ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉ အနီးတွင် ရပ်တန့်ပြုပြင်နေသော ဘုရားဖူးအမြန်ယာဉ်အား နောက်မှ ခရီးသည်တင်ယာဉ်က ဝင်တိုက်မှုဖြစ်စဉ်ကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီး ၄၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော်ကုတင် တထောင်ဆေးရုံကြီးမှ သိရသည်။
မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ကျေးဇူးရှင် ဘုရားဖူးအမြန်ယာဉ်သည် အောက်တိုဘာလ ၁ ရက်၊ ည ၁၁ နာရီခွဲ အချိန်ခန့်က မိုင်တိုင် ၂၂၉ အနီးတွင် လေအိတ်ပေါက်၍ လမ်းဘေးတွင်ရပ်တန့်ကာ ပြုပြင်နေစဉ် အရိန္ဒမာ ခရီးသည်တင် အမြန်ယာဉ်က နောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စိုးဝင်း က ပြောသည်။
ရဲအုပ်စိုးဝင်း က “နောက်က ဝင်တိုက်တဲ့ကားမှာပါတဲ့ အမျိုးသမီး ၁ ဦး သေတယ်။ ရှေ့ကားက ၁၃ ဦးသေတယ်” ဟု ပြောသည်။
ယာဉ်နှစ်စီးလုံးတွင် ခရီးသည် စုစုပေါင်း ၁၀၀ ကျော်လိုက်ပါလာသည့်အနက် ၁၁ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ကျန်လူနာများကို နေပြည်တော်ကုတင်တထောင် ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူနေစဉ် ၃ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုတင် တထောင်ဆေးရုံအုပ်ကြီး ဒေါက်တာ ပပ ကလည်း “သေဆုံးလူနာထဲမှာ ကျား ၈ ဦး မ ၆ ဦး၊ အသက် အရွယ်အပိုင်း အခြားကတော့ အမျိုးမျိုးပါပဲ။ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ပါပါတယ်” ဟု ပြောသည်။
ဒဏ်ရာရရှိသည့် လူနာများအနက် အတွင်းလူနာအဖြစ် ၁၇ ဦးကို အရိုးကုသဆောင်၊ ဦးနှောက်နှင့် အာရုံကြော ကုသဆောင်၊ ခွဲစိတ်ကုသဆောင်တို့တွင် ကုသပေးနေကြောင်း၊ လက်ရှိတွင် ဦးနှောက်အာရုံကြောဆောင်တွင် ကုသပေးနေရသည့် လူနာ ၁ ဦးမှ လွဲ၍ ကျန်လူနာများမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း ဆေးရုံးအုပ်ကြီးက ပြောသည်။
ကျေးဇူးရှင် ဘုရားဖူးယာဉ်သည် ရှမ်းပြည်နယ် တောင်ကြီး၊ အင်းလေး ဒေသသို့ ဘုရားဖူးသွားရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လာစဉ် ယခုကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နောက်မှ ဝင်တိုက်ခံရခြင်းကြောင့် ယာဉ်ပြုပြင်နေသူ ယာဉ်မောင်း အပါအဝင် ခရီးသည်များမှာ ကားအောက်ရောက်ရှိခြင်း၊ ကားဖြင့် တိုက်မိခြင်းတို့ကြောင့် ဒဏ်ရာရ သေဆုံးခြင်းများဖြစ်ပေါ်ခဲ့ရကြောင်း ကျေးဇူးရှင်ယာဉ်တွင် လိုက်ပါလာသူ ခရီးသည်များက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ မသန်းသန်းအေး က “ကားပျက်သွားတော့ အမကြီးတို့ လမ်းဘေးမှာ ငုတ်တုတ်ထိုင် စောင့်နေကြတယ်။ ကားပြင်တဲ့သူတွေကလည်း ကားရှေ့မှာရော ကားအောက်မှာရော ပြင်နေကြတယ်။ အဲဒီမှာ အရိန္ဒမာဆိုတဲ့ကားကြီးက အရှိန်နဲ့ ဝင်တိုက်လိုက်တာ၊ ဝင်တိုက်တော့ ကားကြီးက အရှေ့ကို ရောက်လာပြီး ထိုင်နေတဲ့သူ အကုန်လုံးကို သိမ်းကျုံးပြီး တိုက်တာ၊ ကားလည်း ကျွမ်းပြန်၊ လူတွေလည်း အတုံးအရုံးပေါ့၊ သေတဲ့သူတွေလည်း သေ၊ ဒဏ်ရာတွေလည်း ရပေါ့” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ၎င်း၏ ဖခင်၊ ခင်ပွန်းနှင့် ညီမဖြစ်သူတို့ အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း မသန်းသန်းအေးက ပြောသည်။
အလုံမြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းတဦးဖြစ်သူ ဒေါ်ရှိန်က ကားတိုက်မှုဖြစ်ချိန်တွင် ၎င်းသည် အပေါ့စွန့်ရန် သွားနေချိန်ဖြစ်၍ လွတ်မြောက်ခဲ့ရခြင်းဖြစ်ကြောင်း ညီမ၊ သမီး၊ တူမ၊ မြေးများအပါအဝင် စုစုပေါင်း မိသားစုဝင် ၉ ဦးအနက် ၆ ဦးသည် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေကြောင်း ပြောသည်။
ဒေါ်ရှိန် က “ကျမမြေးနဲ့ ကျမသမီးကို ကားအောက်ထဲကနေ မနည်းဆွဲထုတ်ရတယ်”ဟု ပြောသည်
ဆေးကုသမှုခံယူနေသော လူနာများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် တို့က လာရောက်ကြည့်ရှုခဲ့ပြီး သေဆုံးလူနာများအတွက် ကျပ်တသိန်းစီ၊ ဒဏ်ရာရ လူနာများအတွက် ကျပ်ငါးသောင်းစီကို ၎င်းတို့ တစ်ဦးစီက ပေးအပ်ခဲ့ကြောင်း၊ သေဆုံးလူနာများ နေရပ်ပြန်ပို့ရေးအတွက်လည်း နာရေးကူညီမှုအသင်းများက ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး လက်ရှိ အနေအထား အရ လမ်းကြော အနေ အထားကြောင့် မဟုတ်ဘဲ အရှိန်လွန် မောင်းနှင်ခြင်းကြောင့်နှင့် ရပ်တန့် ပြုပြင်နေသော ယာဉ်သည် အမြန် လမ်းမကြီး၏ ဘေးတွင် ရပ်ထားသည် ဆိုသော်လည်း လမ်းနှင့် လုံးဝ လွတ်ကင်း ဝေးကွာသော နေရာတွင် မရပ် တန့်ခြင်းကြောင့်ဟု ကနဦး သုံးသပ်ရကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့၏ ညွှန်ကြားရေးမှူး ဦးတိုးတိုးက ဧရာဝတီကို ပြောသည်။
“တော်တဆမှု ဖြစ်တာက Guard rail (သံတန်း အကာအရံ) တွေ ဆုံးတဲ့ နေရာမှာ ဖြစ်တာ။ လမ်းဘေးမှာ ရပ်ထားတဲ့ ကားကလည်း လုံးလုံးလျားလျား လမ်းဘေးချ ရပ်ထားတာမဟုတ်ဘဲ အမြန်လမ်းရဲ့ လမ်းဘေး လမ်းပခုံးမှာ ရပ်ထား တာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်”ဟု ဦးတိုးတိုးက ပြောဆိုသည်။
ယခု ဖြစ်စဉ်သည် ၂၀၁၈ ခုနှစ် အတွင်း အမြန်လမ်းမကြီး ယာဉ်တိုက်မှုကြောင့် လူအသေအပျောက် အများဆုံး ဖြစ်စဉ် တခုလည်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
အရိန္ဒမာယာဉ်၏ ယာဉ်မောင်းဖြစ်သူ ကျော်ငြိမ်းနိုင်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားသည့်အတွက် အမြန်လမ်းရဲတပ်ဖွဲ့က ပုဒ်မ ၃၀၄(က) ၃၃၈၊ ၃၃၇၊ ၂၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ အမှုပေါင်း၂၉၇ မှု ဖြစ်ပွားခဲ့ပြီး ၆၀ ဦးသေဆုံးကာ ၅၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။