သတင်း

မြို့သစ်စီမံကိန်းမှာ အာဏာ အလွဲသုံးစားလုပ်ဟု ရန်ကုန်တိုင်းအစိုးရ စွပ်စွဲခံရ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းအစိုးရက လွှတ်တော်၏ ခွင့်ပြုချက် ကြိုတင်ရယူခြင်းမရှိဘဲ ရန်ကုန်မြစ် အနောက်ဘက်ကမ်းမှ အငြင်းပွား ဖွယ်ရာ မြို့သစ် စီမံကိန်းတွင် ကျပ်ငွေ ၁၀ ဘီလီယံ(ဒေါ်လာ ၆.၅သန်း) ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အာဏာ အလွဲသုံး စား ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံနေရသည်။

မတ်လအတွင်းတွင် ရန်ကုန်တိုင်း အစိုးရက ရန်ကုန်မြစ် တဖက်ကမ်းရှိ မြေဧက ၂၀၀၀၀ ပေါ်တွင် တည်ဆောက်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ရန် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ(NYDC) ကို တည်ထောင်ခဲ့သည်။

ယင်းလအတွင်း ရန်ကုန်၌ ပြုလုပ်ခဲ့သော ကုမ္ပဏီ စတင်တည်ထောင်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြို့သစ်သည် အလုပ်အကိုင်နေရာ ၂ သန်း ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားကာ NYDC အား အစိုးရက အပြည့်အဝ ပိုင်ဆိုင်သည်ဟု ပြောဆိုခဲ့သည်။

NYDC ကို ရန်ကုန်တိုင်း အစိုးရမှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က Yoma Strategic Holdings မှ Mr. Serge Pun ခေါ် ဦးသိမ်းဝေနှင့် အတူ ဦးဆောင်သည်။ Yoma Strategic Holdings သည် စင်ကာပူ စတော့ အိပ်ချိန်းတွင် စာရင်းသွင်းထားသည့် မြန်မာနိုင်ငံမှ အိမ်ခြံမြေ ပိုင်ဆိုင်မှုလုပ်ငန်းတခု ဖြစ်သည်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း George Yoe က လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဒါရိုက်တာ အဖြစ် ပါဝင်သည်။

ယခုအချိန်အထိ စီမံကိန်းက ရေးဆွဲဆဲ အဆင့်မှာသာ ရှိနေသေးသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း အစိုးရဘတ်ဂျက်နှင့် ပတ်သက်၍ စာရင်းစစ်ချုပ်၏ အစီရင်ခံစာ၌ တိုင်းအစိုးရက လွှတ်တော်ကို အသိပေးခြင်းမရှိဘဲ Yangon Metropolitan Development Public Company Limited ၏ ရန်ပုံငွေ ကျပ် ၆၄ ဘီလီယံထဲမှ ကျပ် ၁၀ ဘီလီယံကို NYDC သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ အများပိုင် ကုမ္ပဏီကို ရန်ကုန်တိုင်းအစိုးရက တိုင်းအတွင်း ဖွံ့ဖြိုးရေးမြှင့်တင်ရန်အတွက် ပြီးခဲ့သည့် နှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အစိုးရက ကုမ္ပဏီ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ ရှယ်ယာ အဖြစ် ကျပ် ၆၄ ဘီလီယံ ထည့်ဝင်ခြင်းကို လွှတ်တော်က အတည်ပြုခဲ့သည်။

ကုမ္ပဏီဒါရိုက်တာများထဲတွင် ဒေါ်နီလာကျော် နှင့် ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းတို့ ပါဝင်သည်။

အောက်တိုဘာလ ၂ ရက်နေ့ စာရင်းစစ်ချုပ်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်၌ ကိုယ်စားလှယ်များ ဆွေးနွေးကြရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက NYDC သို့ ၁၀ ဘီလီယံကျပ် လွှဲပြောင်းပေးခဲ့ခြင်းကို လွှတ်တော်က မသိကြောင်းနှင့် လွှတ်တော်တွင် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ထောက်ပြခဲ့သည်။

အခြေခံဥပဒေတွင် ပြည်နယ် သို့မဟုတ် တိုင်း အစိုးရများက အကောင်အထည်ဖော်သည့် စီမံကိန်းများကို သက်ဆိုင်ရာ လွှတ်တော်က အတည်ပြုပေးရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသည်။

ကျပ် ၁၀ ဘီလီယံ ထဲမှ ကျပ် ၉၃ သန်းကို ကုမ္ပဏီက သုံးစွဲပြီး ဖြစ်သည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ကျပ် သန်း ၅၀ မှာ ဝန်ထမ်း လစာအတွက် သုံးစွဲခြင်း ဖြစ်ပြီး မြို့သစ်စီမံကိန်း ဒီဇိုင်းအတွက် ၃၂ သန်း၊ အထွေထွေ အသုံးစရိတ် ၇ သန်း၊ ကုမ္ပဏီ ဖွင့်လှစ်သည့် အခမ်းအနားအတွက် ကျပ် ၃ သန်းနှင့် ဧပြီလအတွင်းက စီမံကိန်း ပထမအဆင့်အတွက် အခြေခံ အဆောက်အအုံ ပံ့ပိုးပေးရန် ဟောင်ကောင်တွင် စာရင်းသွင်းထားသည့် China Communications Construction Co. Ltd. (CCCC) နှင့် မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အတွက် ကျပ် ၁ သန်းဖြစ်သည်။

