တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုဈေးကွက် ပပျောက်ရေးအတွက် ဖမ်းဆီးမိထားသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း တန်ဖိုးရှိ ဆင်စွယ်အပါအဝင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီးရခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ သဘာ၀ ပတ်ဝန်းကျင်နှင့် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် က ပြောသည်။
ဖမ်းဆီးရမိသော ဆင်စွယ်များနှင့် အခြား တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ ဖျက်ဆီးခြင်း အခမ်းအနားကို နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကားဝင်းတွင် ယနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ထိုအခမ်းအနားအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ညီညီကျော် က “ဒီပစ္စည်းတွေသည် ကျနော်တို့က တနေရာမှာ သိမ်းမယ်၊ ဒါမှမဟုတ် ပြန်လည်ရောင်းချမယ်ဆိုရင် ဒါတွေဟာ ဈေးကွက် ဖြစ်လာနိုင်တယ်။ ဝယ်လိုအားတွေ ဖြစ်လာနိုင်တယ်။ ဒီအခါမှာ ဒီပစ္စည်းတွေရဲ့ ဝယ်လိုအားတွေအတွက် ထပ်ပြီး သတ်ဖြတ်ခြင်း ခံရနိုင်ပါတယ်။ ဒါကြောင့်မို့ ဖမ်းဆီးရမိတဲ့ ဆင်စွယ်တွေအပါအဝင် တောကောင်တွေရဲ့ အစိတ်အပိုင်း တွေကို မီးရှို့ဖျက်ဆီးရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် အခမ်းအနားဖြစ်ပြီး ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနှင့် တိရစ္ဆာန် အရိုးမျိုးစုံ ၂၂၇ ချောင်း၊ တိရစ္ဆာန် သားရေမျိုးစုံ ၄၅ ချပ်၊ တိရစ္ဆာန်ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ် အကြေးခွံ ၄၅.၅ ကီလိုဂရမ်နှင့် အခြား တောရိုင်း အစိတ်အပိုင်း ၁၂၈ ခု၊ စုစုပေါင်း အလေးချိန် ၈၄၉ .၂၆ ကီလိုဂရမ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ယခု မီးရှို့ဖျက်ဆီးလိုက်သည့် ဆင်စွယ်နှင့် အခြား တိရစ္ဆာန် အစိတ်အပိုင်းများမှာ ၁၉၉၀ ခုနှစ်ကတည်းက ဖမ်းဆီးသိမ်းဆည်း ထားသော ပစ္စည်းများဖြစ်ပြီး ယင်းထဲမှ ထက်ဝက်ခန့်ကိုသာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း ပြည်ပရှိ ကြီးမားကျယ်ပြန့်သော တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်း ဈေးကွက်ကြောင့် မြန်မာနိုင်ငံတွင်းရှိ ဆင်နှင့် ကျားကဲ့သို့သော ရှားပါးတိရစ္ဆာန်များ တနှစ်ထက် တနှစ် ပိုမို သတ်ဖြတ်ခံနေရကြောင်းလည်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆိုသည်။
ဝန်ကြီး ဦးအုန်းဝင်း က “အခုလို ဖြစ်ပွားလာရခြင်းမှာ တဖက်နိုင်ငံများတွင် ရှိသည့် တရားမဝင် တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့ ပစ္စည်းများကို ရောင်းဝယ် ဖောက်ကားနေတဲ့ ဈေးကွက်များ တည်ရှိနေခြင်း၊ ပြည်တွင်းမှာပါ တရားမဝင် ရောင်းဝယ်နေတဲ့ ဈေးကွက် ကြီးမား ကျယ်ပြန့်လာခြင်းနဲ့ အခြားသော အကြောင်းအရင်းခံ အချက်တွေကြောင့် ဖြစ်ပွားလာရခြင်းကို သုံးသပ်တွေရှိရပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်း တရားမဝင် ဆင်သတ်ဖြတ်ခြင်းများ ပိုမိုများပြားလာကာ တပတ်လျှင် တကောင်နှုန်းခန့် သတ်ဖြတ်ခံနေရကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ပုံမှန် သေဆုံးဆင် ၁၅ ကောင်နှင့် သတ်ဖြတ်ခံရသည့်ဆင် ၂၀ ကောင်၊ ၂၀၁၆ ခုနှစ်တွင် သတ်ဖြတ်ခံရသည့် ဆင် ၁၈ ကောင်၊ ၂၀၁၇ ခုနှစ်တွင် ပုံမှန် သေဆုံးဆင် ၁၃ ကောင်နှင့် သတ်ဖြတ်ခံရသည့်ဆင် ၄၆ ကောင်အထိရှိကြောင်း သစ်တောဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
၂၀၁၈ ခုနှစ်တွင်မူ အသတ်ခံရသည့်ဆင်ပေါင်း ၁၀၈ ကောင်အထိ ရှိပြီး ဓမ္မတာအတိုင်း ပုံမှန်သေဆုံးသည့် ဆင်အရေအတွက်မှာ ၁၀၀ ကျော် ရှိသည်။
အစိုးရ သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာန ညွှန်ကြားရေးမှုး ဦးဝင်းနိုင်သော်က “ဓမ္မတာအရ သေတာရှိသလို တချို့ကျတော့ အဆိပ်မိပြီး သေတာရှိတယ်။ ကျနော်တို့မှာ ဆင်တွေ သတ်ခံရတာ အခုဆိုရင် ပျမ်းမျှ ပြန်ကြည့်လိုက်ရင် တပတ်ကို မြန်မာနိုင်ငံမှာ ဆင်တကောင် သတ်ခံနေရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခင်က တောဆင်ရိုင်းများကို တရားမဝင် သတ်ဖြတ်ခြင်းမှာ တရားမဝင် ဆင်စွယ်ဈေးကွက်ကြောင့် ဖြစ်ပြီး နောက်ပိုင်းတွင် အသား၊ အရေခွံ၊ နှာမောင်း စသည့် အစိတ်အပိုင်းတို့ကိုပါ ဝယ်လိုအား ရှိလာပြီးနောက် သတ်ဖြတ်မှုများ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ ကုန်သွယ်မှုကြောင့် တောရိုင်းတိရစ္ဆာန်နှင့် အပင်များအား အန္တရာယ် မကြုံတွေ့နိုင်စေရန်အတွက် နိုင်ငံတကာ အစိုးရများအကြား သဘောတူထားသည့် Convention on International Trade in Endangered Species of Wild Fauna and Flora – CITES အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်။
ယင်းသဘောတူညီချက်အရ အိမ်မွေးဆင်နှင့် သဘာဝအတိုင်း တောတွင်းသေဆုံးသည့် တိရစ္ဆန်များ၏ အစိတ်အပိုင်းကို ပြတိုက်နှင့် အထိမ်းအမှတ် အသုံးအဆောင်ပစ္စည်းအဖြစ် ထိန်းသိမ်းနိုင်ပြီး တရားမဝင် ဖမ်းဆီးမိသော ပစ္စည်းများကိုမူ နိုင်ငံတကာ ကတိကဝတ်များအရ ရောင်းချခြင်း၊ ကိုင်ဆောင် သုံးစွဲခြင်း ပြုလုပ်၍ မရသည့်အတွက် မီးရှို့ဖျက်ဆီးပစ်ရခြင်း ဖြစ်သည်ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင် ဆင်ကောင်ရေ သုံးထောင်ကျော်နှင့် ပုဂ္ဂလိကပိုင် ဆင်ကောင်ရေ ၂၅၀၀ ရှိကြောင်း သစ်တောဦးစီးဌာန ကိန်းဂဏန်းများအရ သိရသည်။