ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ခရီးစဉ် ဖျက်သိမ်းပြီးနောက် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီဒုက္ခသည်များအား နိုဝင်ဘာလမှစ၍ ကော့ဘဇားမှ ဘင်္ဂလားပင်လယ်အော်ဘက် မျက်နှာမူနေသည့် ရေမြုပ်လေ့ရှိသော ဘာစန်ချာကျွန်းသို့ ရွှေ့ပြောင်း နေရာချပေးရေး အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက မရေမရာဖြင့် ရွှေ့ဆိုင်းလိုက်သည်။
ရေတပ်က ဦးဆောင် ဆောက်လုပ်နေသည့် ကျွန်းပေါ် အခြေစိုက်စခန်းသို့ ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးချုပ် သွားရောက်ရန် စီစဉ်ထားပြီးနောက် ခရီးစဉ် ဖျက်သိမ်းကြောင်းကို ပြည်ထဲရေးပြောခွင့်ရသူ ရာရှိဒူကလန်က ပြောသည်။
“အဲဒီ ခရီးစဉ်ကို ရွှေ့ဆိုင်းထားပါတယ်။ နောက်ထပ် သွားမယ့်ရက် အတိအကျဖြစ်ရင်တော့ ခင်ဗျားတို့ကို ကျနော်တို့ အသိပေးပါ့မယ်” ဟု ရာရှိဒူကလန်က ဧရာဝတီသို့ ပြောသည်။
ဧရာဝတီ သတင်းထောက်ကိုယ်တိုင် တွေ့မြင်ခဲ့ရသော ကျွန်းပေါ် စခန်းဓာတ်ပုံများတွင် နှစ်ထပ် အဆောက်အအုံတလုံးနှင့် ဆောက်လုပ်ဆဲ တထပ် အဆောက်အဦ အများအပြား ပါဝင်သည်ကို တွေ့ရပြီး ဆောက်လုပ်ရေးလုပ်သားတဦးကမူ တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်နေသည်ဟု ဆိုသည်။
ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည့် မက်ဟနာမြစ်ဝတွင် တည်ရှိသော ယင်းကျွန်းပေါ်တွင် အခြေစိုက် နေထိုင်ရန် သင့်၊ မသင့်ကို အစိုးရအား အကြံပေးရန်အတွက် ကုလသမဂ္ဂနှင့်အတူ ကျွမ်းကျင်သူ ၁၀ ဦးပါ အဖွဲ့အား ဘင်္ဂလားဒေ့ရှ် အစိုးရက ယခုနှစ် အစောပိုင်း ဖွဲ့စည်းတာဝန်ပေးထားသည်။
ယင်းအဖွဲ့အား သဘာဝဘေး စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာန ပူးတွဲအတွင်းဝန် မူဟာမက်မိုစင်က ဦးဆောင်ကာ အစိုးရထံ အစီရင်ခံစာ တင်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ကျွန်းသို့လည်း စက်တင်ဘာလ ၂၃ ရက်က သွားရောက်လေ့လာခဲ့ပြီး ဖြစ်သည်။
ဒုက္ခသည် ရွှေ့ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ မိုစင်နှင့် ကော့ဘဇားမြို့ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည် ပို့ဆောင်ရေးမင်းကြီး မိုဟာမက် အဘူကလန် အေဇစ်က သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ကုလသမဂ္ဂဌာန ညှိနှိုင်းရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ်တဦးအား သဘောထား မှတ်ချက် တောင်းခံခဲ့ရာ ချက်ချင်း အကြောင်းပြန်ခြင်း မရှိခဲ့ပေ။
ရာသီဥတု ဆိုးဝါးတတ်သည့် ယင်းကျွန်း၏ လုံခြုံစိတ်ချရမှု၊ ရေရှည် တည်တံ့နိုင်မှုနှင့် အားနည်းချက်များအပေါ် ကုလသမဂ္ဂ၏ စိုးရိမ်ပူပန်နေမှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် သြဂုတ်လတွင်းက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂဌာန ညှိနှိုင်းရေးမှူး မီယာစက်ပိုက ဧရာဝတီသို့ ပြောသည်။
ကော့ဘဇားမြို့မှ ယင်းကျွန်းပေါ်သို့ သွားရောက်နေထိုင်လိုသူ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီဒုက္ခသည် အရေအတွက်မှာ ၁၃ ရာခိုင်နှုန်းသာ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ အထူးဌာနခွဲက ဇွန်လတွင်း ထုတ်ပြန်ထားသော အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
ဒုက္ခသည်များကြား ကျွန်းပေါ်သို့ သီးသန့် သွားရောက်မနေထိုင်လိုသည့် အဓိက စိုးရိမ်မှု သုံးခုရှိကာ ဆေးဝါး အခက်အခဲ၊ အခြား ကယ်ဆယ်ရေးပစ္စည်း ရောက်ရှိနိုင်မှုနှင့် ဆွေမျိုးသားချင်းတို့နှင့် ခွဲခွာနေရမှုတို့ ဖြစ်သည်။
၎င်းတို့အား ပြန်လည် နေရာချထားရေး မစတင်မီ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများက ကော့ဘဇားရှိ ဒုက္ခသည်စခန်း ခေါင်းဆောင်များထံ သွားရောက်ကာ ကျွန်းပေါ်ရှိ နေထိုင်ထိုင်ခင်း အသုံးအဆောင်များကို ချပြကာ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။
မကြာသေးခင်က မြန်မာနိုင်ငံဘက်နှင့် ပဋိပက္ခမဖြစ်ပွားခင် ၂၀၁၅ ခုနှစ်က ကော့ဘဇားရှိ ဒုက္ခသည်များကို အဆိုပါကျွန်းပေါ်သို့ ပြောင်းရွှေ့အခြေချရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်က အဆိုပြုထားဖူးသည်။
ယခင်က ဒုက္ခသည်အင်အား ၁ သန်းရှိသော ကော့ဘဇားစခန်းသို့ ၂၀၁၇ ခုနှစ် နှောင်းပိုင်း ဒုက္ခသည် ၇ သိန်း ရုတ်တရက် ထပ်ရောက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂထံ အကူအညီ တောင်းခံခဲ့သည်။
(Bangladesh Delays Plans to Move Rohingya Refugees to Flood-Prone Island အား ဆီလျော်အောင် ဘာသာပြန်သည်။)