အမြင့်ဆုံး ထီဆု အဖြစ် ကျပ်သိန်း ၁၅,၀၀၀ ပေးအပ်မည့် ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီဆု အသစ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ရောင်းချမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနတွင် ပြုလုပ်သော ၂၀၁၈-၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေများကို ရှင်းလင်း ပြောကြားသည့် အခမ်းအနားတွင် မီဒီယာများကို ပြောကြား ခြင်း ဖြစ်သည်။
“ဖေဖော်ဝါရီ ၁ ရက်မှာ စရောင်းနိုင်ဖို့ လုပ်နေပါပြီ။ အဆင့်ဆင့် တင်ပြပြီး ခွင့်ပြုချက် ရပါပြီ။ ဝါဇီကို မှာတော့မှာ” ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
ကျပ် ၅၀၀ တန်ထီကဲ့သို့ပင် ၁ ထောင်တန် ထီရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲ အဖြစ် သတ်မှတ်ပေးမည် ဖြစ် ကြောင်း၊ ပြည်သူများ အနေဖြင့် ထီပေါက်နိုင်ခြေ များပါက ပိုမို စိတ်ဝင်စားလာကြမည် ဖြစ်၍ ကျပ် ၁ ထောင်တန်ထီ တွင် အမြင့်ဆုံးဆုကို ကျပ်သိန်း ၁၅၀၀၀ သတ်မှတ်ပြီး ထီဆုကြီး အရေအတွက် အချို့ကို လျှော့ချကာ ထီဆုသေး အများအပြား ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ဦးမင်းထွဋ်က “နည်းတာ များတာ မဟုတ်ဘူး။ ထီပေါက်တယ်ဆို ပျော်တာပေါ့လေ။ ဒါမျိုးလည်း လုပ်ပါဆိုတော့ လုပ်တာ ပါ။ တကယ်လို့ ၁၀၀၀ လည်း ပြောင်းလိုက်ပြီ။ အလုံးရေကလည်း အခုလိုမျိုး ၅၀ တို့ ဘာတို့ ထုတ်နိုင်မယ် ဆိုရင်တော့ ပေါက်မဲ ကလည်း မှန်းကြည့်တာ နှစ်ဆ လောက် တက်သွားမယ်။ အခု ပေါက်မဲ အလုံးရေ တသိန်းခွဲ ရှိတယ်ဆိုရင် အဲဒီ ကျရင် သုံးသိန်းလောက်ဖြစ်သွားမယ်။ ဒါမျိုး ကြိုးစားနေပါတယ်” ဟု ပြောသည်။
ကျပ် ၁၀၀၀ တန် ထီသစ်ကို ရောင်းချသကဲ့သို့ ကျပ် ၅၀၀ တန်ထီကိုလည်း ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း၊ ယင်း ထီနှစ်မျိုး၏ ဈေးကွက်ဝယ်လိုအားအပေါ်မူတည်ကာ အက္ခရာ၊ ဂဏန်းတို့ကို သတ်မှတ်မည်ဖြစ်ပြီး အသေးစိတ် ကို ဆက်လက်ဆွေးနွေးရဦးမည်ဟု ၎င်းက ပြောသည်။
ကျပ် ၁ ထောင်တန်ထီ စတင် ရောင်းချပါက ကျပ်သိန်း တသောင်းခွဲဆုကို စိတ်ဝင်စား၍ ရောင်းအား ပိုသွက်လာနိုင် ကြောင်း၊ သို့ရာတွင် ထီတန်ဖိုး တက်သွားသည့် အတွက် စောင်ရေ အနည်းငယ်သာ ထိုးနိုင်ကြမည် ဖြစ်ပြီး ထီအုပ်ကြီး ထိုးသူများ ပိုမို လျော့နည်းသွားမည်ဟု နေပြည်တော် သပြေကုန်းမှ ထီလက်ခွဲ၊ လက်ပွေ့ရောင်းသူများက သုံးသပ်ကြ သည်။
နေပြည်တော် ပျဉ်းမနားမြို့မှ ထီလုပ်ငန်းရှင် တဦးက “၅ စောင်တွဲ၊ ၁၀ စောင်တွဲတွေကတော့ ရောင်းအား ပိုသွက်လာ မယ်ထင်တယ်။ မင်္ဂလာစုံတွဲတွေက ဈေးပိုမြောက်သွားမှာ ဆိုတော့ အခု ငါးရာတန် လိုတော့ ထိုးကြမယ် မထင်တော့ ဘူး။ မထိုးနိုင်တော့တာပေါ့။ သိန်း ၁ သောင်းခွဲ ဆိုတော့ စစချင်း ရောင်းအားကတော့ ကောင်းမယ် ထင်ပါတယ်” ဟု ပြော သည်။
ယခုကဲ့သို့ ထီတစောင်လျှင် ကျပ် ၁ ထောင်နှုန်းဖြင့် ရောင်းချခြင်းဖြင့် နိုင်ငံတော်မှ အခွန်ရရှိမှု ပိုမို တိုးတက်လာမည် ဖြစ်ပြီး ပြည်သူများကြား ဝေဖန်မှုများ ရှိနေသော ထီဈေး တိုးမြှင့် ရောင်းချမှု အထိုက်အလျောက် လျော့ကျသွားမည် ဖြစ် ကြောင်း ဦးမင်းထွဋ်က ဆိုသည်။
