သတင်း

အစိုးရက သတိပေးသော်လည်း စိုက်ပျိုးစရိတ် ချေးငွေအတွက် စည်းရုံးမှုများ ဆက်ရှိနေ

ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်အချို့က စိုက်ပျိုးစရိတ့် ချေးငွေများ ထုတ်ချေးမည်ဟုဆိုကာ ဝန်ဆောင်ခများ ကောက်ယူနေမှုတိုင်းအား မယုံကြည်သင့်ကြောင်း အစိုးရ သတိပေးထားသော်လည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း ကုမ္ပဏီအမည် မဖော်ပြဘဲ ချေးငွေပေးမည်ဟု ဆိုကာ စည်းရုံးမှုများ ရှိနေကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကုမ္ပဏီအမည် ဖော်ပြခြင်း မရှိဘဲ လယ်တဧကလျှင် ကျပ်သိန်း ၅၀ ဖြင့် ထုတ်ချေးမည်ဆိုကာ စည်းရုံးမှုများ ရှိနေပြီး ချေးငွေ ထုတ်ယူသည့်အခါ စာရွက်စာတမ်းကြေးနှင့် ဝန်ဆောင်ခအဖြစ် ကျပ် ၃ သိန်း ကောက်ခံမည်ဟုဆိုကာ စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် တောင်နီကျေးရွာမှ စပါးစိုက် တောင်သူတဦးဖြစ်သူ ဒေါ်ခင်နှင်းက “ကုမ္ပဏီနာမည် မပြောဘူး။ တအား အောင်မြင် နေတော့ တိုက်ခိုက်တဲ့သူတွေ များတဲ့အတွက် ပိုက်ဆံထုတ်ချေးတဲ့ နေ့မှ ကုမ္ပဏီနာမည် ပြောမယ်လို့ ပြောတယ်။ လောလောဆယ်တော့ ကိုယ်ဘက်က ဓာတ်ပုံကြေးနဲ့ ပုံစံ ၇ မိတ္တူကြေးပဲ စိုက်ထားရတယ်။ တဧက သိန်း ၅၀ ဆိုတော့ ရွာကသူတွေလည်း မယုံတဝက် ယုံတဝက်ဖြစ်နေကြလို့ စာရင်းတော့ ပေးထားကြတယ်” ဟု ဧရာဝတီကို ပြောသည်။

ချေးငွေအတွက် အတိုးနှုန်းမှာ ချေးငွေ၏ ၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလအဖြစ် ၁၅ နှစ် ဖြစ်ပြီး ချေးငွေရယူလိုသူများ အနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ – ၇ မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ လိုင်စင်ဓာတ်ပုံ ၄ ပုံတို့ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ခြင်း ပြောဆိုကာ စည်းရုံးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ခင်တန်းကျေးရွာမှ တောင်သူ ဦးဇော်မင်းက “သူက တဧကသိန်း ၅၀ ပေးမယ်ဆိုတော့ မယုံစရာပဲ။ အခုလယ် ရောင်းစားဦး တဧကကို သိန်း ၅၀ မပေါက်ဘူးလေ။ တချို့အဖွ့ဲတွေကျတော့လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပေါင်းပြီး သူတို့က ဆော်သြပေးတာ။ အဲဒီတော့ ယုံတဲ့သူတွေလည်း ယုံကုန်တာပေါ့” ဟု ဆိုသည်။

အောက်တိုဘာလ ၄ ရက်ကလည်း စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးမည်ဆိုကာ ကျေးလက်ဒေသများရှိ တောင်သူများအား လိမ်လည်နေသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များ၏ လိုက်လံစည်းရုံးမှုများကို မယုံသင့်ကြောင်း အစိုးရပိုင် သတင်းစာမှတဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ် သတိပေးထားသေးသည်။

ယင်းကြေညာချက်တွင် ချေးငွေလိုင်စင်မရှိဘဲ ပုံစံ – ၇ မိတ္တူရယူကာ ၁၀ ဧကလျှင် ငါးသိန်းမှ ၁၀ သိန်း ချေးမည်ဟုဆိုကာ ဝန်ဆောင်ခအဖြစ် တဧကလျှင် ကျပ် ၅၀၀၀ မှ ၁၅၀၀၀ အထိ ကောက်ခံနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်အတွက် သတိပြုကြရန်နှင့် လုပ်ဆောင် နေသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားခြင်း ဖြစ်သည်။

ထို့ပြင် ချေးငွေ အကြောင်းပြ လိမ်လည်မှု လုပ်ဆောင်နေသည့် ကုမ္ပဏီ လေးခု အမည်ကိုလည်း ဖော်ပြထားကာ ရွှေသစ္စာမြေ၊ ဓနတိုးဝင်းအောင်၊ General Star, Phyo Thet Aung ကုမ္ပဏီတို့ ဖြစ်သည်။

