တပ်မတော် အရာရှိတဦး၏ အိမ်၌ အိမ်အကူ သွားရောက် လုပ်ကိုင်ပြီး သေဆုံးခဲ့သည့် မကရင်မ၏ ကိုယ်ခန္ဓာတွင် ညိုမဲ ဒဏ်ရာနှင့် သွေးစသွေးန ထွက်နေသည့် ဒဏ်ရာများစွာ တွေ့ရကြောင်း ခတ္ထိယ ကျေးရွာ အုပ်စု အုပ္ဖိုလ် ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးဝဏ္ဏစိုးက ယနေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
သက်သေထွက်ဆိုခဲ့သည့် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးသည် မကရင်မ သေဆုံးပြီးနောက်တွင် ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာများကို ရဲအရာရှိတဦးနှင့် အတူ စစ်ဆေး ကြည့်ရှုခဲ့သူ ဖြစ်သည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ ရှိသူ ဒေါ်သိင်္ဂီစုကို အောက်တိုဘာလ ၄ ရက်တွင် သန်လျင်မြို့နယ် တောင် ပိုင်း ခရိုင် တရားရုံး၌ ၁၂ ကြိမ်မြောက် ရုံးထုတ်ခြင်း ဖြစ်ပြီး တရားလိုပြ သက်သေ ၁၅ ဦးကို စစ်ဆေးပြီးဖြစ်ရာ ယနေ့တရားခွင်တွင် သေဆုံးခဲ့သူ မကရင်မ၏ နောက်ကျော၊ ရင်ခေါင်း၊ ပေါင်၊ ခြေသလုံး၊ မေးစေ့ နှင့် နှုတ်ခမ်း ညိုမဲဒဏ်ရာ အပြင် ကိုယ်ခန္ဓာ အနှံ့အပြား ဒဏ်ရာများ တွေ့ရှိရကြောင်း ဦးဝဏ္ဏစိုးက ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
ဦးဝဏ္ဏစိုးက “ရာအိမ်မှူး အကြောင်းကြားချင်းပဲ သွားစစ်တဲ့ အခါကျတော့ သူ့ရဲ့ကျောတွေ ရင်တွေ ခြေထောက်တွေ မေးစေ့တွေမှာ ညိုမဲ ဒဏ်ရာတွေ နောက် ညာဖက်မျက်ခုံး ကွဲနေတဲ့ သွေးထွက် ဒဏ်ရာ တခုလည်း တွေ့ပါတယ်။ ခေါင်း မှာလည်း သွေးယိုပြီးတော့ ပြည်တွယ်နေတဲ့ အနာလည်း တွေ့ရတယ်” ဟု တရားခွင် အပြီးတွင် ဧရာဝတီသို့ ပြောသည်။
တရားခံဟု ယူဆရသူ ဒေါ်သိင်္ဂီစု၏ ရှေ့နေသည် တရားလိုပြ သက်သေ အချို့ကို မကရင်မတွင် ရှိသည့် ဒဏ်ရာများသည် ချော်လဲခြင်းကြောင့် ထိခိုက်မိသည့် ဒဏ်ရာနှင့် အနာများ ဖြစ်နေသည်ကို သိပါသလား ဆိုသည့် မေးခွန်းများကို တရားခွင် တွင် မေးမြန်းခဲ့သည်။
တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က “ချော်လဲတဲ့ ဒဏ်ရာတို့ ထိမိခိုက်မိတဲ့ ဒဏ်ရာတို့ နောက်တခုက ယားနာတွေ ပေါက် တယ်၊ ဝဲတွေ ပေါက်တယ်။ အဲဒီလိုမျိုးတွေလို့ ပြောချင်တာ။ အခု ဒီသက်သေမှာလည်း ခန္ဓာကိုယ်အနှံ့မှာ အနာ တွေတွေ့ နေတယ်။ ဟုတ်သလားဆိုတော့ မဟုတ်ဘူး။ သူတွေ့တာက မေးစေ့မှာ တွေ့တယ် ခေါင်းမှာကျတော့ ပြည်စတွေနဲ့ ဒဏ် ရာ တွေ့တယ်။ ကျောမှာ၊ ပေါင်မှာလည်း တွေ့တယ် ဆိုတာကတော့ ဝဲပေါက်တာတို့ ယားနာပေါက်လို့ ရှိနေတဲ့ ဒဏ်ရာ တွေ အနာရွတ်တွေ မဟုတ်တော့ဘူး” ဟု ဆိုသည်။
ဆက်လက်၍ ဒေါ်စန်းစန်းမြင့်က “ဒါကတော့ တစုံတခုကြောင့် လက်နက် တခုခုကြောင့် ရတဲ့ ဒဏ်ရာဆိုတာပေါ့။ တဖက် ကတော့ တရားခံရှေ့နေ ဆိုတာကတော့ မေးမှာပါပဲ။ ဒါပေမယ့် ကိုဝဏ္ဏစိုးကလည်း သူတကယ် မြင်တဲ့ သေပြီးမှ တွေ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သေသေချာချာ အမှုဖြစ်စဉ်မှာ ပေါ်ပေါက်တဲ့ အနေအထားနဲ့ အနီးစပ်ဆုံး တွေ့မြင်တာကို ပြော သွားတာပေါ့” ဟု ပြောသည်။
အိမ်အကူမ ကရင်မသည် အူအတွင်း ပေါက်ပြဲဒဏ်ရာကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ ရုပ်အလောင်းကို ခွဲစိတ် စစ်ဆေးခဲ့သည့် တွံတေးမြို့နယ် ကုသရေး ဦးစီး ဌာနမှူး ဒေါက်တာနေဝင်းသွင် က မကရင်မ သေဆုံးပြီး နောက်၂၀၁၈ မေလ တွင် ဧရာဝတီသို့ အတည်ပြု ပြောကြားထားသည်။
အူပေါက်သည့် နေရာ အနီး အပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်း အပါအဝင် ခန္ဓာကိုယ် ပြင်ပတွင်လည်း တုံးသော ပစ္စည်း တခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲ ဒဏ်ရာများ၊ စုတ်ပြဲ ဒဏ်ရာများ တွေ့ရှိရကြောင်းလည်း ဒေါက်တာ နေဝင်းသွင်က ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးက “မကရင်မကတော့ ကျနော်တို့ ကျေးရွာ အုပ်စုပိုင်းမှာ ရှိတယ် ဒေါ်သိင်္ဂီစုကျတော့ အပြင်က ပေါ့။ သူတို့ဖြစ်တာကိုတော့ ကျနော်တို့ နားမလည်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ ၂ယောက် ဖြစ်တာ သူတို့ပဲ သိမှာလေ။ ကျနော်ကတော့ မြင်တဲ့ အတိုင်းအတာကို အဖြေပေးတာပဲ ရှိတယ်။ သူတို့ကို ထောင်ကျပါစေ၊ လွတ်ပါစေ မရှိဘူး ဥပဒေ ကြောင်းအရပဲ အမှန်ဖြစ်စေချင်တာပါ” ဟု ပြောဆိုသည်။
ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိ တဦး နေအိမ်၌ အိမ် အကူ အဖြစ် မကရင်မမှာ ဝင်ရောက် လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် သံသယ ရှိသူ အဖြစ် အရာရှိကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးခဲ့ပြီးနောက် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။