သတင်း

မန္တလေး-တရုတ် တိုက်ရိုက် လေကြောင်းလိုင်း ၅ ခု ရှိလာ

မန္တလေးနှင့် တရုတ်နိုင်ငံ အတွင်း တိုက်ရိုက် ပြေးဆွဲပေးနေသော လေကြောင်းလိုင်း ၅ ခု ရှိလာကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးဉာဏ်ထွန်းဦးက ဧရာဝတီကို ပြောသည်။

အဆိုပါ ၅ ခုမြောက်သည် တရုတ်လေကြောင်းလိုင်း တခုဖြစ်သော 9 Air က မန္တလေးနှင့် တရုတ်ပြည် ကွမ်ကျိုး တိုက် ရိုက် ခရီးစဉ်အား အောက် တိုဘာ ၂ ရက်က စတင်ကာ ပျံသန်း ပြေးဆွဲပေးခြင်း ဖြစ်သည်။

မန္တလေးနှင့် တရုတ်နိုင်ငံသို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှာ China Eastern ၊ Sichuan ၊ Donghai ၊ 9 Air နှင့် Myanmar Airways International တို့ ဖြစ်ကြောင်း သိရသည်။

9 Air လေကြောင်းလိုင်း ဥက္ကဋ္ဌ Mr. Ji Guangping က “မန္တလေးဟာ ကျောက်စိမ်းနဲ့ ပယင်း ဈေးကွက်ကြီးတဲ့ အတွက် မန္တလေးကို လာဖို့ ပြည်မက ခရီးသည်တွေက အရမ်း စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် အဖြစ် ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု အောက်တိုဘာ ၂ ရက်က မန္တလေး အပြည်ပြည် ဆိုင် ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သည့် ခရီးစဉ်သစ် ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ ခရီးစဉ်ကို ခရီးသည် ၁၈၀ ကျော် စီးနင်းနိုင်သည့် လေယာဉ်များဖြင့် အပတ်စဉ် အဂါၤ၊ ကြာသပတေးနှင့် စနေ တို့၌ ပုံမှန်ပြေးဆွဲသွားမည် ဖြစ်ပြီး ခရီးစဉ် ကြာချိန်မှာ စုစုပေါင်း ၁ နာရီ မိနစ် ၄၀ ခန့် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသည်များ အတွက် အဆင်ပြေစေရန် စရိတ် သက်သာသည့် (Low Cost Carrier) လေကြောင်းလိုင်း အဖြစ် ပြေးဆွဲသွားမည် ဖြစ်ပြီး ခရီးသည် ပိုများလာပါက ပြေးဆွဲသည့် အကြိမ်ရေ ထပ်တိုးရန် အစီအစဉ် ရှိသည်ဟု ဆိုသည်။

9 Air လေကြောင်းလိုင်းသည် ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် တည်ရှိ ကြောင်း၊ တရုတ် ပြည်တွင်း ခရီးစဉ်ပေါင်း ၄၀ ကျော် ပျံသန်းလျက် ရှိရာ ပြည်ပ ခရီးစဉ် အဖြစ် မန္တလေးမြို့ ပြီးလျှင် ဒီလ ကုန် ပိုင်းတွင် ကွမ်ကျိုး- ရန်ကုန် ထပ်မံ တိုးချဲ့ရန် စီစဉ်ထားကြောင်း သိရသည်။

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် နေ့စဉ် ဆိုက်ရောက်/ထွက်ခွာ ခရီးသည် အရေအတွက် ၃၅၀၀ ဝန်းကျင် ရှိပြီး အများစုမှာ တရုတ် ခရီးသွားများ ဖြစ်ကြောင်း တိုင်းဟိုတယ်နှင့် ခရီးသွားလာမှု ညွှန်ကြားရေး ဦးစီးဌာနက သိရ သည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူထားသည့် ဂျပန်အခြေစိုက် ကုမ္ပဏီဖြစ် သော MC-Jalux (MJas) airport services ကုမ္ပဏီ၏ ဒါရိုက်တာ Mr. Takahaski က “လက်ရှိမှာ တရုတ်-မန္တလေး ခရီးသွားလာမှုက မြင့်မားလာသလို လာမယ့် အနာဂတ်မှာလည်း ခရီးစဉ်တွေ၊ ခရီးသည်တွေ ထပ်တိုးလာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ပြည်ပ လေကြောင်းလိုင်း ၁၀ ခု၊ ပြည်တွင်း လေကြောင်းလိုင်း ၅ ခုတို့မှ ခရီးစဉ်များ ပြေးဆွဲလျက်ရှိကြောင်းလည်း သိရသည်။

Loading