ရွှေသစ္စာမြေ ကုမ္ပဏီမှာ ပျဉ်းမနား၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မြောင်းမြနှင့် ဝါးခယ်မမြို့၊ ဓနတိုးဝင်းအောင် ကုမ္ပဏီမှာ မိုးညှင်း၊ မိုးကောင်း၊ ပုလဲ၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ဇေယျာသီရိနှင့် ကျောက်ဆည်၊ General Star ကုမ္ပဏီမှာ တောင်ငူ၊ ဝမ်းတွင်းနှင့် ရွာငံမြို့နယ်၊ Phyo Thet Aung ကုမ္ပဏီမှာ မြစ်သားမြို့နယ်တို့တွင် ချေးငွေကိစ္စများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ယင်းတု့ိအနက် ရွှေသစ္စာမြေ ကုမ္ပဏီကို ငွေကျပ် သုံးသိန်း လိမ်လည်ခံရသည့် တောင်သူ ၆ ဦးမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံမှ စုံစမ်း သိရှိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက “ကျနော်တို့ ဥပဒေအရတော့ လုပ်လို့မရဘူး။ ခံရတဲ့ တောင်သူတွေကပဲ တရားစွဲရမှာ။ အဲဒီတော့ တောင်သူတွေကို ကျနော်တို့က မက်ဆေ့ပေးတယ်။ အဲဒီလိုလုပ်တာ လက်မခံဘဲ တရားစွဲကြပါဆိုပြီး ပြောတယ်။ တောင်သူတချို့ ကျတော့လည်း တရားရုံးတွေ သွားရမှာ အရမ်းစိုးရိမ်တယ်။ အဲဒီတော့ တသောင်း၊ တသောင်းခွဲကို သူတို့ အဆုံးရှုံး ခံလိုက်ကြတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက စိုက်ပျိုးစရိတ်ချေးငွေ အကြောင်းပြ လိမ်လည်နေသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များမှ ၎င်းတို့ လိမ်လည်ကြောင်း တောင်သူများ သိရှိသွားပါက အခြားဒေသများသို့ ပြောင်းရွှေ့ကာ လိမ်လည်မှုများ ဆက်လုပ်နေကြောင်း၊ ယင်းဖြစ်စဉ်မျိုး တွေ့ရှိပါက တာဝန်ရှိသူများထံ တိုင်ကြားရန်နှင့် ငွေကြေးပေးအပ်မိသည်ဆိုပါက လိမ်လည်မှုဖြင့် တရားစွဲဆိုကြရန် လိုကြောင်းလည်း ဆက်ပြောသည်။

စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ သတိပေး ကြေညာချက်၌ ငွေကြေးလုပ်ကိုင်ခွင့် လိုင်စင် ခွင့်ပြုချက်မရှိဘဲ လိမ်ညာလုပ်ကိုင်နေသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်အချို့၏ အယုံသွင်း လိမ်ညာမှု မခံရစေရန် သတိပြု ရှောင်ရှားရန်နှင့် မိမိနေထိုင်ရာ ဒေသအတွင်း ယင်းသို့သော ကိစ္စများ ဖြစ်ပွားပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာနှင့် ငွေရေးကြေးရေး စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများထံ သတင်းပေးပို့ခြင်း၊ ငွေကြေး ပေးအပ်ပြီးပါက တရားစွဲဆိုခြင်း နည်းလမ်းများဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြရန် ဖော်ပြထားသည်။

ဝန်ကြီးဌာနက ဖော်ပြခဲ့သော ကုမ္ပဏီ လေးခုအနက် ဓနတိုးဝင်းအောင် ကုမ္ပဏီမှ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်လှလှဝင်းနှင့် ဦးကောင်းစံလင်းထူးတို့ကို လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် ဧရာဝတီတိုင်း မအူင်မြို့နယ်မှ လယ်သမားများက ပြီးခဲ့သည့် ဇွန်လအတွင်း တရားစွဲဆိုထားသေးသည်။

စီးပွား/ကူးသန်း ဝန်ကြီးဌာနက ယင်းဖြစ်စဉ်မျိုး ရှိနေသည့်အတွက် တောင်သူဦးကြီးများသို့ သတိပေးကြေညာချက် အမည်ဖြင့် ယခုနှစ် ဇွန်လ ၁၆ ရက်ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်လယ်သမားများကို ချေးငွေပေးမည်ဟုဆိုကာ လိမ်လည်သူများအား တရားစွဲ

Loading