လာမည့် ကာလတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အာဏာပြန်ရရှိပါက ကမ္ဘာ့အလယ်တွင် မြန်မာဟု လက်မထောင်၊ ရင်ကော့ နိုင်စေရမည်ဟု ယင်း ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆို လိုက်သည်။
အောက်တိုဘာလ ၄ ရက်က မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ကျင်းပသည့် လူထု တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ၎င်း၏ ပါတီကို ထောက်ခံသူများအား အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
လက်ရှိ တိုင်းပြည်၏ အခြေအနေတွင် နိုင်ငံတကာ ဆိုသည့် စကားလုံးက ဖိစီးနေပြီး ရခိုင်အရေး အပါအဝင် မည်သည့် ပြဿနာပင် ဖြစ်စေ နိုင်ငံတကာက ပုဂ္ဂိုလ်များ၊ ဖိအားများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက နိုင်ငံ၏ သိက္ခာ ထိခိုက်သည်အထိ ဝင်ရောက် စွက်ဖက်မှုများ ရှိနေကြောင်း ကြံ့ခိုင်ရေး ခေါင်းဆောင်က ပြောသည်။
ဦးသန်းဌေး က “ဒီနေ့ အစိုးရရဲ့ စီမံခန့်ခွဲမှု ယန္တရားတွေထဲမှာလည်း နိုင်ငံတကာ ပုဂ္ဂိုလ်တွေ အတော်များများ ရှိပါတယ်။ ကျနော်တို့ က အာဏာရ ပါတီ မဟုတ်သေးတဲ့ အတွက် အဲဒီကိစ္စတွေကို အဆုံးအဖြတ် မပေးနိုင်သေးဘူး။ အဲဒါကို ပြည်သူလူထုက ကျနော် တို့ကို ပြန်ပြီး တာဝန်ပေး၊ မြန်မာ ဆိုပြီး လက်မထောင်နိုင်အောင်၊ ရင်ကော့ နိုင်အောင်၊ ဘယ်သူမှ လာပြီး အမိန့်မပေးနိုင်အောင် ဆောင်ရွက်လု့ိ ရတယ်” ဟု ပြောသည်။
စစ်ဗိုလ်ချုပ်များနှင့် ကြံ့ခိုင်ရေး ပါတီသည် တိုင်းပြည်ကို နှစ်ပေါင်း များစွာ အုပ်ချုပ်ခဲ့ပြီး ထိုစဉ်ကာလက တိုင်းပြည်ကို တိုးတက် အောင်ဆောင်ရွက် ပေးနိုင်သည့် အခွင့်အရေးနှင့် အတူ သက်သေမပြနိုင်ခဲ့သလို ယနေ့ အချိန်ရောက်မှ ယခုလို ထုတ်ဖော် ပြောဆိုခြင်းမှာ မဲဆွယ် စည်းရုံးရေး စကားသာ ဖြစ်လိမ့်မည်ဟု ရခိုင် အမျိုးသား ပါတီ (ANP) မှ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဖေသန်းက ပြောသည်။
မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက “တိုင်းပြည် တည်ဆောက်ရေးမှာ သူတို့ အတွေ့အကြုံလည်း ရှိခဲ့တယ်။ ဒါပေမယ့် အရင်ကလည်း မလုပ်နိုင်ခဲ့ဘူး။ အခုမှ လုပ်နိုင် မယ် ဆိုတာကတော့ မဲဆွယ် စည်းရုံးရေး သဘောဆန် နေတယ်။ သူတို့ အာဏာပြန်ရမယ် လို့လည်း မပြောနိုင်ဘူး။ ပြန်ရခဲ့ရင် လည်း ဒီလောက် စိန်ခေါ်မှုတွေ များနေတဲ့ တိုင်းပြည်ကို ဒီနေ့နဲ့ မနက်ဖြန်ကို တိုးတက်အောင် လုပ်မယ်ဆိုတာတော့ ယုံကြည်လို့ မရဘူး” ဟု ပြောသည်။
ပြည်သူလူထုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရွေးချယ်ပြီး ကြံ့ခိုင်ရေးကို မရွေးချယ်ရသည့် အဓိက အကြောင်းရင်းမှာ ပြည်သူက ရိုးသား ဖြောင့်မတ်သူကို လိုချင်၍ ဖြစ်ကြောင်း၊ လူတယောက်သည် မည်မျှ တော်နေစေကာမူ အကျင့် စာရိတ္တ မကောင်း ပါက အဆင်မပြေနိုင်ကြောင်း သီပေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ပြောဆိုသည်။
ဦးရဲထွန်းက “အခုဟာက NLD အနေနဲ့ကတော့ အခုချိန် အထိ အရင်အစိုးရနဲ့ စာရင် အဲဒီဘက်မှာ လက်မထောင်နိုင်သေးတယ်။ ဆိုတော့ သူ့မှာ ချို့ယွင်းချက် အားနည်းချက်တွေ မရှိဘူးလားဆိုရင်လည်း အများကြီး ပြောရမှာ။ သို့သော် ပြည်သူလူထုရဲ့ မျက်စိထဲမှာ သူတို့တွေ ဘာကွာလဲ ဆိုရင် တန်းကနဲ မြင်လိုက်တာ အဲဒါပဲ” ဟု ဆိုသည်။
ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌကမူ ၎င်းတို့ အာဏာရစဉ်က တိုင်းပြည်ကို အဖက်ဖက်က ပိတ်ဆို့ထားသဖြင့် ရှိသည့် သယံဇာတများ ထုတ်ရောင်းရခြင်းကို သယံဇာတ ခိုးထုတ်သည့် ပါတီဟု အမည်တပ်ခံခဲ့ရ၍ ယခုလည်း တိုင်းပြည်၏ သယံဇာတများကို လက်ရှိ အစိုးရ က ရောင်းချခြင်း ရှိ၊ မရှိကို မေးခွန်း ထုတ်သွားခဲ့သည်။
ဦးသန်းဌေး က “ကျနော်တို့ လုပ်တုန်းက အဲဒီပစ္စည်းတွေကို ခိုးတာပါလို့ စွပ်စွဲရင် အခုလည်း မလုပ်နဲ့တော့ပေါ့။ လမ်းမှာ သစ်လုံးတွေ ပုံနေတာ အများကြီး တွေ့တယ်။ ပြည်ခိုင်ဖြိုး အစိုးရ ထုတ်ခဲ့တာတော့ မဟုတ်ဘူး။ ဒီနေ့ နေပြည်တော်မှာ ကျောက်မျက် ရောင်းချတဲ့ပွဲတွေ ကျောက်စိမ်း ရောင်းချတဲ့ ပွဲတွေ မရပ်သေးပါဘူး။ အဲဒါတွေကတော့ သယံဇာတတွေ မဟုတ်ဘူးလား။ သဘာဝ ဓာတ်ငွေ့တွေ မရောင်းဘူးလား။ ဒါဆိုရင် ပြည်ခိုင်ဖြိုးကျမှ ဒါတွေ လုပ်တယ်လို့ ပြောတုန်း” ဟု ဆိုသည်။
၎င်းက ဆက်၍ “ကျနော်တို့ တည်ဆောက်ခဲ့တဲ့ အခြေခံ တည်ဆောက်မှုတွေ၊ ပြည်သူ ဗဟိုပြု စီမံခန့်ခွဲမှုတွေ နည်းနည်း နောနော မဟုတ်ဘူး။ ၅ နှစ်တာ ကာလမှာ လုပ်ခဲ့တာတွေ။ အဲဒါတွေက ဟောဒီ ၂ နှစ်ခွဲလောက်မှာ ကို့ရို့ကားယား ဖြစ်နေတာ ကိုတော့ တော်တော် ရင်နာတယ်။ ဒါကြောင့်မို ဒီထက်ပိုကောင်းတဲ့ ဒီထက်ပိုပြီး အာမခံချက်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေး နိုင်ပါတယ်” ဟု လည်း ပြောသည်။
မကြာမီ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီသည် တိုင်းရင်းသား ဒေသတချို့တွင် ဝင်ရောက် မယှဉ်ပြိုင်ဘဲ ဒေသခံ ပါတီများကို အားပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို ပြည်မတွင်မူ နေရာ အပြည့် ယှဉ်ပြိုင်ပြီး အနိုင်ရလိမ့်မည်ဟု ကြံ့ခိုင် ရေး ခေါင်းဆောင် တချို့က မျှော်လင့်လျက် ရှိကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီသည် ရခိုင်ပြည်နယ်တွင် ဝင်ရောက် မယှဉ်ပြိုင်ဘဲ ရခိုင်အမျိုးသား ပါတီကို အားပေး သည့် သဘော တွေ့ရကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင်လည်း ၎င်းတို့ မနိုင်နိုင်သည့် တိုင်းရင်းသား ဒေသများတွင် ညှိနှိုင်း၍ မဟာ မိတ် လုပ်ဆောင်မည့် သဘောမျိုး တွေ့ရသဖြင့် ကြိုဆိုကြောင်း ရခိုင် အမျိုးသား ပါတီမှ ဦးဖေသန်းက ပြောသည်။
ဦးဖေသန်း က “ဘာပဲပြောပြော NLD အစိုးရကတော့ အမျိုးသားရေးမှာ ပုံရိပ်ကျတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာ အားသန်တယ်။ ပြည်ခိုင် ဖြိုး ကတော့ အမျိုးသားရေးမှာ အချုပ်အခြာအာဏာ တည်တံ့ရေးမှာတော့ တိုင်းရင်းသားတွေနဲ့ ရခိုင်ပြည် မြောက်ပိုင်း အရေးမှာ တော့ ကျနော်တို့က NLD အစိုးရထက် သူတို့ကို ပိုပြီး အားကိုးတယ်။ အမျိုးသားရေးကို မျိုးချစ်စိတ်ဓာတ် အပြည့်နဲ့ ပိုပြီး လုပ်နိုင် မယ်လို့ ထင်တယ်” ဟု ဆိုသည်။
၁၉၈၈ ဒီမိုကရေစီ လူထု အရေးတော်ပုံကြီး ပြီးနောက် အာဏာရရှိခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို ရေးဆွဲကာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေး၍ တပ်မတော်မှ တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ပါတီအဖြစ် အသက်သွင်းပြီး အာဏာ လွှဲပေးခဲ့သည်။
ယင်းနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် အာဏာ ရရှိထားသည့် ကြံ့ခိုင်ရေး ပါတီသည် ထိုစဉ်က အတိုက်အခံ ပါတီ ဖြစ်သူ NLD ပါတီအား မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ယခုအခါ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ပြန်လည် အနိုင် ရရှိရန် ကြိုးစားလျက် ရှိသည်။