ခွဲမထွက်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် များနှင့် ပတ်သက်ပြီး ပြုလုပ်မည့် ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ကမကထပြု ကျင်းပခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ရန် လက်နက်ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင် များက တောင်းဆိုကြခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်မည့် NCA လက်မှတ်ထိုးခြင်း ၃ နှစ် ပြည့် နှစ်ပတ်လည် အခမ်းအနားနေ့၌ အဆိုပါ ဆွေးနွေးပွဲ ကျင်းပရန် အဆိုပြုထားကာ အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ (EAO) တို့ သုံးပွင့်ဆိုင် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲ ကျင်းပမည့် နေရာကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
ယင်းသို့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ ရက် အထိ အစိုးရ၊ တပ်မတော်မှ ကိုယ်စားလှယ် ၇ ဦးနှင့် EAO မှ ကိုယ်စားလှယ် ၇ ဦးတို့ ရန်ကုန်မြို့တွင် တွေ့ဆုံ၍ အကြို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြ ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆွေးနွေးပွဲကို NCA လက်မှတ် ထိုးထားသော အဖွဲ့များကသာ ပါဝင် ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုခေါင်းဆောင် ဒေါ်စောမြရာဇာလင်း က “ခွဲ မထွက်ရေး ကိစ္စတွေ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စတွေ အဲဒါတွေ ပါပါတယ်။ ပိတ်ဆု့ိနေတဲ့ ကိစ္စတွေ ပါတယ်။ အဓိက တော့ အချက် ၇ ချက်လောက်ကိုတော့ EAO ဘက်က ဆွေးနွေး ဖြစ်မယ်။ အစိုးရဘက်ကလည်း ၄-၅ ချက်လောက် တော့ ဆွေးနွေးစရာတွေ ရှိတယ်လို့ ကျမတို့ကို ပြောထားတာတွေ ရှိပါတယ်”ဟု ပြောပြသည်။
ယင်းဆွေးနွေးပွဲသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အခြေခံမူများ ချမှတ်ရန် လမ်းပွင့် သွား နိုင်ကြောင်းနှင့် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း ရှေ့ဆက်နိုင်မည် ဟု မျှော်လင့်ထားကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
“ယေဘုယျ ပြောရင်တော့ အခြေအနေ ကောင်းပါတယ်။ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ တလှမ်း တိုးနိုင်မယ်လို့ ပြောရနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တိုင်းပြည် ဖိအားတွေ များနေတဲ့ အချိန်မှာ ပြည်တွင်းမှာ ရှိတဲ့ အစိုးရ၊ တပ်မတော် အကြီးအကဲနဲ့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း က အကြီးအကဲတွေ သုံးပွင့်ဆိုင် တွေ့တဲ့ ကိစ္စကတော့ ပြည်တွင်းရော၊ ပြည်ပရော အားပေး ထောက်ခံတဲ့ တိုးတက်မှု တခုလို့ ပြောလို့ ရနိုင်တာပေါ့”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ တစ်ဆို့နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ဖို့ အတွက် လမ်းစတွေ ဖွင့်သွားပြီးတော့ အခြေခံမူ အုတ်မြစ်တွေလည်း ကျသွားနိုင်တာပေါ့ ဗျာ။ ဒါကြောင့် ဒီပွဲကို ကျနော်ကတော့ တော်တော်လေး အားထား မျှော်လင့်တယ်”ဟု ပြောဆိုသည်။
NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များသည် ယခုနှစ် စက်တင်ဘာ ၁၁ ရက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှ ချမှတ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင် လုံ အစည်းအဝေးများ ဆက်လက် ကျင်းပနိုင်ရေး ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ် ပိုင် ပြဋ္ဌာန်းခွင့်၊ အမျိုးသား တန်းတူရေး၊ လူနည်းစု အခွင့်အရေး၊ ပြည်နယ် စုဖွဲ့မှု စသည့် ဖက်ဒရယ်မူများ ချမှတ်နိုင် ရေး ကိစ္စနှင့် ပြည်ထောင်စု တပ်မတော် ဆိုင်ရာ ကိစ္စများကို ဆွေးနွေးသွားမည် ဟု သိရသည်။
ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ ဦးအောင်စိုးက “ထိပ်သီး ခေါင်းဆောင်ဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်က တိုင်းပြည် အတွက်ပဲလေ။ ကျနော်တို့က အောက်မှာ အကောင်အထည် ဖော်ရတဲ့ လူဆိုတော့ ထိပ်သီး ခေါင်းဆောင်ချင်း ပြေ လည် ရင် ညှိနှိုင်းရေးက အချိန်တိုတိုနဲ့ ခရီး ရောက်သွားတာပေါ့။ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့ ခေါင်းဆောင်ချင်း တွေ့လိုက်ရင်တော့ ငြိမ်းချမ်းရေး အတွက် အများကြီး အကျိုးကျေးဇူးရမှာ ဖြစ်တယ်လို့ ယုံကြည် ထားတယ်”ဟု ပြောသည်။
EAO များဘက်က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက် အထိ ကျင်းပ၍ ဆွေးနွေးကာ ဆုံးဖြတ်ချက်များ ချမှတ်သွားရန် ရှိကြောင်းလည်း သိရသည်။
NCA စာချုပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ် မြောက် ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA– PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မွန်ပြည် သစ် ပါတီ(NMSP)၊ ALP စသည့် လက်နက်ကိုင် အဖွဲ့များ လက်မှတ် ထိုးထားကြသည်။