“သူတို့က ကျပ် ၉၃ သန်း သုံးခဲ့တယ်။ ဒါက နိုင်ငံပိုင် ပိုက်ဆံတွေကို သူတို့ ကိုယ်ပိုင်လို သဘောထားပြီး သုံးစွဲတဲ့ လုပ်ရပ် တခု ဖြစ်ပါတယ်။ တိုင်းအစိုးရက သူ့ကိုပေးအပ်ထားတဲ့ အခွင့်အာဏာထက် ကျော်လွန်ပြီး လုပ်ဆောင်နေပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

Yangon Metropolitan Development Public Co. Ltd ၏ ရင်းနှီးမြှုပ်နှံမှုမှ ပိုက်ဆံများကို ရန်ကုန်တိုင်းအစိုးရက မလျော် မကန် အသုံးပြုခြင်းသည် အများပြည်သူ၏ အခွန်များမှ လာသော နိုင်ငံပိုင်ငွေများကို ဖြုန်းတီးခြင်း ဖြစ်နိုင်သည်ဟု ဒေါ် စန္ဒာမင်းက လွှတ်တော်၌ ဆွေးနွေးစဉ်အတွင်း သတိပေးခဲ့သည်။

“တကယ်လို့ ဆုံးရှုံးမှုတခု ရှိလာမယ်ဆိုရင် Yangon Metropolitan Development Public Co. Ltd ရဲ့ ဒါရိုက်တာ ဘုတ် အဖွဲ့က ရန်ကုန်တိုင်း အစိုးရရဲ့ကိုယ်စား တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။

စီမံကိန်း၏ ပထမ အဆင့်ကို မြေဧက ၂၀၀၀၀ ကျယ်ဝန်းသည့် မြေပေါ်တွင် အကောင်အထည် ဖော်ရန် စီစဉ်ထားသည်။

ပထမအဆင့်တွင် ကျေးရွာ ၅ ရွာကို မြို့အဆင့်မြှင့်ခြင်း၊ တံတား ၂ စင်း၊ ဓာတ်အားပေးစက်ရုံများ၊ ရေနှင့် ရေဆိုးထုတ် စက်ရုံများနှင့် ၁၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော စက်မှုဇုန်တခု ပါဝင်မည် ဖြစ်သည်။

ထို အခြေခံအဆောက်အအုံ လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကျော် ကုန်ကျမည်ဟု မျှော်မှန်းထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

သို့သော်လည်း ထိုနေရာသည် မြေမျက်နှာသွင်ပြင်အရ အနိမ့်ပိုင်းတွင် ရှိနေပြီး အမြင့်ဆုံးနေရာသည် ပင်လယ် ရေမျက်နှာပြင် အထက် ၅ မီတာတွင် ရှိသောကြောင့် ရေလွှမ်းမိုးမှု အန္တရာယ် တွေ့နိုင်သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေခဲ့ရသည်။

ကုမ္ပဏီက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရေလွှမ်းမိုးနိုင်မှု အန္တရာယ်လေ့လာဆန်းစစ်မှု (FRA) ပြုလုပ်ရန် ဟော်လန်မှ အတိုင်ပင်ခံ ကုမ္ပဏီ တခုဖြစ်သည့် Royal Haskoning DHV နှင့် အတူ စတင် ဆောင်ရွက်နေကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

ပြီးခဲ့သည့် အပတ်အတွင်း ကုမ္ပဏီက ရန်ကုန်မြို့သစ်အတွက် လူမှုစီးပွား ပင်မစီမံချက် (Socio-Economic Master Plan) ကို ထုတ်ပြန်ခဲ့သည်။

ပင်မစီမံချက် (Master Plan) ကို အမေရိကန် စီမံခန့်ခွဲရေး ကုမ္ပဏီ McKinsey & Company က ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် စီမံကိန်းနှင့် ပတ်သက်သော နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတခုတွင် ဦးသိမ်းဝေက Master Plan ရေးဆွဲခြင်းအတွက် NYDC က ငွေပေးချေရန် မလိုဘဲ ဗြိတိန် အစိုးရက ငွေကြေး ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကံကောင်းထောက်မစွာနဲ့ ကျနော်တို့ အဲဒီအတွက် ပေးစရာမလိုပါဘူး။ အဲဒါက ဒေါ်လာ ၇ သိန်း သို့မဟုတ် ၈သိန်း နီးပါး ကုန်ကျနိုင်ပါတယ်” ဟု သူက ပြောသည်။

(Yangon Gov’t Abused Its Power by Investing in Controversial New City Project: Lawmaker အား ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading