ကနေဒါနှင့်ဂျာမနီကဲ့သို့ မဟာမိတ်နိုင်ငံများအပေါ် သမ္မတဒေါ်နယ်ထရမ့်၏ ပြောဆိုတိုက်ခိုက်ပြီး တနှစ်အကြာ အစဉ် အလာ မဟာမိတ်နိုင်ငံများ အကြား အမေရိကန်၏ ပုံရိပ်မှာ ပိုမိုဆိုးရွားလာ ခဲ့ကြောင်း ထိပ်တန်းသုတေသန စစ်တမ်း တစောင်က ဖော်ပြလိုက်သည်။
ဝါရှင်တန်အခြေစိုက် Pew သုတေသနဌာနက ၂၅ နိုင်ငံတွင် စစ်တမ်းကောက်ယူခဲ့ရာ ကမ္ဘာတလွှား ဒေါ်နယ်ထရမ့်၏ ခေါင်းဆောင်မှု စွမ်းရည်အပေါ် ယုံကြည်မှုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ထက် လျော့နည်းနေကြောင်း တွေ့ရှိရသည်။
၂၀၁၇ ဇန်နဝါရီလတွင် အာဏာရလာပြီးနောက် ထရမ့်သည် အမေရိကန်ကို ရာသီဥတုဆိုင်ရာ ပါရီ သဘောတူညီချက်နှင့် အီရန် နျူကလီးယား သဘောတူညီချက်ကဲ့သို့ နေရာများမှ ဆွဲထုတ်ခဲ့ပြီး၊ ရုရှားသမ္မတပူတင်နှင့် မြောက်ကိုရီးယား ကင်ဂျုံ အန်း တို့ကဲ့သို့ အာဏာရှင်ခေါင်းဆောင်များနှင့် နွေးထွေးစွာဆက်ဆံကာ အိမ်နီးချင်း နိုင်ငံများနှင့် နေတိုးမဟာမိတ်နိုင်ငံ များကို ဝေဖန်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လက ကနေဒါနိုင်ငံတွင် ကျင်းပသည် G7 ထိပ်သီးအစည်းအဝေးအပြီး အိမ်ရှင် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကို ရိုးသားမှု အင်မတန်နည်းပြီး အားပျော့သည်ဟု သမ္မတထရမ့်က ပြက်ရယ်ပြုကာ အမေရိကန် မဟာမိတ်များနှင့် ပူးတွဲကြေညာချက် လက်မှတ်ထိုးရန် ငြင်းခဲ့သည်။ ဂျာမနီနိုင်ငံကိုလည်း ၎င်း၏ကုန်သွယ်ရေး ပိုငွေပြမှု၊ ကာကွယ်ရေးအသုံးစရိတ်လျှော့ချမှုနှင့် ရုရှားဓာတ်ငွေ့အပေါ် မှီခိုနေရမှုများနှင့်ပတ်သက်ပြီး ထရမ့်က ကြိမ်ဖန်များစွာ ထိုးနှက်ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က နယူးယောက်မြို့ ကုလသမဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောရာ၌ အိမ်ဖြူတော်သို့ မိမိ ရောက်ရှိပြီး နှစ်နှစ်တာအတွင်း သမိုင်းအဆက်ဆက် မည်သည့် အမေရိကန် အစိုးရထက်မဆို သာလွန်စွာဖြင့် မိမိအစိုးရက ပိုမိုအောင်မြင်အောင် စွမ်းဆောင်နိုင်ကြောင်း အတိ အလင်းပြောကြားလိုက်ခြင်းဖြင့် ကမ္ဘာ့ခေါင်းဆောင်များ ရယ်စရာ ဖြစ်အောင် ထရမ့် စွမ်းဆောင်ခဲ့ သည်။
ထရမ့် အာဏာရသည့် ပထမဆုံးနှစ် ၂၀၁၇ ခုနှစ်ကို အဓိကထား၍ ကောက်ယူခဲ့သော စစ်တမ်းအရ အမေရိကန်ပုံရိပ်သည် ၂၀၁၈ ခုနှစ်တွင် နိုင်ငံအများအပြားနှင့် ထိတွေ့မှု ပိုဆိုးခဲ့ရာ ဥရောပနိုင်ငံများ နှင့် သိသိသာသာ ဆက်ဆံရေးကျဲလာခဲ့သည်။
ဂျာမနီ၏ အမေရိကန်အပေါ် အကောင်းမြင်မှုမှာ ၃၀ရာခိုင်နှုန်းရှိပြီး၊ ပြီးခဲ့သည့်နှစ်ကထက် ၅ရာခိုင် နှုန်း ကျဆင်းကာ ပြင်သစ်နှင့် ကနေဒါတို့က ၃၈ ရာခိုင်နှုန်းနှင့် ၃၉ ရာခိုင်နှုန်း အသီးသီးရှိကြသော် လည်း ထိုနိုင်ငံများတွင်လည်း ယမန် နှစ်ကထက် ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်ဟု သိရသည်။ မက္ကစီကိုကတော့ ၃၂ ရာခိုင်နှုန်းသို့ ရေချိန်မြင့်တက်လာခဲ့သည်။
အမေရိကန်အပေါ် အကောင်းအမြင်ဆုံးနိုင်ငံများမှာ အစ္စရေး၊ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့ဖြစ်ပြီး ယင်းနိုင်ငံအားလုံး က ၈၀ ရာခိုင်နှုန်းအထက်တွင် ရပ်တည်နေကြပြီး၊ ထရမ့်၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ ဂျာမနီမှာ ၁၀ရာခိုင်နှုန်း၊ ပြင်သစ်တွင် ၉ရာခိုင်နှုန်းနှင့် စပိန်မှာ ၇ရာခိုင်နှုန်း ယုံကြည် စိတ်ချကြောင်း ဆိုသည်။
စစ်တမ်းကောက်ယူခဲ့သော ၂၅ နိုင်ငံအနက် အများစုဖြစ်သည့် နိုင်ငံ ၂၀ ကမူ ထရမ့်အပေါ် အယုံအကြည် ကင်းမဲ့နေပြီး၊ နိုင်ငံအားလုံးတွင် ပျမ်းမျှ ၂၇ ရာခိုင်နှုန်း တုံ့ပြန်မှုက ထရမ့်အပေါ် ၎င်းတို့ယုံကြည်ကြောင်း ပြသနေကာ ၎င်းရာခိုင်နှုန်းများ ကို ပူတင်အပေါ် အကောင်းမမြင်မှု ၃၀ ရာခိုင်နှုန်းနှင့် ရှီကျင့်ဖျင်အပေါ် အကောင်းမမြင်မှု ၃၄ ရာခိုင်နှုန်းတို့ဖြင့် နှိုင်းယှဉ်နိုင် သည်။
ယင်းစစ်တမ်းတွင် အများစုက ယုံကြည်မှုရှိသည့်တဦးတည်းသော ခေါင်းဆောင်အဖြစ် ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာကယ်ကို မီးမောင်းထိုးပြလိုက်ပြီး သူမက ၅၂ ရာခိုင်နှုန်း ရှိသည်။ သူမ၏နောက်တွင် ပြင်သစ်သမ္မတ အီမန်နျူယ် မက်ရွန်က ၄၆ ရာခိုင်နှုန်းဖြင့် ရပ်တည်နေသည်။
လူထုအခြေပြု လွတ်လပ်ခွင့်အပေါ် ထရမ့်အစိုးရ၏ အနေအထားကို အနောက်အုပ်စုမဟာမိတ် နိုင်ငံ များက အမြင်မှေးမှိန်လာခဲ့ရာ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျနှင့်မက္ကစီကိုနိုင်ငံတို့မှ သဘောထားအမြင်အများစုက အမေရိကန်ပြည်သူများ၏ ပုဂ္ဂလိ လွတ်လပ်ခွင့်ကို အစိုးရအနေဖြင့် တလေးတစားမရှိကြောင်း ထောက်ပြကြသည်။
ထရမ့်၏ “အမေရိကန်သည်သာ ပထမ” ဟူသော ရပ်တည်ချက်ကို ထင်ဟပ်လျက် စစ်တမ်းကောက်ယူ ခဲ့သည့် ၂၅ နိုင်ငံအနက် အများစုဖြစ်သော ၁၉ နိုင်ငံတို့က အမေရိကန်သည် နိုင်ငံတကာ မူဝါဒချမှတ် ရာတွင် အခြားနိုင်ငံများ၏ အကျိုးစီးပွားကို ထည့်မတွက်ကြောင်း ဆိုကြသည်။
အထက်ဖော်ပြပါစစ်တမ်းကို မေလနှင့်သြဂုတ်လအတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူ ရာ တနိုင်ငံချင်းစီရှိ ပြည်သူ ၉၀၀ ကျော်ကို တွေ့ဆုံမေးမြန်းမှုအပေါ် အခြေခံ၍ တွက်ချက်ပြုစုထား ကြောင်း သိရသည်။