မလေးရှားနိုင်ငံတွင် ကလေးသူငယ်များလက်ထပ်ထိမ်းမြားနေခြင်းအား ချက်ချင်းရပ်တန်သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ Maud de Boer-Buquicchio က တနင်္လာနေ့က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လက အသက် ၄၄ နှစ်အရွယ် မလေးရှားအမျိုးသားတဦးက အသက် ၁၁ နှစ်သာ ရှိသေးသည့် ထိုင်းအမျိုး သမီးငယ်တဦးကို လက်ထပ်ထိမ်းမြားခဲ့သည့်သတင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်အပေါ်အခြေခံ၍ လူ့ အခွင့်အရေးကျွမ်းကျင်သူက အငြင်းပွားဖွယ်ရာ အဖြစ် ထောက်ပြလိုက်ခြင်းဖြစ်သည်။
မေလက အာဏာရခဲ့သော ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၏ အစိုးရကလည်း တရားဝင် လက် ထပ်ရမည့် အသက် အရွယ်ကို အသက် ၁၈ နှစ်သို့ တိုးမြှင့်ခဲ့ပြီး ရှေးရိုးစွဲအစ္စလာမ် ဘာသာရေး ခေါင်းဆောင်များကို တုံ့ပြန်လှုံ့ဆော်ပေးခဲ့သည်။
မလေးရှားနိုင်ငံရှိ ယင်းဘာသာရေးခေါင်းဆောင်များသည် အိမ်ထောင်မကျမီ လိင်ဆက်ဆံခြင်းနှင့် လက်မထပ်ဘဲ ကိုယ်ဝန် ရခြင်းစသည့် လူမှုရေးပြဿနာများကို အသက်စောစော လက်ထပ်ခြင်း အားဖြင့်အဖြေရှာတွေ့နိုင်ကြောင်း စောဒကတက် ထားကြသူများဖြစ်သည်။
ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံ ဖြတ်ခြင်းနှင့် လူကုန်ကူးခံရခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Maud de Boer-Buquicchio က အရွယ်မ ရောက်သေးသူ၊ အထူးသဖြင့် အမျိုးသမီးငယ်များအတွက် အခွင့်အရေးကို ကာကွယ်ပေးပါရန် မလေးရှားအာဏာပိုင်များကို တိုက်တွန်းထားသည်။
အရွယ်မရောက်သေးဘဲ လက်ထပ်ခံရသူ မိန်းကလေးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှုအတွက် ကြီးမားသော အန္တရာယ်ရှိနေပြီး ရံဖန်ရံခါ ပညာသင်ကြားရန်အခွင့်အရေးကိုပင် ငြင်းပယ်ခံရကြောင်း သူမက သတင်းထောက်များကို ပြောသည်။
“လက်ထပ်ခံရခြင်းအားဖြင့် ဒီမိန်းကလေးတွေရဲ့အခြေခံလူ့အခွင့်အရေးကို ငြင်းပယ်ရာရောက်ပါတယ်” ဟု မွတ်ဆလင် အများစုနေထိုင်ရာ မလေးရှားနိုင်ငံသို့ ၈ ရက်ကြာရောက်ရှိခဲ့သူ Maud de Boer-Buquicchio က ပြောသည်။
မလေးရှားနိုင်ငံတွင် အရပ်သားဥပဒေအရ ကျား/မနှစ်ဦးစလုံးအတွက် တရားဝင်သတ်မှတ်ထားသည့် အနည်းဆုံး အသက် အရွယ်မှာ ၁၈ နှစ်ဖြစ်သည်။ သို့သော် အမျိုးသမီးငယ်များအနေဖြင့် သက်ဆိုင် ရာ ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြု ချက်ဖြင့် အသက် ၁၆ နှစ်တွင်လည်း လက်ထပ်နိုင်သည်။
အစ္စလာမ်ဥပဒေတွင် အမျိုးသမီးငယ်များ လက်ထပ်နိုင် သည့်အသက်ကို ၁၆ နှစ်ဟု ပြဋ္ဌာန်းထားပြီး ရှရီယာတရားရုံး၏ ခွင့်ပြုချက်ဖြင့် ယင်းထက်ငယ်သည့် အသက်အရွယ်တွင်လည်း လက်ထပ်ခွင့် ပြုထားသည်။
မလေးရှားနိုင်ငံအနေဖြင့် အသက်မပြည့်သေးသည့် ကလေးသူငယ်များကို လက်ထပ်ခွင့်ပြုထားသည့် ချွင်းချက်ကို ဖယ်ရှားရန် အဆိုပါ ကုလသမဂ္ဂအရာရှိက တောင်းဆိုလိုက်ပြီး “ချွင်းချက်မရှိစေရ ကြောင်း” ပြောကြားခဲ့သည်။
ရှရီယာတရားရုံးသို့ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ အတွင်း အရွယ်မရောက်သေးသူများပါဝင်သည့် လက်ထပ် ထိမ်းမြားရန် လျှောက်လွှာရှင်ပေါင်း ၅ထောင်ထက်မနည်း လျှောက်ထားခဲ့ကြကြောင်း အစိုးရစာရင်း ဇယားများက ဖော်ပြသည်။
ကလေးသူငယ် လက်ထပ်ထိမ်းမြားခံရမှု ဖြစ်စဉ် အတော်များများမှာ သတင်းများတွင် တက်မလာဘဲ တိမ်မြှုပ်နေပြီး အထူးသဖြင့် မလေးရှားအရှေ့ပိုင်း၊ ဘော်နီယိုဒေသရှိ ဌာနတိုင်းရင်းသားများကြားတွင် ပိုမိုဖြစ်ပွားနေကြောင်း ယင်း ကုလသမဂ္ဂအရာရှိ Maud de Boer-Buquicchio က ပြောသည်။
“ခိုင်ခိုင်မာမာဖြစ်ဖို့ အချိန်တန်ပြီ” ဟု သူမက ပြောကြားလိုက်ပြီး မလေးရှားအစိုးရက ယင်းကိစ္စရပ် အတွက် ဘာသာရေး နှင့်လူမျိုးရိုးရာခေါင်းဆောင်များနှင့် ညှိနှိုင်းသင့်ကြောင်း ထပ်လောင်း မှတ်ချက် ချသည်။
“အဲဒီကိစ္စဟာ နိုင်ငံရေးအရ ဖြစ်ပေမယ့် ကွဲပြားခြားနားတဲ့ အသိုင်းအဝိုင်းကနေ ဒီအလေ့အထကို ဘယ်လို ဖယ်ရှား ပစ်မှာလဲလို့ မေးစရာရှိပါတယ်”
ယမန်နှစ်က မလေးရှားအစိုးရက ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာပြစ်မှု ဥပဒေတရပ် ပြဋ္ဌာန်းခဲ့သော်လည်း ယင်းဥပဒေတွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုသည် ပြစ်မှုမြောက် ကြောင်း မသတ်မှတ်ထားပေ။