ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အိုးပျဉ်ထောင်ကျေးရွာအုပ်စုအတွင်း ကျွဲများ အစုလိုက်အပြုံလိုက် သေဆုံးမှု ထပ်မံ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သော စက်ဘာလအတွင်းက ရိုးမတောင်ပေါ်ရှိ မင်းပြားမြို့နယ် ၊ ပန်းမြောင်းကြီးချောင်းဖျားတွင် ကျွဲများ အစုလိုက် အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့သော်လည်း မည်သည့် ကူးစက် ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကို တိကျသည့် အဖြေ မထွက်မီ ယခုကဲ့သို့ ကျေးရွာ၌ ရှိနေသော ကျွဲများ သေဆုံးနေခြင်း ဖြစ်သည်။
အိုးပျဉ်ထောင်ကျေးရွာသား ကိုထွန်းထွန်းဝင်းက “ ဒီနေ့လည်း ကျနော်မှာ တကောင်ထပ်သေတယ်။ အားလုံး ကျနော်မှာ သေတာ ၃ ကောင်ရှိပါပြီ။ ဘာရောဂါမှန်းတော့မသိဘူး။ ဖြစ်တာနဲ့ ဗိုက်တွေ ဖောင်းလာတယ်။ နာရီ ပိုင်းအတွင်းသေတာ လည်း ရှိတယ်။ ညနေဖြစ်ပြီး မနက်ပိုင်းရောက်တာနဲ့ သေတာတွေလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မင်းပြားမြိုနယ် အိုပျဉ်ထောင်ကျေးရွာတွင် အလွန်စိုးရိမ်စရာကောင်းသော ကူးစက်ရောဂါ ကြောင့် ယခုရက်ပိုင်း သေဆုံးကျွဲကောင်ရေ မှာ ၉ ကောင် ရှိနေပြီး ဖြစ်ပြီး လက်ရှိ အချိန်အတွင် လည်း တချို့ကျွဲခြံများတွင် ရောဂါ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ကျေးရွာသားများ ထံမှသိရသည်။
အိုပျဉ်ကျေးရွာသာတဦးဖြစ်သည့် ဦးမောင်နီချေက “ ကျွဲတွေ သေတာကတော့ တော်တော်စိုး ရိမ်စရာကောင်းပါတယ်။ အခုတကြိမ်သေတာက တောင်ပေါ်မှာ မဟုတ်ဘူး ၊ ရွာမှာရှိတဲ့ ကျွဲတွေပါ လိုက်သေတယ်ဆိုတော့ ရောဂါက တော်တော် ကြောက်စရာကောင်းတယ်။ ကျနော်တို့ ရွာက လယ်သမားတွေ အခု ရောဂါထပ်ဖြစ်မှာစိုးလို့ ကျွဲတွေကို ရောင်းဖို့ လုပ်နေကြပြီ ”ဟု ဧရာဝတီသို့ ပြောသည်။
ယင်သို့ ရွာရှိသည့် ကျွဲများသေဆုံးသည့် ကူးစက်ရောဂါမှာ အလွန်လျှင်မြန်ပြီး ရောဂါစဖြစ်သည်နှင့် ကျွဲများမှာ အသက်ရှု ကျပ်ပြီး ၊ အလေး၊ အပေါ သွားခြင်းမရှိဘဲ ၊ လည်ပင်ကြီးလာခြင်း ၊ ဗိုက်ဖောင်း ကား ထွက်လာခြင်း စသည့် လက္ခဏာများ ဖြင့် ရက်ပိုင်းတွင်း သေဆုံးသွားခဲ့ကြောင်း ၊ မွေးမြူရေး နှင့် ကုသရေး ဌာနများက ညွန်ကြားပေးခဲ့သည့် ဆေးများကို ထိုးသော်လည်း ကောင်းမွန်ခြင်းမရှိဘဲ ဆက် လက် သေဆုံး မှုများ ဖြစ်ပွားနေကြောင်း ကျေးရွာသားများက ဆိုသည်။
မင်းပြားမြို့နယ် ပန်းမြောင်းကြီး ချောင်းဖျားတွင် စက်တင်ဘာလအတွင်းက ကျွဲများ အစုလိုက် အပြုံလိုက် သေဆုံးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက စက်တင်ဘာလ ၂၃ ရက်နေ့က စတင်ကွင်းဆင်း စစ်ဆေးခဲ့ရာ ကျွဲ ၄၆ ကောင် သေဆုံးသည်ကို စာရင်းပြုစုနိုင်ခဲ့ပြီး သေဆုံးကျွဲများ၏ အရိုးများနှင့် ရေအိုင်ထဲ ရေများကို ရန်ကုန် ဓာတ်ခွဲခန်းသို့ ပို့ ဆောင်ထားကြောင်းလည်း မြို့နယ် မွေးမြူရေး နှင့်ကု သရေး ဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်က ဆိုသည်။
“ကျနော်တို့ အဲဒီကျွဲသေဆုံးမှုနဲ့ပတ်သက်လို့တော့ သေဆုံးသွား တဲ့ကျွဲတွေရဲ့ အရိုး ၊ ရေ၊ အစာ၊ အဲဒီနေရာက သဲမြေ တွေကို ရန်ကုန် ဓာတ်ခွဲခန်း ပို့ထားတာ အဖြေအထွက်သေးပါဘူး ။ လောလောဆယ် သံသယ ဖြစ်ဖွယ် တွေ့ရှိတာကတော့ ကျွဲ ၊ နွား လည်ချောင်းကွဲရောဂါကြောင့် သေဆုံးတာဖြစ်တယ်လို့ ဒီလိုပဲ ကောက်ချ ချထားပါတယ်” ဟု ၎င်းဧရာဝတီသို့ ပြောသည်။
အဆိုပါ ပန်းမြောင်းချောင်းဖျား ရိုးမတောင်တန်းပေါ်တွင် ကျွဲသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန အနေဖြင့် လက်ရှိအချိန်တွင် ကာကွယ်ဆေးများကို ထိုးပေးနေပြီး ကွဲျသေဆုံးခြင်းမှာ ကျွဲ၊ နွား လည် ချောင်းကွဲ ရောဂါကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု သံသယ ဖြစ်ဖွယ်ရာတွေ့ရှိထားကြောင်း ၊ သို့သော်လည်း ရန်ကုန် ဓာတ်ခွဲခန်းမှ တိကျသည့်အဖြေ ထွက်မလာသေးသည့် အတွက် လက်ရှိ အချိန်တွင် ကွင်းဆင်းပြီး ကာကွယ်ဆေးများကို လိုက်လံ ထိုး ပေးနေကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ရခိုင်တွင် ကျွဲနှင့် ဂုံးကောင်များ အစုအပြုံလိုက် သေဆုံးမှု ဖြစ်ပွားနေ