ထီလက်မှတ် ၁ စောင်ကို ၁၀၀ ကျပ်ဖြင့် ရောင်းစဉ်က အပြင်ဈေး ၂၀၀ ကျပ်ခန့် ရောင်းချကြပြီး တနည်းအားဖြင့် ၁၀၀ ရာ ခိုင်နှုန်းခန့် ဈေးမြင့်တက်ခဲ့ကြောင်း၊ ဆက်လက်၍ ထီတစောင် ကျပ် ၂၀၀ သို့ တိုးမြှင့်ရောင်းချသည့် အခါ အပြင် ဈေး ၃၅၀ ကျပ်ဖြင့် ၇၅ ရာခိုင်နှုန်းဖြင့် ဈေးတင် ရောင်းချသည်ကို တွေ့ရကြောင်း ၎င်းက ရှင်းပြသည်။
“နောက်တဆင့် ၅၀၀ တင်လိုက်တယ်။ အပြင်မှာ ၆၅၀ တို့ဘာတို့ ရောင်းတာရှိတယ်။ တနည်းအားဖြင့် ၃၀၊ ၃၅ ရာခိုင် နှုန်း လောက် တင်ရောင်းကြတယ်။ သို့သော်လည်း ရာခိုင်နှုန်းအားဖြင့်တော့ ကျလာတယ်။ အခုကတော့ တစောင်ကို ၁၀၀၀ ရောင်းမယ်။ အဲဒီလို ရောင်းရင် ဒီထက်ပိုပြီး ရာခိုင်နှုန်း လျော့သွားမယ်” ဟု ဦးမင်းထွဋ်က ပြောသည်။
လက်ရှိအစိုးရဈေး ထီတစောင် ၅၀၀ကျပ် သတ်မှတ်ထားသော်လည်း ကိုယ်စားလှယ်ကြီးများမှ တဆင့် လက်ခွဲ အရောင်း ကိုယ်စားလှယ်များ၊ တွန်းလှည်း လက်ပွေ့ သမားလက်သို့ ရောက်ရှိသော အခါ တစောင်လျှင် ၆၅၀ ကျပ်မှ ၇၀၀ အထိ အဆင့်ဆင့် မြင့်တက်သွားကြောင်း၊ ကျပ် ၁ ထောင်တန်ထီတွင်လည်း ဈေးတင် ရောင်းချမှု ရှိနေဦးမည် ဖြစ်ကြောင်း နေ ပြည်တော် ထီဈေးကွက် အတွင်းမှ စုံစမ်း သိရသည်။
နေပြည်တော် သပြေကုန်းမှ ထီလက်ပွေ့ သမားတဦးက “၁၀၀၀ တန် ဖြစ်သွားလည်း အဲဒီအတိုင်းပဲ လာမယ် ထင်ပါ တယ်”ဟု ပြောသည်။
ထီဈေးသည် အစိုးရ သတ်မှတ်ဈေးထက် ပိုပေးနေရသည်မှာ ထုံးစံဖြစ်နေသည့် အတွက် တာဝန်ရှိသူများက ထိန်း သိမ်း သင့်ကြောင်း၊ ပြည်သူများကို အမှန်တကယ် ထီပေါက်စေချင်ပါက ထီစောင်ရေ အများအပြား ရိုက်နှိပ် ရောင်းချ ခြင်းကို လျှော့ချစေလိုကြောင်း လစဉ် ပုံမှန်ထီထိုးနေသည့် နေပြည်တော်မှ မဇာဇာက ပြောသည်။
“ထီက အစိုးရ ဈေးနဲ့ ပြည်သူ့ လက်ထဲ ရောက်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုက ကိုယ်စားလှယ် ဈေးနဲ့ပဲ ပိုပေး ဝယ်နေရတာ။ ပြီးတော့ ထီဆုတွေ တိုးပေးတယ် ဆိုပေမယ့် စောင်ရေတွေကလည်း တိုးလာတယ်လေ။ စေတနာ ရှိရင် ဆုတွေတိုးပြီး အက္ခရာလျှော့၊ အစောင်ရေ လျှော့ချပေးပေါ့။ အခုက ထီထိုးလာတာ ၁၀ နှစ်ကျော်ပြီ။ ၅ သောင်းဆု တခါပဲ ပေါက်ဖူးတယ်”ဟု မဇာဇာက ပြောသည်။
ပြည်တွင်း အခွန်များ ဦးစီးဌာန အနေဖြင့် အခွန်ငွေ ပိုမိုရရှိပြီး ထီဈေးတင်ရောင်းချမှုကို ပိုမိုလျှော့ချနိုင်ရန် အာဆီယံ နိုင်ငံ များကဲ့သို့ ထီတစောင် ကျပ် ၄၀၀၀ နှုန်းဖြင့် ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ထို့ပြင် ထီရောင်းချခြင်းမှ ရရှိ သည့် အခွန်ငွေများကို ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် အသုံးပြုနိုင်စေရေး အတွက် တင်ပြ ဆောင်ရွက်မည် ဟု လည်း သိရသည်။
“ပြည်သူတွေကလည်း ထီထိုးလို့ မပေါက်ပေမယ့် အလှူတခု ဖြစ်တယ် ဆိုပြီး ပီတိ ဖြစ်ရမှာပေါ့။ နိုင်ငံတကာမှာ ကျင့် သုံး သလို ဒါကိုလည်း တင်ပြဖို့ လုပ်နေပါတယ်”ဟု ဦးမင်းထွဋ်က ပြောသည်။
အောင်ဘာလေ ထီကို တစောင်လျှင် ကျပ်၂၀၀ ဖြင့် ရောင်းချစဉ်က တနှစ်လျှင် ဘီလီယံ ၄၀ ခန့် အခွန်ရရှိပြီး ၂၀၀၇ ခုနှစ် တွင် ကျပ် ၅၀၀ သို့ တိုးမြှင့်လိုက်သည့် အတွက် ဘီလီယံ ၁၀၀ ခန့် တိုးမြှင့်ရရှိခဲ့ကြောင်း ၎င်းက ရှင်းပြပြောဆို သည်။