သတင်း

မြေအငြင်းပွားမှု ဖြေရှင်းရန် အမျိုးသား မြေယာဥပဒေ တရပ် လိုအပ်ဟု ဒု သမ္မတ ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေသည့် မြေယာ စီမံခန့်ခွဲမှု ဆိုင်ရာများနှင့် မြေယာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် အတွက် အမျိုးသား မြေယာဥပဒေ တရပ် ပြဋ္ဌာန်းရန် လိုအပ်နေကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုလိုက်သည်။

အဆိုပါ အမျိုးသားမြေယာဥပဒေမှာ လက်ရှိ မြေယာ စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် ဥပဒေများကို လွှမ်းခြုံနိုင်သော ဥပဒေ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားမြေ အသုံးချမှု ကောင်စီဥက္ကဋ္ဌလည်း ဖြစ်သူ ဒုသမ္မတ ဟင်နရီဗန်ထီးယူက “စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အတွက်၊ အမျိုးသား မြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဖို့အတွက် မြေယာစီမံခန့်ခွဲမှုနဲ့ ဆက်စပ်နေတဲ့ လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး ပြည်သူ အကျိုးပြုနိုင်မယ့်မူဝါဒ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနဲ့ စီမံခန့်ခွဲမှု ပုံစံ များ ဖြစ်ပေါ်လာစေရေးအတွက် ဥပဒေများကိုလွှမ်းခြုံတဲ့ အမျိုးသားမြေဥပဒေ တရပ်ကို ရေးဆွဲ ပြဌာန်းပေးဖို့ လိုအပ်ပါ တယ်” ဟု ယမန်နေ့က ပြုလုပ်သည့် အမျိုးသား မြေအသုံးချမှုဆိုင်ရာ ဖိုရမ်တွင် ပြောသည်။

အစိုးရ စီမံခန့်ခွဲသည့် မြေများပေါ်တွင် ဝင်ရောက် အခြေချ နေထိုင်သည့် အတွက် မြေယာ အငြင်းပွားမှုများ ရင်ဆိုင်နေရ ခြင်း၊ မြေဧရိယာ ကျယ်ပြန့်စွာ ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုနိုင်ခြင်း၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများအား ခေတ် စနစ်နှင့် အညီ ပြုပြင် ပြဋ္ဌာန်းရန် လိုအပ်ခြင်း၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေများ ချိတ်ဆက်မှု မရှိခြင်းနှင့် သဟဇာတ မဖြစ်ခြင်းမှာ စိန်ခေါ်မှုများ ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မြေယာကိစ္စများတွင် အဂတိတရားဖြင့် ဆောင်ရွက်မှုများ ရှိနေခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများကို လိုက်နာ ဆောင်ရွက်မှု အားနည်းခြင်း၊ မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စီးပွားရေး အကျိုးအမြတ်များကာ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် အစီအစဉ်များ ကြိုတင်ရေးဆွဲမှု အားနည်းခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် လူမှုဖွံ့ဖြိုးရေး တာဝန် ယူမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု အားနည်း၍ ဒေသခံများနှင့် ထိပ်တိုက်ရင်ဆိုင်နေရ ခြင်း များလည်း ရှိနေကြောင်း ဒုသမ္မတက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်ကာလက ပါတီအနိုင်ရရှိပါက မြေယာ ပြဿနာများကို ဦးစားပေး ဖြေရှင်း ပေးသွားမည်ဟု ဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သေးသည်။

ရွေးကောက်ပွဲအပြီး NLD အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံပိုင်မြေများပေါ်တွင် ကျူးကျော်အဖြစ် ဝင်ရောက်နေထိုင် သူ များ၊ အစိုးရက စီမံကိန်းများအတွက် လျော်ကြေးမပေးဘဲ သိမ်းဆည်းထားသော မြေယာများကို ထိုက်သင့်သည့် လျော် ကြေး များ ပြန်လည်ပေးအပ်ခြင်း စသဖြင့် မြေယာအငြင်းပွားမှုများကို ဆောင်ရွက်ခဲ့သော်လည်း အားလုံးကို ဖြေရှင်းပေး နိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအနေဖြင့် စိုက်ဧကပေါင်း ၃၇ သန်းရှိရာ သိမ်းဆည်းခံ မြေဧကပေါင်း ၇ သန်းကျော်ရှိနေ ကြောင်း ပြည်သူ့လွှတ်တော် တောင်သူလယ်သမား နှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဟောင်း ဦးစိန်ဝင်းက ပြီးခဲ့ သည့် သြဂုတ်လ အတွင်း ဧရာဝတီသို့ ပြောဆိုဖူးသည်။

ရန်ကုန်မြို့ တခုတည်းတွင်ပင် မြေယာအမှုပေါင်း ၁ သောင်း ကျော် ရှိကာ ဧရာဝတီတိုင်းတွင် ၆၀၀ ကျော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးတို့တွင် ၃၀၀ ကျော် ရှိကာ အများစုမှာ မဖြေရှုင်းနိုင်သေးကြောင်း သိရသည်။

သိမ်းဆည်းခံမြေများနှင့် ပတ်သက်၍လည်း ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မတိုင်မီ အပြီးစစ်ဆေးရန်အတွက် ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များအား သမ္မတက ဦးဝင်းမြင့်က ညွှန်ကြားထားသည်။

လက်ရှိတွင် မြေယာနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီ၊ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့နှင့် အမျိုးသား မြေအသုံးချမှုကောင်စီတို့ ဖြစ်ပြီး ယင်းအဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေ ဖော် ထုတ်ရန် လိုအပ်နေကြောင်း ဒုသမ္မတက အကြံပြုထားသည်။

“ဥပဒေတခု ရေးဆွဲတာဖြစ်တဲ့အတွက် Public Consultation Participation (လူထု ပါဝင်နိုင်တဲ့ အစီအစဉ်) လုပ်ခွင့် အတွက် လည်း ထည့်သွင်းပြီး ပါဝင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ နိုဝင်ဘာလမှာ အမျိုးသား မြေအသုံးချမှု ကောင်စီအစည်းအဝေး လုပ်ပြီး ရင် တော့ National Land Law ရေးဆွဲတာနဲ့ ပတ်သက်ပြီး ဘယ်လို ပါဝင်နိုင်မယ်ဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်း ဆွေးနွေးပြီးတော့ အသိပေးသွားမှာ ဖြစ်ပါတယ်”ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက ပြောသည်။

အမျိုးသား မြေအသုံးချမှု မူဝါဒ၊ လမ်းညွှန်ချက်များနှင့် အညီ ဥပဒေပြဋ္ဌာန်းခြင်းနှင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် အတွက် အထောက်အကူပြု ကော်မတီ ၃ ရပ်နှင့် အကြံပေးအဖွဲ့တို့ ဖွဲ့စည်းရန်လည်း ဒုသမ္မတက ထည့်သွင်းပြောဆို ထားသည်။

ယင်းကော်မတီ ၃ ရပ်မှာ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသား မြေပုံစနစ် (One Map Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီတို့ ဖြစ်ပြီး ဥပဒေနှင့် သက်ဆိုင် သော အကြံဉာဏ်များ ပေးနိုင်ရန်အတွက် မြေအသုံးချမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသား အကြံပေးအဖွဲ့တို့ ဖြစ်သည်။

အမျိုးသားမြေ အသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော်နိုင်မည့် မြေယာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ဖိုရမ်သို့ တက်ရောက်လာသူအနေဖြင့် ဝိုင်းဝန်းအကြံပြုစေလို ကြောင်းလည်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဖိတ်ခေါ်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading