ယခင်စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဟန့်အတားဖြစ်စေသည်ဟု ဝေဖန်ခံရသည်မှာ ကြာပြီဖြစ်သည်။ ထိုဖွဲ့စည်းပုံဥပဒေသည် ဥပဒေပြုလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို အာမခံချက်ပေးထားပြီး တပ်မတော်ခေါင်းဆောင်ပိုင်းက လုံခြုံရေးနှင့် ပတ်သက်သော ဝန်ကြီးဌာန သုံးခုကို ထိန်းချုပ်ခွင့် ပေးထားသည်။ သို့သော် လူသိနည်းသောအချက်တခုမှာ ထို ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာအစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိုလည်း အဟန့်အတား ဖြစ်စေခြင်းပင် ဖြစ်သည်။
အဂတိလိုက်စားကြောင်းတွေ့ရှိရသူ မည်သူမဆို ပြစ်ဒဏ်ချမှတ်ခံရမည်ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ဖေါ်ပြထားသော်လည်း ၂၀၁၄ ခုနှစ်ကမှ ဖွဲ့စည်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အရေးယူမှုမှ ကင်းလွတ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က ခံစားခွင့်ရနေသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် တပ်မတော်နှင့် ပတ်သက်သော တိုင်ကြားမှုများရှိလာပါမူ မည်သို့မှ အရေးယူနိုင်ခြင်း မရှိပေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေက တပ်မတော်နှင့် ပတ်သက်သော အဂတိလိုက်စားမှုအပါအဝင် အရေးကိစ္စများကို ဌာနတွင်း ယန္တရားဖြင့် ကိုင်တွယ်ခွင့်ပေးထားသောကြောင့် တပ်မတော်နှင့် ပတ်သက်သော အမှုများသည် ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ပါဝင်ခြင်းမရှိကြောင်း ကော်မရှင် အကြီးအကဲ ဦးအောင်ကြည်၏ အဆိုအရ သိရသည်။
အဖွဲ့အစည်းတရပ် ဖြစ်သည့် တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ရုံသာမက စီးပွားရေးတွင်လည်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (UMEHL) အပါအဝင် ၎င်း၏ကိုယ်ပိုင် ကုမ္ပဏီများအောက်တွင် စီးပွားရေးလုပ်ကိုင်သည်။ တပ်မတော်နှင့် ပတ်သက်သော အဂတိလိုက်စားမှုများကို တိုင်ကြားမှုများရှိလာပါက မည်သို့လုပ်ဆောင်နိုင်သည်နှင့် တရားမျှတမှု ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ပြည်သူလူထုက သိလိုကြသည်။
“တပ်မတော်နဲ့ပတ်သက်လို့ကတော့ (အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကိုလည်း) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူတို့ဖာသာ သူတို့ စီမံခန့်ခွဲခွင့်ရှိတဲ့ စီမံခန့်ခွဲနိုင်တဲ့ ပြဿနာများ ဖြစ်ပါတယ်။ ကျနော်တို့ စီမံခန့်ခွဲလို့ မရနိုင်ပါဘူး” ဟု ဦးအောင်ကြည်က မကြာသေးမီက လွတ်လပ်သော အာရှအသံ သတင်းဌာန ပြောဆိုခဲ့သည်။
ဦးအောင်ကြည်သည် စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် ၎င်း၏လုပ်ပိုင်ခွင့်နှင့်ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃ (ခ) နှင့် ပုဒ်မ ၃၁၉ ကို ရည်ရွယ်ပြောကြားခြင်းဖြစ်ပြီး ပုဒ်မ ၃၁၉ တွင် “ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ) အရ စစ်ဘက်ဆိုင်ရာ တရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်” ဟု ဖေါ်ပြထားသည်။
