ထိုင်းနိုင်ငံ ဒွန်းမောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖြစ်ပွားခဲ့သည့် တရုတ်ခရီးသွားတဦးအပေါ် လုံခြုံရေးဝန်ထမ်းက ကိုယ်ထိလက်ရောက် ထိုးကြိတ် ဆက်ဆံခဲ့မှုကြောင့် ထိုင်းနိုင်ငံသို့ မသွားရန် တရုတ်အစိုးရက သတိပေးချက် ထုတ်ပြန် ခြင်းမရှိဟု ဒုဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ်က ပြောကြား သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ မိမိတို့ အစိုးရအနေဖြင့် တရုတ်အစိုးရကို တောင်းပန်ပြီးဖြစ်ကြောင်း၊ တရုတ်အစိုးရကလည်း ထိုင်း အာဏာပိုင်များ၏ ကိုင်တွင်မှုအပေါ် ကျေနပ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာဝစ်က ဗုဒ္ဒဟူးနေ့တွင် ပြောသည်။
ဒွန်းမောင်းလေဆိပ်၌ တရုတ်ခရီးသည်နှင့် အချင်းများခဲ့သည့် လုံခြုံရေးဝန်ထမ်းကို အလုပ်မှ ဖြုတ် လိုက်ကြောင်း ဒုတိယ ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ယင်းဖြစ်စဉ်မှာ ပုဂ္ဂိုလ်ရေး ခိုက်ရန် ဒေါသ ဖြစ်ပွားခြင်းဟုသာ ဆိုနိုင်ကြောင်း ၎င်းက ကောက်ချက်ချသည်။
ယခင်တပတ် ကြာသပတေးနေ့က လေဆိပ်အတွင်း ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ်ကို အခြားတရုတ် ခရီးသည်တဦးက ဗီဒီယို ရိုက်ကူးကာ ဖေ့စ်ဘုတ်ပေါ်လွှင့်တင်ပြီးနောက် ထိုင်း လုံခြုံရေးဝန်ထမ်း အပေါ် ဝေဖန်မှုများ ကျယ်လောင်သွားခဲ့သည်။
ဗီဒီယိုမှတ်တမ်းထဲတွင် လုံခြုံရေးဝန်ထမ်းက တရုတ်ခရီးသွားကို ဆွဲတွန်းကာ မျက်နှာကို လက်သီးဖြင့် ထိုးကြိတ်လိုက် သည့်ဟန် မြင်တွေ့ခဲ့သည်။ နောက်ထပ် လုံခြုံရေး ဝန်ထမ်းတဦး ရောက်ရှိလာပြီး ကြားဝင်ဖြန်ဖြေမှုပါ ဗီဒီယိုမှတ်တမ်းထဲ ပါရှိခဲ့သည်။
အဆိုပါ တရုတ်ခရီးသွားမှာ တည်းခိုမည့်နေရာ မပါသည့်အပြင် သုံးစွဲရန် ငွေကြေးမပါသဖြင့် ဝင်ရောက်ခွင့် မရခဲ့ခြင်းဖြစ်ဟု သိရသည်။
ထိုင်းသို့ လာရောက်သည့် တရုတ်ခရီးသည်များကို ဂရုတစိုက်ရှိခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်းနှင့် ဇူလိုင်လက ဖူးခက်ကျွန်း စက်လှေမတော်တဆမှောက်သည့်ဖြစ်စဉ်နှင့် ယခုဒွန်းမောင်းလေဆိပ် ဖြစ်စဉ်များ မတိုင်မီကလည်း အစစအရာရာ အဆင်ပြေချောမွေ့အောင် ထိုင်းဘက်မှ ဧည့်ဝတ် ကျေခဲ့ပါကြောင်း ဗိုလ်ချုပ်ကြီးပရာဝစ်က ပြောကြား ခဲ့သည်။
ဖူးခက်ကျွန်းအနီး တရုတ်ခရီးသည် ၄၇ ဦးသေဆုံးခဲ့ရသည့် ဖီးနစ်စက်လှေ မုန်တိုင်းမိ တိမ်းမှောက်ပြီးနောက်ပိုင်း ယခုနောက်ဆုံးဖြစ်စဉ်သည်လည်း ထိုင်းခရီးသွားလုပ်ငန်းကဏ္ဍအတွက် အမည်းစက်ဖြစ်စေခဲ့သဖြင့် အစိုးရက ကြိုးစားဖာထေးနေရသည်။
ဆက်စပ်ဖတ်ရှု့ရန် – တရုတ်ခရီးသွား ထိုးကြိတ်ခံရပြီးနောက် ခရီးသွားများ ယုံကြည်မှုရရန် ထိုင်းဝန်ကြီးချုပ် လိုလား