တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် မလိုဘဲ လက်ရှိ အစိုးရ တာဝန် ကို ရယူထား သည့် လူများကိုသာ လဲပစ်ရန် လိုကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ ဥက္ကဌ ဦးသန်းဌေး က ယနေ့ ချင်း ပြည်နယ် မဲဆွယ်မှု ခရီးစဉ်တွင် ပြောကြားလိုက်သည်။
“အခြေခံ ဥပဒေကို အခုချိန်မှာ ပြင်ဖို့ မလိုလောက်သေးဘူး။ အခြေခံ ဥပဒေကို အသစ်နဲ့ အစားထိုးလဲဖို့ မလိုလောက် သေးဘူးလို့ ထင်တယ်။ လဲရမှာ လူတွေပဲ။ အဲဒီ အခြေခံဥပဒေကို ကျင့်သုံးပြီးတော့ အလုပ်လုပ်နိုင်မယ့် ပုဂ္ဂိုလ်တွေကို ပြောင်းလဲပြီးတော့သာ တာဝန်ပေးလိုက်ပါ။ ချက်ချင်း ပြောင်းလဲသွားစေရမယ်”ဟု ၎င်းက ပြောသည်။
ထိုပြောကြားချက်များကို ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ကြံ့ခိုင်ရေး ပါတီ မဲဆွယ်စည်းရုံးရေး ပြုလုပ်နေမှုအား လူမှုကွန်ရက်၌ တိုက်ရိုက် ထုတ်လွှင့်နေစဉ် ဦးသန်းဌေးက ပြောကြားသည်ကို တွေ့မြင်ကြားသိရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံဖြင့် တိုင်းပြည် တိုးတက်အောင် လုပ်နိုင်သည့် ပုဂ္ဂိုလ်များမှာ ကြံ့ခိုင်ရေး ပါတီဝင်များ သာ ဖြစ်ကြောင်း၊ ယခု အခြေခံ ဥပဒေကို တရားခံသဖွယ် လက်ညှိုးထိုးနေသည်ကို လက်မခံဘဲ ၎င်းတို့သည် ယခု အခြေခံ ဥပဒေဖြင့် တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဌက ပြောကြားသည်။
၎င်းက“ကျနော်တို့ ၂ နှစ်ခွဲကာလ အတွင်းမှာ အများကြီး လုပ်ခဲ့ပြီးပါပြီ။ ဘာနဲ့ လုပ်လဲ။ ဒီအခြေခံ ဥပဒေနဲ့ပဲ လုပ်ပါ တယ်။ ဒီအခြေခံ ဥပဒေ ပဲ။ ဒီအစိုးရအဖွဲ့ ဥပဒေပဲ။ ဒီအထဲကပဲ ကျနော်တို့ အလုပ်လုပ်ပါတယ်။ ဒါဆိုရင် မိမိရဲ့ စွမ်းဆောင်ရည်ကို ထည့်မသုံးသပ် ဘဲနဲ့ ဒီ အခြေခံ ဥပဒေကြီးကြောင့်ဆို လက်ညှိုးထိုးပြီး လုပ်နေတဲ့ဟာကိုတော့ ခင်ဗျားတို့ စဉ်းစားဖို့ လိုမယ်”ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကြွေးကြော်သံများဖြင့် အာဏာ ရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီသည် ၂၀၀၈ ဖွဲ့ စည်းပုံကို ဆုပ်ကိုင်ထားသရွေ့ ဘယ်တော့မှ အောင်မြင်တော့ မည် မဟုတ်ကြောင်း၊ လက်ရှိ တိုင်းပြည်အခြေအနေတွင်လည်း ဆူပူပြီး ဆန္ဒပြနေသည့် ပြည်သူများလည်း မရှိကြောင်း NLD ပါတီ ဗဟို ပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
မုံရွာအောင်ရှင်က“တချို့ နေရာတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံက အကန့်အသတ်တွေ ရှိတယ်လေ။ တချို့ဟာတွေ က ဖောက်ထွက် ပြီး လုပ်လို့ ရတာတွေ ရှိသလို တချို့ဟာတွေက လုပ်မရတာတွေ ရှိတယ်။ အဲဒီအတွက် ပြောနေရ တာ။ သူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသေကိုင်ပြီးတော့ လုပ်နေသမျှတော့ ဘယ်တော့မှ ပြည်သူလူထု ရဲ့ အားပေးထောက်ခံမှုကို မရနိုင်ဘူးလို့ ကျနော် ပြောရဲတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံ၍ ၂၀၁၂ ကြားဖြတ် ရွေး ကောက် ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်သောကြောင့် ယခု အခြေခံ ဥပဒေကို မကောင်း ဘူးဟု ပြောနေမည့်အစား ပို ကောင်းအောင် ဆောင်ရွက်သည့် အနေဖြင့် ပြုပြင်မည်ဆိုသော သဘောထားမျိုးဖြင့် ရှေ့ဆက်ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေး ဆောင်းပါးရှင်တဦး ဖြစ်သူ စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။
“၂၀၀၈ ရှိလို့လည်း ဦးသန်းရွှေတို့အဖွဲ့ ထွက်သွားပြီး ဦးသိန်းစိန်တို့ တက်လာတာ။ အဲဒီကနေ တဖြည်းဖြည်းနဲ့ လိုချင် တာကို ယူ သွားရမယ်။ ကောင်းသထက် ကောင်းအောင် လုပ်သွားရမယ်။ မကောင်းဘူးပြောရင် စစ်တပ်နဲ့ ကြံ့ဖွံ့က ကြိုက်မှာ မဟုတ်ဘူး။ မကောင်းပါဘူး ပြောမယ့်အစား အားလုံးအတွက် ပိုပြီးကောင်းအောင် လုပ်ကြမယ်ဆိုတာမျိုး ဖြစ်သင့်တယ်”ဟု ၎င်းက သုံးသပ် သည်။
ယနေ့ ချင်းလူမျိုးများ အပါအဝင် နိုင်ငံသားများ၏ စီးပွားရေး၊ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လမ်းပန်း ဆက်သွယ် ရေး အခြေ အနေ အားလုံးမှာ အုံမှိုင်းမှိုင်း ဖြစ်နေ၍ ပိုမိုတောက်ပသည့် အနာဂတ်လိုချင်ပါက ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီကို မဲပေးကြရန် ပါတီ ဥက္ကဌ ဦးသန်းဌေးက ပြောသည်။
“ကျနော်တို့ဟာ အတွေ့အကြုံ မရှိသော သူတွေ မဟုတ်ဘူး။ အစိုးရ မလုပ်ဘူးသော ပုဂ္ဂိုလ်များ မဟုတ်ပါဘူး။ အစိုးရ လုပ်ဖူးပါ တယ်။ အုပ်ချုပ်ရေးပိုင်း နိုင်ငံတော်ကို တာဝန်ယူတဲ့အပိုင်းမှာ ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တဲ့ အတွေ့ အကြုံ ရှိပါတယ်။ အဲဒါကြောင့်မိုလို့ အလုပ်တခုလုပ်မယ်ဆိုရင် တိုင်းပြည်ကို ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာ နားလည် ခဲ့ပါတယ်။ ဒီမှာရှိတဲ့ အခြေအနေထက် ပိုတိုးတက်ခဲ့ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ဦးသန်းဌေးက ဆက်လက်၍ “ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီး ရှိပါတယ်။ အဲဒါဟာ လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေရဲ့ ၁ ဟောဒီ ပရိသတ် အပေါ်မှာ ထားတဲ့ စေတနာ၊ လုပ်ပေးချင်တဲ့ ဆန္ဒ၊ ကိုယ်ချင်းစာစိတ်၊ လုပ်တတ်တဲ့ ပညာ၊ လုံ့လ ဝီရိယ အများကြီးပဲ။ အဲဒါတွေ ခြားနားသွားရင် အလုပ်အောင်မြင်တာ၊ မအောင်မြင်တာ ကွာပါလိ့မ်မယ်။ အခြေခံ ဥပဒေနဲ့ ဘာမှ မဆိုင်ပါဘူး”ဟု ပြောသည်။
မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသော အစုအဖွဲ့တခု ဖြစ်သည့် တပ်မတော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကာကွယ်စောင့်ရှောက်မည်ဟု မကြာခန ထုတ်ဖော်ပြောဆိုလေ့ရှိသလို ယင်းဥပဒေ ပြင်ဆင်နိုင်ရေးမှာလည်း တပ်မတော် ၏ သဘောတူညီချက် မပါဘဲ ဆောင်ရွက်နိုင်ခြင်း မရှိပေ။