ပုဒ်မ ၃၁၉ သည် ဖွဲ့စည်းပုံပါ ပုဒ်မများပြင်ဆင်ရေးတွင် ပြင်ချင်ပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး၏ ၇၅ ရာခိုင်နှုန်း၏ ကြိုတင်ထောက်ခံမှုနှင့် နိုင်ငံလုံးဆိုင်ရာ ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ထောက်ခံမှု ဖြင့်သာ ပြင်ဆင်နိုင်သည့် ပုဒ်မများထဲတွင် ပါဝင်သည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရပ်ဘက်ဝန်ထမ်းများအပေါ် အဂတိလိုက်စားသည်ဟု တိုင်ကြားသော တိုင်တန်းချက်များကို စုံစမ်းစစ်ဆေးမှုများ အတော်များများ ပြုလုပ်လာသည်ကို တွေ့ရသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဦးအောင်ကြည်ကို ကော်မရှင်ဥက္ကဌသစ်အဖြစ်ခန့်အပ်ပြီးချိန်မှ စတင်ပြီး တိုင်ကြားမှုများကို ပိုမိုအရေးယူလာခဲ့သည်။ လက်ရှိအချိန်အထိ အထင်ရှားဆုံးမှာ လူသတ်မှုတခုအတွက် ရန်ကုန်တိုင်းဥပဒေချုပ် ပါဝင်ပတ်သက်နေသည့် အဂတိလိုက်စားမှုဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် မည်သည့် တိုင်ကြားမှုမဆို အားလုံးကို လက်ခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခြင်း၊ လက်ခံစစ်ဆေးခြင်း သို့မဟုတ် အထောက်အထား မပြည့်စုံသောကြောင့် ပယ်ချခြင်း စသည်တို့ကို လုပ်ဆောင်ကြောင်း ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။
တိုင်ကြားမှုအများစုသည် မြေယာအငြင်းပွားမှု၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအရာရှိများ လာဘ်စားမှု တို့နှင့် ပတ်သက်သည်။
သို့သော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် တပ်မတော်သားများနှင့် ပတ်သက်သည့် မည်သည့်တိုင်ကြားမှုကိုမျှ လက်ခံရရှိခြင်း မရှိသေးကြောင်း ဧရာဝတီသတင်းဌာနသို့ ၎င်းက အတည်ပြုပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းကုန်ဆုံးနေသော ကျောက်စိမ်း ကုမ္ပဏီများထံမှ လာဘ်ယူကာ ကျောက်ထုတ်ခွင့်ပေးထားသောကြောင့် အဆင့်မြင့် တပ်မတော်အရာရှိ နှစ်ဦးကို မေလက အရန်အင်အားသို့ပြောင်းခဲ့သည်။ ထိုအမှုသည် လက်ရှိအချိန်အထိ တပ်မတော်က တပ်မတော်သားများကို အကျင့်ပျက်ခြစားမှုအတွက် အရေးယူသည့် တခုတည်းသော လူသိရှင်ကြား ထုတ်ပြန်သည့် အမှုဖြစ်သည်။
ထိုသို့တပ်မတော်သည် ကင်းလွတ်ခွင့်ရနေသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုအပ်ခြင်းနှင့် အခြားဝန်ကြီးဌာန ၂၁ ခုနှင့် ပြည်ထောင်စု အဖွဲ့အစည်းများနှင့်မတူဘဲ မည်သည့်အတွက် တပ်မတော်အရာရှိများသည် တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၏ ပြင်ပသို့ရောက်နေရသည်ကို ပြည်သူလူထုအကြားတွင် မေးခွန်းထုတ်စရာဖြစ်နေသည်။
ရာဇဝတ်မှု ကျူးလွန်သောအခါ ပြစ်မှုဥပဒေပြဌာန်းချက်အရ တရားရုံးက စီရင်ခွင့်ရှိရမည် ဖြစ်သောလည်း တပ်မတော်သားများကို တရားစီရင်ရေးစနစ်၏ စီရင်ပိုင်ခွင့်မှ ဖယ်ထုတ်ထားသော ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများသည် မျှတမှု မရှိကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်ကို ပူးတွဲတည်ထောင်သူ ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
“ကျနော် လက်လှမ်းမှီတဲ့ နိုင်ငံကြီးတွေမှာ လေ့လာမိသလောက် စစ်တပ်က လာဘ်စားမှုကို စစ်တပ်ကပဲ စုံစမ်းစစ်ဆေးတာမျိုး မရှိဘူး။ ဒါက ပြစ်မှုပဲ။ ပြစ်မှုဆိုရင် ပြစ်မှု ဥပဒေဆိုင် ဥပဒေပြဌာန်းချက်အရ စီရင်ခွင့်ရှိတဲ့ တရားရုံးက စီရင်ခွင့်ရှိတယ်” ဟုလည်း ၎င်းက ရှင်းပြသည်။
“ဥပဒေ ရှုထောင့်က ကြည့်မယ်ဆိုရင် ပုဒ်မ ၄၃၆ အရ ပြည်ထောင်စု လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မျှော်လင့်ချက်မရှိဘူး၊ နည်းလမ်းမရှိဘူး။ ၇၅ ရာခိုင်နှုန်းရှိတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံး တစိတ်တဝမ်းတည်း သဘောတူပြီး၊ သတ္တိရှိလို့ပဲဖြစ်ဖြစ်၊ ရူးလို့ပဲဖြစ်ဖြစ် ထောက်ခံလိုက်တဲ့ တပ်မတော်သားကိုယ်စားလှယ် မဲ တမဲရ ရင်တောင်မှ လုပ်ငန်း တဝက်ပဲပြီးတဲ့ အဆင့်မှာပဲရှိမှာ” ဟု ဦးသိန်းသန်းဦး ရှင်းပြသည်။
“ဥပဒေ ရှုထောင့်ကပဲ ပြောမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ကို ပုဒ်မ ၄၃၆ က ဟန့်တားထားတဲ့အတွက် ဖွဲ့စည်းပုံက လွှတ်တော်ထဲ ပြင်ဖို့က လုံး၀ မဖြစ်နိုင်ဘူး။ သူက ရွေးချယ်တင်မြှောက်ထားတဲ့ ၄ ပုံ ၃ ပုံ (၇၅ ရာခိုင်နှုန်း) က အားလုံး တယောက်မကျန် တညီတညွတ်တည်း ပြင်ဆင်ဖို့ သဘောတူတယ်ဆိုရင် ၄ ပုံ ၃ ပုံရပီ။ အဲ့တာနဲ့တင် မရသေးဘူး။ တဖက်က အလိုလို ခန့်ထားခံရတဲ့ တပ်မတော်သားကိုယ်စားလှယ် ထဲက တမဲရဖို့လိုတယ်။ ရူးနေတဲ့ သူသော်လည်းကောင်း၊ သိပ်သတ္တိကောင်းတဲ့ သူရဲကောင်းသော်လည်းကောင်း အမျိုးအစား တခုခု ဖြစ်လိမ့်မယ်။ အဲလိုလူမျိုး တပ်မတော်သားကိုယ်စားလှယ်ထဲက အဲလို တယောက်က မဲပေးမှ ဆန္ဒခံယူပွဲကို ရောက်မယ်” ဟုလည်း ဆိုသည်။
လွှတ်တော်ရှိ ကိုယ်စားပြုသော အခြားပါတီများမှာလည်း များပြားသောကြောင့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းရှိသော အရပ်သားကိုယ်စားလှယ်များအားလုံး၏ ထောက်ခံမှုကလည်း မဖြစ်နိုင်ဟု ယူဆရသည်။ အခြားလုပ်ငန်း တဝက်ဖြစ်သော ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ၏ ထက်ဝက်ထံမှ ထောက်ခံမဲ ရရှိရေးသည်လည်း လွယ်ကူလှသည် မဟုတ်ချေ။
တပ်မတော်က ငြိုငြင်မည်စိုးသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်သော အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သတိကြီးကြီးထားပြီး လုပ်ဆောင်နေရသည်။ သို့သော် ၎င်းတို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမူကို ဆက်လက်ကိုင်စွဲကြောင်း NLD က အမြဲပြောသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ဆွေးနွေးမှုများရှိနေကြောင်း NLD အစိုးရ ဝန်ကြီးတဦးဖြစ်သော ဦးကျော်တင့်ဆွေက စက်တင်ဘာလက ပြောကြားခဲ့သည်။
“ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အရေးကြီးဆုံးက တပ်မတော်ပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ပြောတယ် (ဖွဲ့စည်းပုံပြင်ဖို့) ၇၅ ရာခိုင်နှုန်းကျော်ရမယ်ဆိုတော့ တပ်မတော်သားတဦး အနည်းဆုံး ပါရမယ်။ တကယ်တော့ မဟုတ်ပါဘူး။ သာမန် တပ်မတော်သားမဟုတ်ပါဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များက ကျနော်တို့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာလျှင် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလည်း ရမယ်။ နိုင်ငံမှာ ခုလက်ရှိ ဖြစ်နေတဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးကလည်း ဒီအပေါ်မှာပဲ မူတည်နေတယ်ဆိုတာ သူတို့ လက်ခံလာတဲ့နေ့မှာ မိမိတို့ရဲ့ သဘောအလျောက် ပြုပြင်ပြောင်းလဲဖို့ သဘောတူလာမှသာ ဒီဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးက ဖြစ်နိုင်တာပါ” ဟု NLD ပြောခွင့်ရသူ ဦးမျိုးညွန့်ပြောသည်။
အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ ပြုလုပ်သည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို NLD က နောက်ထပ် နည်းလမ်းတခု အဖြစ် ရှုမြင်သည်။ ဒီမိုကရက်တစ် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံပေါ်ပေါက်ရေးအတွက် ပြည်ထောင်စု သဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးပွဲများ ကျင်းပနေခြင်းဖြစ်သည်။
“အဲဒီနည်းလမ်းနဲ့ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို) ပြင်ဆင်မယ်ဆိုရင် ပိုပြီး ထိရောက်လျင်မြန်တဲ့နည်း ဖြစ်နိုင်ပါတယ် ” ဟု ဦးမျိုးညွန့်က ပြောသည်။
တပ်မတော်အကြီးအကဲနှင့် သူ၏လက်အောက်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးများ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ရန် နိုင်ငံရေးအရ ဆန္ဒရှိမည်၊ မရှိမည်ကို ကြိုတင်ခန့်မှန်းရ ခက်သော်လည်း ၎င်းတို့ ချဉ်းကပ်မှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးမျိုးညွန့်ပြောသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုလှုပ်ရှားမှုအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး ၂၀၁၄ ခုနှစ်က လက်မှတ်များကောက်ခံခဲ့ရာ လူပေါင်း ၆ သန်းက လက်မှတ်ရေးထိုးထားသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးတောင်းဆိုမှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ပိတ်ပင်ထားသည့် ပုဒ်မ ၅၉ (စ) အပါအဝင် အခြားပုဒ်မများ ပါဝင်သည်။
သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပီး အာဏာရလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ချဉ်းကပ်မှု နည်းလမ်း ပြောင်းလဲလာပြီး တပ်မတော်ကို လူသိရှင်ကြားဝေဖန်ခြင်းကို ရှောင်ရှားလာသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူလူထု ခြောက်သန်းခန့်က လက်မှတ်ထိုးတောင်းဆို ထားခြင်း နှင့် လူထုထောက်ခံမှုနှင့် လွှတ်တော်တွင် အများစုနေရာ ရရှိထားချိန် လူထုအားဖြင့် ရှေ့ဆက်တိုး လုပ်ဆောင်ပါက တပ်မတော်က ချောင်ပိတ် ဖိအားပေးခံရသည်ဟု မြင်သွားမည်ကို မလိုလားကြောင်း ဦးမျိုးညွန့်ပြောသည်။