ယနေ့ခေတ် အဖြစ်များဆုံးရောဂါတွေထဲမှာ ဆီးကျောက်တည်ခြင်းကလည်း တခု အပါအဝင်ပါ။ လူကြီးတင်မကဘဲ လူလတ်ပိုင်းအရွယ်တွေပါ အဖြစ်များလာလို့ ဆီးကျောက် မတည်အောင် ကြိုတင် ကာကွယ်သင့်တဲ့ အချက်တွေ ရှိပါတယ်။
ရေများများသောက်မယ်၊ အငန်ဓာတ်ပါတဲ့ အစားအစာလျော့စားမယ်၊ ပြီးတော့ ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေ နေ့စဉ်မျှတအောင် စားပေးမယ်ဆိုရင် ဆီးကျောက် မတည်အောင် အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။
ဆီးကျောက်တည်တဲ့ ကျောက်တွေကို လေ့လာကြည့်ရင် အများစုမှာ ကယ်လ်စီယမ်ဓာတ် အများဆုံး ပါဝင်လို့ ဆရာဝန်တော်တော်များများက ဆီးကျောက်တည်ရင် ကယ်လ်စီယမ်ဓာတ်ပါတာ လျော့စားဖို့ တိုက်တွန်းကြပါတယ်။ ဒီအဖြေက နည်းလမ်းကျတယ်လို့ မြင်နိုင်ပေမယ့် တကယ်တမ်း လေ့လာကြည့်တဲ့အခါ မှားယွင်းတယ်လို့ အဖြေထွက်လာပါတယ်။
ဆီးကျောက်တည် လူနာတွေရဲ့ ကျလာတဲ့ ကျောက်တွေကိုကြည့်ရင် ကယ်လ်စီယမ်ဓာတ် ၉၀ ရာခိုင်နှုန်းလောက် တွေ့တာမလို့ ဒီလိုဖြေကြတာပါ။ တချို့ကျောက်တွေကတော့ ယူရစ်အက်စစ်နဲ့ ဓာတုပစ္စည်းတွေ ပေါင်းစပ်ပြီးဖြစ်လာတာကြောင့် တယောက်တည်းမှာတောင် အမျိုးအစား မတူတဲ့ ကျောက်တွေ တွေ့ရပါတယ်။
၁၉၉၀ခုနှစ် အစောပိုင်းကာလမှာ ဟားဗတ်တက္ကသိုလ်က ဆေးပညာရှင်တွေဟာ ၄ နှစ်အတွင်း ဆီးကျောက်တည် ရောဂါ မခံစားဘူးတဲ့ လူပေါင်း လေးသောင်းခွဲကို လေ့လာတဲ့အခါ အောက်ပါ မှတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံး ထွက်ရှိလာတဲ့အဖြေကတော့ နေ့စဉ် စားသောက်မှု ပုံစံထဲမှာ ကယ်လ်စီယမ်ဓာတ်များတဲ့ အစာတွေ ပုံမှန်စားရင် ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ အဖြေထွက်လာခဲ့ဖူးပါတယ်။
အဆိုပါ ဆေးပညာရှင်အဖွဲ့ကပဲ ၁၄ နှစ်အကြာမှာ လူပေါင်း ၄ သောင်းခွဲကို ထပ်မံ လေ့လာခဲ့ရာ ကယ်လ်စီယမ် ဓာတ်က ဆီးကျောက်တည်ခြင်းကို အမှန်တကယ် ကာကွယ်ပေးနိုင်တဲ့အကြောင်း တွေ့ရှိခဲ့ကြပြန်ပါတယ်။
လေ့လာချက်မှာ ဖော်ပြချက်အရတော့ အဆိုပါ ရလဒ်ဟာ အသက် ၆၀ အောက် အမျိုးသားတွေမှာ အကျိုးသက် ရောက်မှုရှိတာ ပိုတွေ့ရပါတယ်။
၂၀၀၅ ခုနှစ်မှာ အဆိုပါဆေးပညာရှင်အဖွဲ့ကပဲ လူနာပေါင်း ၂ သိန်း ၄ သောင်းကျော်ကို ထပ်လေ့လာခဲ့ရာ အမျိုးသမီးတွေမှာ ကိုယ်အလေးချိန် တိုးလာခြင်း၊ အဝလွန်ခြင်းကြောင့် ဆီးကျောက်တည်ရောဂါ အဖြစ်များတာကို တွေ့ရှိခဲ့ကြပြန်ပါတယ်။
အမေရိကန် အမျိုသားကျန်းမာရေးအဖွဲ့ကြီးနဲ့ ပူးပေါင်းပြီး စမ်းသပ်ခံလူနာတွေကို အသီးအနှံ၊ အသီးအရွက် များများ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်း၊ ဆန်လုံးညို၊ ဆိုဒီယမ်နည်းတဲ့အစားအစာ၊ အချိုနည်းတဲ့အစားအစာ၊ အနီ ရောင် အသားတွေကို ပုံမှန်စားနေကျ ပမာဏထက် လျော့ပြီး စားစေတဲ့အခါမှာလည်း ဆီးကျောက်တည်ရောဂါ ဖြစ်နိုင်ချေ လျော့နည်းသွားတာ တွေ့ရပါတယ်။
ဒါကြောင့် အမေရိကန် ဆီးနဲ့ကျောက်ကပ်အဖွဲ့အစည်းက ထုတ်ပြန်ချက်မှာ နေ့စဉ် အရည် ၂ ဒဿမ ၅ လီတာ သောက်သုံးသင့်ပြီး၊ ဆိုဒီယမ်ပမာဏကို ၂,၃၀၀ မီလီဂရမ်၊ ကယ်လ်စီယမ် ပမာဏကို ၁,၀၀၀ မှ ၁,၂၀၀ မီလီ ဂရမ် စားသင့်တယ်လို့ အကြံပြုပါတယ်။
အရည်လို့ဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေတင်မကဘဲ ကော်ဖီ၊ လက် ဖက်ရည်၊ ဝိုင်နဲ့ လိမ္မော်ရည် တို့လည်း သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဆိုဒါနဲ့ သကြားဓာတ်ပါဝင်မှုများတဲ့ အအေးတွေကတော့ ဆီးကျောက်တည်ခြင်းကို အားပေးလို့ မသောက်ဖို့ တားမြစ်ထားပါတယ်။
သင့်မှာ ဆီးကျောက်တည်ခြင်း ခံစားနေရပြီဆိုရင် အမြန်ဆုံး ဆရာဝန်နဲ့ သွားရောက် ကုသသင့်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ကြောင်းလည်း အကြံပြုထားပါတယ်။
Ref: CNA Lifestyle