကြားသည်။

ထိုသဘောတူညီချက်သစ်သည် အမေရိကန် ကုမ္ပဏီများအနေဖြင့် ပြည်ပကို မလှမ်းမျှော်ဘဲ ပြည်တွင်း တွင်သာ အလုပ်များ ခန့်ထားရန်အားပေးမည်ဟု လည်း အစောပိုင်းက ထရမ့်ပြောသည်။

“ဒီသဘောတူညီချက်က မြောက်အမေရိကကို ကုန်ထုတ်လုပ်တဲ့ အဓိက ဒေသဖြစ်အောင် ပြန်လုပ် ပေး မယ်။ မမျှတတဲ့ ကုန်သွယ်ရေး ပြဿနာတွေကြောင့် ရေခြားမြေခြားကို ရောက်သွားတဲ့ ထုတ်လုပ် ဖြန့်ချိရေး လမ်းကြောင်းကို ကျနော်တို့ ပြန်ရအောင် USMCA ကလုပ်ပေးနိုင်တယ်” ဟုပြောသည်။

မက္ကဆီကို သမ္မတအဖြစ် ရွေးချယ်ခံထားရသူ အင်ဒရေ မန်နျူရယ် လိုပက် အိုဘရက်ဒါ ကလည်း သဘောတူညီချက် သစ်ကို ကြိုဆိုလိုက်သည်။

“သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပွင့်လင်းသည်းခံတဲ့ သဘောထားရှိတယ်ဆိုတာ ကျနော်ဝန်ခံရမယ်၊ အသိအမှတ်ပြုရမယ်” ဟု ထိုလက်ဝဲနိုင်ငံရေးသမားကပြောသည်။

ထိုစာချုပ်ကို မက္ကဆီကို အထက်လွှတ်တော်က အတည်ပြုရန်လိုမည်ဖြစ်သော်လည်း လွန်ခဲ့သော ဇူလိုင်လက ကျင်းပ သည့် ရွေးကောက်ပွဲတွင် သူ၏ ညွန်ပေါင်းအဖွဲ့သည် အများစုအနေအထား ရထားသည်။

ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးမှာမူ နွားမွေးမြူသူများ၏ ဒေါသကို ရင်ဆိုင်နေရသော်လည်း ထိုသဘောတူ ညီချက်ကို ခြုံငုံသုံးသပ်လျှင် “မိမိတို့နိုင်ငံစီးပွားရေးအတွက် အလေးအနက် အကျိုး ပြုသည်” ၊ “မျိုးဆက်တခုအတွင်း မြောက်အမေရိက အလုပ်သမားများအတွက် အရေးအပါဆုံး တိုးတက်သည့် ပြုပြင်ပြောင်းလဲရေး” ဟုပြောသည်။

ထိုသဘောတူညီချက် သတင်းကြောင့် နံနက်ခင်းနှောင်းပိုင်းတွင် စတော့ဈေးကွက်တက်သွားခဲ့ပြီး နယူးယောက်ရှိ Dow Jones အညွန်းကိန်းမှာ ၁.၀ ရာခိုင်နှုန်းတက်ကာ စံချိန်တင်နီးပါးဖြစ်လာသည်။

သမ္မတ ထရမ့်အတွက်မူ USMCA သည် အမေရိကန် စီးပွားရေးကို အခွင့်ကောင်းယူနေသော နိုင်ငံများအပေါ် ကမ္ဘာတဝန်း တွန်းလှန်မှု၏ နိဒါန်းဖြစ်သည်။

ထို သဘောတူညီချက်သစ်သည် အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေးလုပ်ကိုင်လိုသော ပြည်ပ အင်အားကြီး နိုင်ငံများ အတွက် အခွင့်ထူး ဖြစ်သည်ဟု သမ္မတထရမ့် ကကြေညာသည်

“ကျနော်က မက္ကဆီကိုအကြောင်၊ ကနေဒါအကြောင်းပြောနေတာမဟုတ်ဘူး။ နိုင်ငံတိုင်းကိုပြောနေတာ၊ ဒါဟာ ကျနော်တို့နဲ့ စီးပွားရေးလုပ်ဖို့ တရုတ်နိုင်ငံရဲ့ အခွင့်ထူး တခုဖြစ်တယ်။ ဥရောပ သမဂ္ဂအတွက် အခွင့်ထူးဖြစ်တယ်” ဟု၎င်းက ပြောသည်။

သူ၏သေနင်္ဂဗျူဟာသည် အကျိုးကျေးဇူးများစတင်ဖြစ်ပေါ်လာကြောင်းပြောပြီး “တရုတ်နိုင်ငံ ကလည်း အရမ်းကို ဆွေးနွေး ချင်နေပြီ” ဟုပြောသည်။ တရုတ်နိုင်ငံသည် လတ်တလောတွင် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွား နေသည်။

အလားတူစွာပင် အခွန်အကောက်ဘုရင်ဟု ထရမ့်ကခေါ်သော အိန္ဒိယနိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ် ရေးဆွေးနွေးပွဲများ ချက်ခြင်းစတင်လိုသည်ဟု ထရမ့်ကဆိုသည်။

ယခုသဘောတူညီချက် USMCA ကို အမေရိကန်- ကနေဒါ- မက္ကဆီကို သုံးနိုင်ငံလုံးတွင် ထိုသဘောတူ စာချုပ်ကို လွှတ်တော်များက အတည်ပြုပေးရန်လိုသည်။

သမ္မတ ထရမ့်သည် လာမည့် နိုဝင်ဘာလ ကွန်ဂရက် ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒရှင်များအား သူ၏ သေနင်္ဂဗျူဟာ အောင်မြင်ကြောင်း စတင်စည်းရုံးပြောဆိုနေသည်။ ထိုရွေးကောက်ပွဲတွင် လွှတ်တော်ကို ဒီမိုကရက်တို့က စိုးမိုးသွားပါက USMCA ကို အတည်ပြုရန် အခက်အခဲများဖြစ်လာနိုင်သည်။

ထရမ့်၏ အမြင်တွင်မူ အမေရိကကို ရှေ့တန်းတင်ရေး မဲဆွယ်ကတိကို သူဖြည့်ဆည်းနိုင်ကြောင်း ယခုသဘောတူစာချုပ် သစ်နှင့်ကမ္ဘာတဝန်းနှင့် နောက်အသစ်ချုပ်ဆိုမည့် စာချုပ်ကတိများက ပြသနေသည်။

“ကျနော်ပြောနေကျအတိုင်း အမေရိကန်ပြည်ထောင်စုကို ပြန်လည်လေးစားလာကြပြီ” ဟု သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတထရမ့်က ပြောသည်။

သို့သော် ဒီမိုကရက်တို့ ထိန်းချုပ်ထားသော ကွန်ဂရက်သည် ပြည်သူများနှင့် အလုပ်သမားများ အတွက် ကြီးမားသော သဘောတူညီချက်များအနက် တခုကို ပစ်ပယ်လိုနေနိုင်ကြောင်းသူပြောသည်။ ဒီမိုကရက်တို့သည့် နိုင်ငံရေး ရည်ရွယ် ချက်ဖြင့် ထိုသို့ လုပ်ကောင်းလုပ်နိုင်သည်ဟု သူဆိုသည်။

သမဂ္ဂဝင် ဝန်ထမ်း သန်းပေါင်းများစွာကို ကိုယ်စားပြုသည့် ဝါရှင်တန်အခြေစိုက် အဖွဲချုပ် တခုဖြစ် သော AFL-CIO ကမူ ထို စာချုပ်သစ်၏ အလုပ်သမားများအပေါ်ရိုက်ခတ်မှုကို နောက်ဆုံး အဆုံး အဖြတ်ပေးရန် စောလွန်းနေသေးသည်ဟု ဆိုသည်။

ထိုစာချုပ်ကို နိုဝင်ဘာလကုန်တွင် အပြီးသတ် လက်မှတ်ရေးထိုးလိုသည်ဟု ထရမ့်ပြောသည်။ အမေရိကန် ဥပဒေအရ အိမ်ဖြူတော်သည် သဘောတူညီချက်သစ်ကို လက်မှတ်မထိုးမီ ရက်ပေါင်း ၆၀ အတွင်း ကွန်ဂရက်သို့ တင်သွင်း ရမည်ဖြစ်သည်။

ထိုသဘောတူညီချက်၏ သက်တမ်းမှာ ၁၆ နှစ်ဖြစ်ပြီး ၆နှစ်တကြိမ်ပြန်လည်သုံးသပ်မည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading