အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ အရေအတွက်မှာ အောက်တိုဘာလ ၃ ရက်နေ့တွင် ၁၄၀၀ နီးပါးအထိ မြင့်မားလာပြီး ကျန်သူများကို ကယ်ဆယ်ရန် အချိန် ကုန်ဆုံးနေလျှက် ရှိသည်။
အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ငလျင် အပြီး တပတ်အကြာ အောက်တိုဘာ ၅ ရက်နေ့ အထိ ဆက်လက်ရှာဖွေရန် အစိုးရက ပဏာမ ဆုံးဖြတ်ထားသော်လည်း ရှင်ကျန်သူများကို ရှာတွေ့ရန် အလားအလာ မှာ လုံးဝမရှိသလောက် ဖြစ်နေသည်။
အစိုးရ၏ ကယ်ဆယ်ရေး လုပ်သားများသည် ပင်လယ်ကမ်းခြေ ပါလူးမြို့၏ အဓိက နေရာ ဒါဇင်ဝက်ခန့်ကို အာရုံစိုက် ရှာဖွေနေခဲ့သည်။ ထိုနေရာများတွင် လူ ၆၀ ခန့် ပိတ်မိနေသည်ဟု ယုံကြည်ရသည့် Hotel Roa-Roa ၊ ဈေးဝယ် စင်တာတခု၊ စားသောက်ဆိုင်တခု၊ ငလျင်ပြင်းအားကြောင့် မြေသားသည် ရွှံ့နှစ်များသဖွယ် ယာယီ ဖြစ်သွားသည့် ဘာလာရိုအာ ရပ်ကွက်တို့ ရှိနေသည်။
သောင်းနှင့်ချီသော ကလေးငယ်များ အပါအဝင် လူ နှစ်သိန်းခန့်သည် အရေးပေါ် အကူအညီ လိုအပ် နေသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးရေး ရုံးကပြောသည်။ ပြင်အား ၇.၅ ရှိသော ငလျင်နှင့် ၎င်းကြောင့် ဖြစ်ပေါ်ခဲ့သော ဆူနာမီကြောင့် အိမ်ခြေ ၆၆၀၀ ခန့် ပြိုကျပျက်စီးခဲ့သည်။
အကျပ်အတည်းကို ၎င်းတို့ဖာသာ ကိုင်တွယ်နိုင်သောကြောင့် ပြည်ပ ကယ်ဆယ်ရေး အဖွဲ့များ၏ အကူအညီ မလိုကြောင်း အင်ဒိုနီးရှားအစိုးရက ပြောကြားသော်လည်း ဝေးကွာပြီး အပြင်းအထန် ခံရသော ဒေါင်ဂလာ ပြည်နယ်မှ ဝနီကဲ့သို့သော နေရာများတွင် နေထိုင်သူများက အကူအညီ မရသလောက် ဖြစ်နေကြောင်းနှင့် မျှော်လင့်ချက် ပျောက်ကွယ်နေကြောင်း ပြောကြသည်။
တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးခြင်းကြောင့် ဂျနီဗာရှိ ကုလသမဂ္ဂ ရုံးတွင် စိတ်ပျက်မှုများ ဖြစ်ပေါ်နေသည်။
“အပြင်းထန်ဆုံး ခံစားရတဲ့ နေရာအများကြီးကို သေသေချာချာ မရောက်သေးဘူး။ ကယ်ဆယ်ရေး အဖွဲ့တွေလည်း တတ်နိုင်သလောက်တော့ လုပ်နေကြတာပဲ” ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုရုံးမှ ဂျန် လာကဲက သတင်းထောက်များကို အောက်တိုဘာလ ၂ ရက်နေ့က ပြောသည်။
ဒေါင်ဂလာ တဝိုက်တွင် လူဦးရေ ၃၁၀၀၀၀ ခန့် ထိခိုက်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်သည်။
အစားအစာနှင့် သန့်ရှင်းသောရေ မရှိသောကြောင့် ရှင်ကျန်သူများသည် အစာနှင့် ရေ ငတ်မွတ်နေပြီး ဒေသတွင်း ဆေးရုံများတွင် ဒဏ်ရာရသူများနှင့် ပြည့်နေသည်။
အစိုးရသည် အကူအညီများကို ဖိတ်ခေါ်နေသော်လည်း ထိုအကူအညီများကို အကောင်အထည် ဖော်မည့် ယန္တရား ကင်းမဲ့နေကြောင်း လက်တွေ့ နယ်ပယ်တွင် လုပ်ကိုင်နေသည့် အရာရှိများက ပြောကြသည်။
ပါလူးလေဆိပ် ဆင်းသက်ခွင့်ကို အင်ဒိုနီးရှား စစ်တပ်က ထိန်းချုပ်ထားပြီး အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇.၅၉ မိနစ်ကျမှသာ တခြား လေယာဉ်ဆင်းသက်ခွင့် ဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။
ကယ်ဆယ်ရေး ပစ္စည်းများအတွက် အရေးပါသော ပါလူးဆိပ်ကမ်းမှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။
စိတ်ဓာတ် ကျဆင်းလာသည့် လက္ခဏာများ ကြီးထွားလာနေပြီး ဆိုင်များကို လုယက်နေသူများကို မောင်းထုတ်ရန် အတွက် အောက်တိုဘာလ ၂ ရက်တွင် ရဲတပ်ဖွဲ့က သတိပေး ပစ်ခတ်ခဲ့ရသည်။
အင်ဒိုနီးရှား လူမှုဝန်ထမ်း ဝန်ကြီးဌာန၏ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်သော ထရပ်ကားများအနက် ခြောက်စင်းမှာ ပါလူးသို့ လာသောလမ်းတွင် လုယက်ခံရသည်ဟု သတင်းများက ဆိုသည်။
မြို့၏ မြောက်ဖက်ထွက်ပေါက် လမ်းကြောင်းတွင် လူငယ်များက လမ်းကိုပိတ်ဆို့ပြီး အလှူငွေပေးမှ လမ်းဖွင့်ပေးသည်ကို တွေ့ရကြောင်း သတင်းထောက်တဦးက ပြောသည်။
စစ်တပ်နှင့် ရဲက အပြည့်အဝထိန်းချုပ်နိုင်သည်ဟု လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရမည့် သမ္မတ ဝီဒိုဒိုက ပြောသည်။
ရှင်ကျန်သူများမှာ ၎င်းတို့ရပ်ကွက်များတွင် တစစီဖြစ်နေသော အပျက်အစီးများ အကြား ဖွေရှာနေချိန်တွင် သေဆုံးသူ အရေအတွက်က ဆက်လက် မြင့်မားလာသည်။
“အခု သေဆုံးသူ ၁၃၇၄ ဦးရှိပြီး ၁၃၃ ယောက် ပျောက်ဆုံးနေတုန်းပဲ” ဟု အင်ဒိုနီးရှား အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဌာန အကြီးအကဲ ဝေလမ် ရမ်ပန်ဂီလီက ပါလူးတွင် သတင်းထောက်များကို အောက်တိုဘာလ ၃ ရက်နေ့က ပြောသည်။
“အပျက်အစီးတွေ အောက်မှာ အလောင်းတွေ ရှိနေသေးတယ်။ ဘယ်လောက်လဲ မသိရဘူး။ လူတွေကိုရှာပြီး ကယ်ဖို့ကို ဦးစားပေးနေရတယ်” ဟု သူက ဆိုသည်။
ပုပ်နေသော အလောင်းများကြောင့် ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသောကြောင့် အလောင်းထည့်ရန် အိတ်အများအပြား အရေးပေါ် လိုအပ်နေကြောင်း အင်ဒိုနီးရှား အခြေစိုက် အာစီယံ လူသားချင်းစာနာမှု ညှိနှိုင်းရေး ဌာန ကပြောသည်။
စက်ယန္တရားကြီးများ မရှိခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ်များ ပျက်စီးသွားခြင်းနှင့် ပျက်စီးသည့် အတိုင်းအတာ ကြီးမားခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတား ဖြစ်နေစေသည်။
အင်ဒိုနီးရှားနိုင်ငံသည် သဘာဝဘေးအန္တရာယ် များပြားလှသည်။ ဆူလာဝေစီ ကျွန်းရှိ ဆိုပူတန် မီးတောင်သည် အောက်တိုဘာလ ၃ ရက်နေ့တွင်ပင် ပေါက်ကွဲခဲ့ပြီး ပြာများကို မီးတောင်ပေါက်ဝမှ မီတာ ၄၀၀၀ အထိပင် မှုတ်ထုတ်နေသည်။
ထိုနေရာနှင့် အနည်းဆုံး လေး ကီလိုမီတာအကွာတွင် နေထိုင်ရန် ပြည်နယ် သဘာဝဘေး အန္တရာယ်ဌာက သတိပေးထားသော်လည်း လတ်တလော ရွှေ့ပြောင်းရန် မလိုသေးဟု ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံက အကူအညီများ တောင်းခံမှု နောက်ကျသော်လည်း နိုင်ငံတကာ အကူအညီများ အရှိန်မြင့် ရောက်ရှိနေပြီး အကူအညီ ဒေါ်လာ ၁၅ သန်းဖိုးပေးမည်ဟု ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေက အောက်တိုဘာလ ၂ ရက်နေ့က ကြေညာထားသည်။
အောက်တိုဘာလ ၃ ရက်နေ့တွင် သြစတြေးလျက အန္တရာယ်ဖြစ်ပွားရာသို့ ဆေးအဖွဲတဖွဲ့ကို စေလွှတ်ခဲ့ပြီး နောက်ထပ် အကူအညီဒေါ်လာ ၅ သန်းဖိုး ပေးခဲ့သည်။
အောက်တိုဘာလ ၂ ရက်နေ့နှောင်းပိုင်းတွင် ပါလူးရှိ နေရာတချို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိပြီး ဖုန်းကွန်ရက်များ ပြန်လည် ကောင်းမွန်လာသောကြောင့် ပုံမှန်အခြေအနေသို့ အနည်းငယ် ပြန်ရောက်လာသည့် လက္ခဏာ တချို့ကို တွေ့လာရသည်။
သို့သော် အများစုအတွက် နေ့စဉ်ဘဝမှာ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားသည်။
ပါလူးတွင် နေထိုင်သူများမှာ ဓာတ်အား ပြန်လည်ရရှိသည့် အဆောက်အအုံ အနည်းငယ်ရှိ ပလပ်ပေါက် တွဲများတွင် ဝိုင်းအုံနေကြသည်။ ရဲယာဉ်တန်းဖြင့် သယ်ဆောင်ဝေပေး နေသော ရေ၊ ငွေ၊ ဓာတ်ဆီတို့ကို တန်းစီ စောင့်ဆိုင်းနေရသည်။
ရေ သို့မဟုတ် ဓာတ်ဆီ လီတာ အနည်းငယ်ရရန် တချို့နေရာများတွင် ၂၄ နာရီအထိ တန်းစီရသည်။
သန့်ရှင်းရေးသည်လည်း ပြဿနာ ဖြစ်လာသည်။
“လူတိုင်းက သန့်စင်ခန်း သွားချင်နေကြပေမယ့် သန့်စင်ခန်းကမရှိဘူး။ ဒီတော့ ညဘက် လမ်းဘေးမှာပဲ သွားနေရတယ်” ဟု အသက် ၅၀ အရွယ် ရာမင်က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ငလျင် အလှုပ်ဆုံးဖြစ်သော ပစိဖိတ် မီးကွင်း တလျှောက်တွင် တည်ရှိပြီး နိုင်ငံ လူဦးရေ သန်း ၂၆၀ မှာ ငလျှင်၊ ဆူနာမီနှင့် မီးတောင်ပေါက်ကွဲမှု များကြောင့် ထိခိုက်နိုင်ခြေ မြင့်မားနေသည်။
ကိုးကား။ ။ AFP, BBC, Bernama