သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုတွင် ရဲလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲခံရသူ ရဲအုပ် ချစ်ကိုကို ဘက်မှ လိုက်ပါ ဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေ ဦးသန်းအောင်က ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသူ ရွှေပေါက္ကံနယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ်ချစ်ကိုကို အမှုအား ယနေ့ စတင်စစ်ဆေးရာ တရားခွင်အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ယခု ကဲ့သို့ ဖြေဆိုခြင်း ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က“ဦးသန့်စင်အောင်က သန်းထွဋ်အောင် (ခ) သားကြီးပါ ၃ ဦးကို စွဲဆိုတဲ့ အပေါ်မှာ သူ (ရဲအုပ်ချစ်ကိုကို) က ဥပဒေနဲ့အညီ ရဲလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအပေါ်မှာ သူလုပ်ဆောင်ခဲ့ ကြောင်းကို ဆရာတို့က အမှု ဆက်လက် စစ်ဆေးရင် ပေါ်ပေါက်မှာပါ”ဟု ပြောသည်။
ရဲအုပ် ချစ်ကိုကိုသည် သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုအား ရုပ်သိမ်းပေးခဲ့ရာတွင် ရဲလုပ်ငန်းများကို ကုန်စင် အောင် မလုပ်ခြင်း၊ သံသယတရားခံ ၃ ဦးထဲမှ သန်းထွဋ်အောင် (ခ) သားကြီး၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေ ကျပ် သိန်း ၃၀ ယူခဲ့ခြင်းတို့ကြောင့် ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲ ခံထားရ ခြင်း ဖြစ်သည်။
အောင်ရဲထွေး အမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် လက်ခံ စစ်ဆေးနေခြင်း ဖြစ်သည်။
ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိ ရှိသူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ (သို့) လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ယနေ့ ရုံးချိန်းတွင် တိုင်းတရားလွှတ်တော်၊ တရားခွင် ၄ တရားသူကြီး ဒေါ်စိုးစိုးအောင်က တရားလိုဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမိုးနိုင်အား စတင် စစ်ဆေးခဲ့သည်။
“ဒီနေ့က တရားလိုဖြစ်တဲ့ ဦးမိုးနိုင်ကို စတင် စစ်ဆေးတယ်။ အဓိကက စစ်နေရင်းနဲ့ သက်သေခံတွေ သွင်းတဲ့အခါမှာ တိုင်စာကို သက်သေခံသွင်းတဲ့အပေါ်မှာ ဦးချစ်ကိုကိုဘက်က လိုက်ပါတဲ့ ဆရာ့အနေနဲ့ ဒါကို ကန့်ကွက်တယ်”ဟု တရား ခွင် အခြေအနေနှင့် ပတ်သက်၍ ဦးသန်းအောင်က ရှင်းပြသည်။
ယခု အမှုသည် စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးပြီးမှ အမှုကို ရေးဖွင့်သည့်တိုင်ချက်ဖြစ်ရာ သက်သေခံ ဥပဒေ ပုဒ်မ ၂၅၊ ၂၆ အရ လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရလည်းကောင်း၊ ပထမသတင်းပေးချက် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၅၄ အရလည်းကောင်း မညီညွတ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အမှုနှင့် ပတ်သက်၍ လာမည့် အောက်တိုဘာလ ၁၂ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကာ ယင်းနေ့တွင် စွပ်စွဲခံရသူ ဘက် မှ ကန့်ကွက် လျှောက်လဲချက် တင်သွင်းမည်ဖြစ်ကြောင်း၊ တရားလိုဘက်မှလည်း သက်သေခံအဖြစ် တင်ပြထား သည့် တိုင်စာကို လက်ခံရန်အတွက် လျှောက်လဲချက် ပေးမည် ဖြစ်ကြောင်း သိရသည်။
ရဲအုပ် ချစ်ကိုကို နှင့် ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို အောင်ရဲထွေး အမှုအား ပြည့်စုံစွာ သုံးသပ် စိစစ်ခြင်း မရှိဘဲ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူကာ အမှုကို ရုပ်သိမ်းခွင့် ပြုပြီး သံသယ တရားခံ များကို လွှတ်ပေးသည့် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သုဝဏ္ဏနယ်မြေ ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စက်တင်ဘာလ ၂၅ ရက်တွင် တိုင်းတရားလွှတ်တော်က အမှုအား လက်ခံစစ်ဆေးခွင့် ပြုခဲ့ရာ ယင်းအမှု တွဲမှ ကျန်ရှိသူ ၅ ဦးကို အောက်တိုဘာလ ၅ ရက် နေ့လယ် ၁ နာရီတွင် တိုင်းရားလွှတ်တော်၌ စတင် စစ်ဆေးမည် ဖြစ်သည်။
ကျန် ၅ ဦးအနက် တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု-ခရိုင် တရားသူကြီး ဦးအောင်ကြည်တို့ကို ၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးအား ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွင် နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေး ရာထူး လက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ် ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
၂၀၁၆ ခုနှစ်မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများတင်ပြီး နာမည်ကြီး လာသည့် အောင်ရဲထွေး သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူး ပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် တွင် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။