ဘတ်စ်ကား ဝန်ဆောင်မှုပေးရန် ပုဂ္ဂလိကဘဏ်များထံမှ ငွေချေးခြင်းနှင့် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်မရဘဲ ပြည်သူ့ဘဏ္ဍာငွေကို ၎င်းတို့ပိုင် ကုမ္ပဏီအတွက် သုံးစွဲခြင်းဖြင့် ရန်ကုန်တိုင်း အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အောက်တိုဘာလ ၂ ရက်နေ့က ပြောကြားလိုက်သည်။
၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာကို ရန်ကုန်တိုင်း လွှတ်တော်တွင် ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းအစိုးရသည် အများသုံး ဘတ်စ်ကားများ ဝယ်ရန် ဧရာဝတီဘဏ်မှ ငွေကျပ် ၈ ဘီလျံနှင့် ကျောင်းကြိုယာဉ် ၂၀၀ ဝယ်ရန် ကမ္ဘောဇဘဏ်မှ ကျပ်ငွေ ၅.၅ ဘီလျံ ချေးယူသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။ သို့သော် ရန်ကုန်တိုင်းအစိုးရသည် လွှတ်တော်၏ ခွင့်ပြုချက်ကို တောင်းခံခဲ့ခြင်းမရှိခဲ့ပေ။
တိုင်းဒေသကြီး အစိုးရအနေဖြင့် ခွင့်ပြုငွေ မလုံလောက်သဖြင့် ထပ်မံ လိုအပ်သောငွေအတွက် တခြားက ငွေချေးယူရမည် ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၀ အရ လွှတ်တော်ကို တင်ပြ အတည်ပြုချက် ရယူရမည် ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောသည်။
တပ်မတော်ကရေးဆွဲသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ချေးငွေများအပါအဝင် စီမံကိန်းအတွက် ပြည်နယ်တိုင်းအစိုးရများက အသုံးပြုငွေများအတွက် ပြည်ထောင်စုလွှွှတ်တော်နှင့် သမ္မတထံမှ ခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်။
အများပြည်သူ ဘဏ္ဍာငွေများနှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသည့် ခရီးသည်တင် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီတွင် လုံး၀ တာဝန်မရှိပါကြောင်းနှင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းကို ကျော်လွန်ပြီး မိမိသဘောအရ၊ လူပုဂ္ဂိုလ် အရ ချေးထားသော ငွေများဖြစ်သောကြောင့် ပြန်လည်ပေးဆပ်ရန် လွှတ်တော်မှ သဘောမတူကြောင်း သူက ဆက်ပြောသည်။
သို့သော် ထိုဘဏ်များမှ ငွေကို မည်သူချေးယူကြောင်းကိုမူ သူက ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။
၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်း အစိုးရသည် တိုင်းအစိုးရက အများစုပိုင်သော ပြည်သူနှင့်ပုဂ္ဂလိကပိုင် ဘတ်စ်ကား ကုမ္ပဏီ နှစ်ခုဖြစ်သော ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ (YBPC) နှင့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) တို့တွင် ကျပ်ငွေ ဘီလျံ ၇၀ ရင်းနှီး မြှုပ်နှံခဲ့သည်။ တိုင်းအစိုးရသည် ရန်ကုန်၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်ရန် ဘတ်စ်ကားသစ် အစီး ၁၀၀၀ ဝယ်ယူခဲ့သည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထိုဘတ်စ်ကား ကုမ္ပဏီများသည် ကျပ်ငွေ ၃.၅ ဘီလျံ အရှုံးပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က စက်တင်ဘာလက လွှတ်တော်တွင် ပြောကြားခဲ့သည်။
တိုင်းအစိုးရသည် ကျောင်းကြိုဘတ်စ်ကား ၂၀၀ ဝယ်ရန် ကျပ်ငွေ ၅.၅ ဘီလျံ ချေးယူသော်လည်း ရန်ကုန်ရှိ ကျောင်းများသည် ဈေးကြီးသော ထိုယာဉ်များကို ဝယ်ရန် ငွေကြေးမတတ်နိုင်ကြကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။
ရန်ကုန်တိုင်း အစိုးရအနေဖြင့် လူမှုစီးပွားရေး အခြေအနေများကို ထည့်သွင်း စဉ်းစားခဲ့သင့်သည်ဟုလည်း ဦးရန်ရှင်းက ဆိုသည်။
တိုင်းအစိုးရက ၅၁ ရာခိုင်နှုန်း ပိုင်သော ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီအတွက် ရန်ကုန်တိုင်း လွှတ်တော်က ကျပ်ငွေ ၆၄ ဘီလျံ လျာထားပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားများ၏ အဆိုအရ သိရသည်။
ထိ့ုနောက် ရန်ကုန်တိုင်း အစိုးရသည် လွှတ်တော်၏ ခွင့်ပြုချက်တောင်းခံခြင်းမပြုဘဲ ကျပ်ငွေ ၁၀ ဘီလျံကို တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့သည်။
ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီသည် အခမ်းအနားများနှင့် တခြား ကုန်ကျစရိတ်များအတွက် အခြေခံ ကုန်ကျစရိတ် ခွင့်ပြုငွေကျပ် ၅၃ သန်း၊ လူမှုရေး အခမ်းအနားများအတွက် ခွင့်ပြုငွေ ကျပ် ၁၉၅ သန်းနှင့် စာရင်းစစ်အဖွဲ့အတွက် ခွင့်ပြုငွေ ကျပ် ၃၃ သန်းတို့ကို တခြားနေရာများအတွက် သုံးစွဲခဲ့ကြောင်း စာရင်းစစ်တဦးက တွေ့ရှိခဲ့သည်။
တိုင်းအစိုးရ၏ ပြည်သူ့ဘဏ္ဍာ အလွဲသုံးမှုများကို စာရင်းစစ်အဖွဲ့က အသေးစိတ်စုံစမ်း စစ်ဆေးရန် ဒေါ်စန္ဒာမင်းက တောင်းဆိုထားသည်။
တိုင်းအစိုးရသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန တို့မှ စီမံကိန်း တခုစီကို လွှဲပြောင်းယူခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့ကြောင်းလည်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ရုံးက ဖော်ပြသည်ဟု ဦးရန်ရှင်းက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ ပါ ပြည်နယ်နဲ့ တိုင်းများ ဥပဒေပြုခွင့် နောက်ဆက်တွဲဇယား ၂ အရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရပိုင် ပစ္စည်းများအား ရောင်းချခြင်း၊ ငှားရမ်းခြင်း တနည်းနည်းဖြင့် ဆောင်ရွက်ခြင်း တို့တွင် လွှတ်တော်အား ဥပဒေပြုခွင့် အပ်နှင်းထားကြောင်း ၎င်းက ဆိုသည်။
တိုင်းအစိုးရသည် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ ငွေကျပ် ၁၉၂.၃၆ သန်းကို မြို့လယ်ရှိ သမိုင်းဝင် အဆောက်အအုံတခု ပြုပြင်ရန် သုံးခဲ့ကြောင်းလည်း ဦးရန်ရှင်းက ထောက်ပြသည်။
ယင်းအသုံးပြုမှုသည် စီမံကိန်းအနေနှင့် တင်ပြခဲ့ခြင်းသာ ဖြစ်ပြီး ဖွဲ့စည်းပုံပါ ပြဌာန်းချက်များနှင့် မကိုက်ညီကြောင်း၊ ကုမ္ပဏီပိုင်ငွေများနှင့် ပေးချေထားခြင်း၊ ပြင်ဆင်ထားခြင်းသည် နောင်တွင် ပိုင်ဆိုင်မှု ပြဿနာများ ရှုပ်ထွေးလာနိုင်သည့် အတွက် တိုင်းဒေသကြီး အစိုးရ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်နှင့် အညီ ဆောက်ရွက်သင့်ကြောင်း ဦးရန်ရှင်းက ပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဘဲ၊ လွှတ်တော်ကို မတင်ပြဘဲ ပြုလုပ်ထားသည့် ဆုံးရှုံးနစ်နာမှုများအတွက် လွှတ်တော်က တာဝန်ယူပေးမည် မဟုတ်ကြောင်းလည်း သူက ဆိုသည်။
ပြည်သူ့ ဘဏ္ဍာကို ပြည်သူအကျိုးမရှိသည့် နည်းလမ်းဖြင့် သုံးစွဲခြင်းနှင့် မှားယွင်း စီမံမှုများအတွက် တိုင်းအစိုးရသည် တာဝန်ခံရမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။
စာရင်းစစ်အစီရင်ခံစာ တွေ့ရှိချက်များကို တိုင်းအစိုးရက လိုက်နာခြင်း ရှိ မရှိ စောင့်ကြည့်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုသည်။
မြေအငှားချထားရာတွင် မှားယွင်းစီမံမှုများကြောင့် တိုင်း အစိုးရသည် ကျပ်ငွေ ဘီလျံပေါင်းများစွာ ဆုံးရှုံး ကြောင်းလည်း ထိုစာရင်း စစ်ဆေးမှုအရသိရသည်။ ရန်ကုန်မြိုလယ်ရှိ တိုင်းတရားရုံးဟောင်းကို ငှားယူ ထားသော ကုမ္ပဏီတခုသည် တိုင်းအစိုးရကို တနှစ်လျှင် ကျပ်ငွေ သန်း ၄၀၀ ပေးရမည် ဖြစ်သော်လည်း အောက်တိုဘာလမှ စတင်ပြီး ထိုသို့ ပေးသွင်ခြင်းမရှိပေ။
ရန်ကုန် ယာဉ်ကြော ထိန်းချုပ်ရေးဌာနအတွက် လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီတခုသည် စီမံကိန်း မပြီးစီး သောကြောင့် ပေးဆောင်ရမည့် ဒဏ်ကြေးများကို ပေးသွင်းခြင်းမရှိကြောင်း စာရင်းစစ်ဆေးမှုတွင် တွေ့ရသည်။ ဒဂုံဆိပ်ကမ်း မြို့နယ်တွင်လည်း လူနေအိမ်ယာ တည်ဆောက်သည့် ကုမ္ပဏီတခုသည် နှစ်စဉ်မြေငှားခ ကျပ်ငွေ ၃ ဘီလျံကျော် ပေးသွင်းခြင်းမရှိပေ။
စာရင်းစစ်ချုပ်ရုံးက တွေ့ရှိချက်များကို စက်တင်ဘာလက အစီရင်ခံခဲ့သည်။ ထိုအစီရင်ခံစာတွင် စာမျက်နှာပေါင်း ၃၆၃ မျက်နှာ၊ အခန်း နှစ်ခန်း၊ အမှုတွဲ ၂၈ ခုနှင့် ဇယားကွက် ၅၂ ခု ပါကြောင်း လွှတ်တော်ကိုယ်စားလှယ် များ၏ အဆိုအရ သိရသည်။
(Yangon Government Borrowed Money without Parliamentary Approval ကို ဆီလျော်အောင် ဘာသာပြန်သည်။)