အရှေ့တောင်အာရှ နှင့် အရှေ့အာရှ၏ တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှောင်ခိုရောင်းဝယ်မှုသည် ယခင်မကြုံဖူးသည့် အဆင့်အထိ မြင့်မားလာသောကြောင့် လူငယ်များအတွက် အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ကြောင်း Reuters သတင်းကဆိုသည်။
အာဏာပိုင်များသည် တရားမဝင်မူးယစ်ဆေးများကို ပိုမိုဖမ်းမိလာသော်လည်း ထုတ်လုပ်မှုလွန်စွာများ နေသောကြောင့် ဈေးနှုန်းများ ကျဆင်းနေပြီး မက်သာအမ်ဖက်တမင်းကဲ့သိုသော မူးယစ်ဆေးများမှာ လူတိုင်းဝယ်နိုင်သော အခြေအနေ အထိဖြစ်နေကြောင်း ကုလသမဂ္ဂမူးယစ်ဆေးနှင့် ရာဇဝတ်မှု ရုံး -UNODC မှ အရာရှိတဦးကပြောသည်။
“ရာဇဝတ်ဂိုဏ်းတွေက ရောင်းအားမြှင့်တင်ပြီး ဒေသတွင်းမှာ ပစ္စည်းတွေဖြန့်ထားတယ်” ဟု ဘန်ကောက်မှ UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီဒေါက်ကလပ်က အစည်းအဝေးမတိုင်မီ ပြောသည်။
ဥပမာဆိုရပါက မက်သာအမ်ဖက်တမင်း ဆေးတပြားသည် ၂၀၁၄ ခုနှစ်က လေး ဒေါ်လာနှင့် ခုနှစ်ဒေါ်လာ ဈေးရှိရာမှ ၂၀၁၇ ခုနှစ်တွင် တဒေါ်လာခွဲနှင့် လေးဒေါ်လာခွဲကြားဈေးသာရှိတော့ကြောင်း ကုလသမဂ္ဂ၏ ယခုနှစ်စာရင်းဇယားများ ကဆိုသည်။
ချမ်းသာသောအိမ်နီးချင်း စင်္ကာပူတွင်မူ ဈေးနှုန်းများမှာ ၂၀၁၄ ခုနှစ်က ဒေါ်လာ ၂၀ မှ ၂၀၁၇ ခုနှစ်တွင် ခြောက်ဒေါ်လာ အောက်ကျဆင်းခဲ့သည်ဟု ဆိုသည်။
ယာဘဆေးပြား ရောင်းလိုအား များပြားခြင်းသည် ဒေသတခုလုံးတွင် လမ်းဘေးဈေးများ လျှော့ကျ စေပြီး မူးယစ်ဆေးသုံးစွဲ စလူငယ်များပင် ဝယ်ယူသုံးနိုင်စေသည်” ဒေါက်ကလက်ကပြောသည်။
ရဲတပ်ဖွဲ့သည် ဒေါ်လာ ၄၅ သန်းတန်သော ထိုဆေးပြား ၁၄ သန်း ကို ထိုင်းနိုင်ငံတွင် သြဂုတ်လက စံချိန်တင် ဖမ်းမိခဲ့ သည်။
အိမ်နီးချင်း မလေးရှားတွင်မူ မြန်မာနိုင်ငံမှတင်ပို့သည့် လက်ဖက်ခြောက်များအဖြစ် တင်သွင်းလာ သည့် မက်သာအမ် ဖက်တမင်း ဆေးပြား ၁.၂ တန်ကို မေလက ဖမ်းမိသည်။
အရှေ့တောင်အာရှ၏ မက်ထုတ်လုပ်မှု၏ အများစုသည် မြန်မာနိုင်ငံ၏ ဥပဒေကင်းမဲ့သည့် ရှမ်းပြည်နယ်မှလာသည်ဟု UNODC ၏ ၂၀၁၇ အစီရင်ခံစာကဆိုသည်။