သတင်း

မော်တင်စွန်း ဟိုတယ်ဇုန် စီမံကိန်း အများပိုင် ဆောင်ရွက်မည်ဟု တိုင်းဝန်ကြီးချုပ် ပြော

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်ရှိ မော်တင်စွန်းဘုရား အနီးတွင်ဆောက်လုပ်နေသော ဟိုတယ်ဇုန်စီမံကိန်းကို စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေ ဦးဆောင်၍ တဦးတည်း ဆောင်ရွက်မည် မဟုတ်ဘဲ အများပိုင် ကုမ္ပဏီ အဖြစ် ဆောင်ရွက်ရန် ခွင့်ပြုထားကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

၎င်းက “ကျနော်တို့ပဲ ဦးဆောင်ပြီးတော့ ဒါလုပ်ပါတယ်။ ဇေကမ္ဘာ ဦးဆောင်ပြီးတော့ လက်ဝါးကြီး အုပ်ပြီး လုပ်တာမဟုတ်ပါဘူး။ ဘုရားနဲ့ ပတ်သက်ပြီး အာရုံအတော်ရှိတဲ့ နေရာ ဖြစ်တဲ့ အတွက် ဒါကို သူကအရင်ဆုံး စလုပ်ခြင်း ဖြစ်ပါတယ်။ကျနော်တို့ ရည်ရွယ်တာကတော့ Beach တွေ ဟိုတယ်တွေ ဖွံ့ဖြိုးတိုးတက်ရမယ်။ မိုးတွင်းဆိုလည်း သင်္ဘောနဲ့ သွားနိုင်မယ်။ သင်္ဘောအပေါ်ဖျော်ဖြေမှုတွေနဲ့ ဆိုရင် အဆင်ပြေမယ်” ဟု ယမန်နေ့က နေပြည်တော်ရှိ MICC -2 တွင် ကျင်းပသည့် အမျိုးသား မြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ် အပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရင်းအနှီးလိုအပ်ပါက ဇေကမ္ဘာ ကုမ္ပဏီမှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီ တခုထဲ ဦးဆောင်၍ ဆောင်ရွက်မည် မဟုတ်ဘဲ အများပိုင် ကုမ္ပဏီ အနေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် မည်သူဘဲ လုပ်လုပ် တိုင်းပြည် ဖွံ့ဖြိုးရန်အတွက် စိုက်ပျိုးရေးဇုန်များ၊ စက်မှုဇုန်များ၊ ကမ်းခြေများ ၊ ဟိုတယ်ဇုန်များ ဖွံ့ဖြိုးတိုးတက်ပါက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်လမ်းများရခြင်း၊ နိုင်ငံခြားဝင်ငွေ ရရှိရန် ရည်ရွယ်ကြောင်း ဝန်ကြီးချုပ်ဦးလှမိုးအောင်က ရှင်းပြသည်။

လက်ရှိတွင် ယင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်စိုက်ပျိုးရေး ဇုန်များ၊ စက်မှုဇုန်များ၊ ဟိုတယ်များ၊ကမ်းခြေများ ဖော်ဆောင်နိုင်ရေး ကနဦးလေ့လာဆန်းစစ်မှုများပြု လုပ်ရန် တိုင်းဒေသကြီးအစိုးရမှခွင့်ပြု ထားပြီဖြစ်ကြောင်း ၊ ယင်းဒေသတွင်မြေတိုင်းတာမှုများကို တိုင်းဒေသကြီး အစိုးရမှ မြေစာရင်းအားစစ်ဆေးခိုင်းခြင်းဖြစ်ပြီး မြေယာသိမ်းဆည်းပစ်ခြင်းမဟုတ်ကြောင်း သိရသည်။

ဇေကမ္ဘာ ကုမ္ပဏီ မန်နေဂျာ ဦးဝေဖြိုးလွင်က “ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဟိုတယ်ဇုန်လုပ်မယ်၊ ကျနော်တို့ ဇေကမ္ဘာ ကုမ္ပဏီက နေပြီး တော့ မ တည်ပေးမယ်။ ပြီးရင် ဧရာဝတီတိုင်းမှာရှိတဲ့ ကြိုက်တဲ့သူ အကုန်လုံး ဘယ်သူမဆို လာရောက်ပြီး အများပိုင် ကုမ္ပဏီ အနေနဲ့ လုပ်လို့ ရပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

ဧရာဝတီတိုင်း ဒေသအတွင်း မော်တင်စွန်းကမ်းခြေ ဖွံ့ဖြိုးရေး ဇုန်ဟု သတ်မှတ်ထားကြောင်း၊ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စီမံကိန်း ဆောက်လုပ်မည့်နေရာတွင် တိုင်းအဆင့် အခြေခံလေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိကြောင်း ၇ မိုင်ကျော်ရှိသည့် ကမ်းခြေ တွင် ဘုရားဖူးများ ရာသီမရွေး လာရောက်နိုင်ရန် စီစဉ်ထားကြောင်း ပြောသည်။

ယင်းဒေသ အား ဖွံ့ဖြိုးတိုး တက်စေလိုသော တိုင်းအစိုးရ၏ ဆန္ဒကြောင့် ဇေကမ္ဘာ ကုမ္ပဏီ မှ ဦးခင်ရွှေမှ ပဏာမ ပြုလုပ်ပေးခြင်းဖြစ်ပြီး လက်တွေ့တွင် အများပိုင်အဖြစ်လုပ်ဆောင်ရန် ဒေသတွင်းရှိ ကုမ္ပဏီ များနှင့်ဆောင်ရွက်ရန်ပြောဆိုခဲ့ကြောင်း ၊အစိုးရအဖွဲ့ထံတွင်လည်း တရားဝင် ရှင်းလင်းပြောကြားထားကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ အထင်ကရ စေတီတော်တဆူဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်ရှိ ဆံတော်ရှင် မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်စတီးသင်္ကန်း ကပ်လှူခြင်း၊ စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်အသစ် များ ကပ်လှူပူဇော်ပွဲကို ယမန်နေ့က ကျင်းပခဲ့ရာ ကျိုက်ထီးဆောင်း ဆရာတော် ဘဒ္ဒန္တ နာဂဒီပ၊ တိပိဋ္ဋကဆရာတော်များနှင့် မော်တင်စွန်း ဆရာတော်တို့အပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှ မိုးအောင်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် အပါအဝင် အလှူရှင်များ တက်ရောက်ခဲ့သည်ဟုလည်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading