အစွန်းရောက် ဘာသာရေး စည်းရုံးမှုများ ပြုလုပ်နေသည်ဟု ဆိုကာ ဖမ်းဆီးစစ်ဆေး ခံနေရသည့် “ဝ” နှင့် လားဟူ တိုင်းရင်းသား ခရစ်ယာန် ဓမ္မဆရာများထဲမှ ၁၀၀ ကျော်ကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှ စတင်ကာ UWSA ထိန်းချုပ်ထားသည့် ဒေသသို့ ပြင်ပမှ ဝင်ရောက်လာသော ဓမ္မဆရာများအပြင် ထိန်းချုပ်ထားရာ ဒေသအတွင်းရှိ ဓမ္မဆရာများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဖမ်းဆီးထားသူ များ ထဲမှ အောက်တိုဘာ ၁ ရက်တွင် ၁၀၀ ကျော် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု လားဟူ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (ရှမ်း/ရှေ့)မှ သိက္ခာတော်ရဆရာ ဒေါက်တာ လာဇရုက ဧရာဝတီကို ပြောသည်။
ဒေါက်တာ လာဇရုက “အခု ပြန်လွတ်လာတာက “ဝ” အဖွဲ့ထဲက ဓမ္မ ဆရာ/ဆရာမများ ဖြစ်ပါတယ်။ ၁၀၀ ကျော်ကျော် လေး လွတ်လာတယ်လို့ ကြားရတယ်။ လားဟူ ဓမ္မဆရာတွေ ပြန်မလွှတ်သေးဘူး။ အခုတော့ သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်မှု ကတော့ လုပ်လို့ မရဘူး”ဟု ဆိုသည်။
UWSA က ဖမ်းဆီးထားသူများတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပေါက်မြို့နယ်မှ လားဟူ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (ရှမ်း/ရှေ့) မှ ဓမ္မ ဆရာ/ဆရာမ ၉၂ ဦးနှင့် ကျမ်းစာသင် ကျောင်းသား/သူ ၄၂ ဦး တို့ ပါဝင်ကြောင်း ယင်း လားဟူ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က စက်တင်ဘာလ ၂၅ ရက်က ထုတ်ပြန်ထားသည်။
သို့သော် လွတ်မြောက်လာသည့် ဓမ္မဆရာ ၁၀၀ ကျော်မှာ ၀ လူမျိုးများသာ ဖြစ်ပြီး လားဟူလူမျိုး ဓမ္မဆရာများ ပြန်လွတ် လာခြင်း မရှိသေးကြောင်း သိက္ခာတော်ရဆရာ ဒေါက်တာ လာဇရုက ပြောသည်။
ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေသည့် ဓမ္မဆရာအရေအတွက် မည်မျှရှိကြောင်းကိုမူ UWSA ဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။
UWSA လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက“အများအားဖြင့် လွတ်ပြီ၊ ဘယ်နှယောက် ဆိုတာတော့ မသိရဘူး၊ ၁ ရက်နေ့က ပြန်လွှတ်တယ် ကြားတယ်၊ အများအားဖြင့် ဝ လူမျိုးပါပဲ”ဟု ပြောသည်။
ပြန်လွတ်လာသည့် ဓမ္မဆရာ ၁၀၀ ကျော်အား ဘုရားကျောင်းသို့ သွားရောက် ဘုရားရှိခိုးခြင်း မပြုရန်နှင့် နေအိမ်တွင်သာ ရှိခိုးရန်၊ ဘာသာရေး လုပ်ငန်းများအား UWSA ၏ ညွှန်ကြားချက်အောက်တွင်သာ ဆောင်ရွက်ရန် စသည့် ခံဝန်ချက်များကို သဘောတူ လက်မှတ်ရေးထိုးခိုင်းစေပြီးမှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
ဒေါက်တာလာဇရုက “ဝ လူမျိုးတွေကို ပြန်လွှတ်တာက သူတို့က အရင် ဖမ်းထားတယ်။ သူတို့ကို အရင် စစ်ဆေး မေးမြန်း ပြီးတော့ ခံဝန်ချက်တွေနဲ့ လက်မှတ်ထိုးပြီးတော့ ပြန်လွတ်လာတယ်လို့ ကြားတယ်။ ကျနော်တို့ လားဟူကကျတော့ တပတ်၊ နှစ်ပတ်လောက်ကြာမှ အဖမ်းခံရတော့ သူတို့ စစ်ဆေးတာ မပြီးသေးလို့လား မသိဘူး။ မလွှတ်သေးတာ ဖြစ်မယ်။ ခံဝန်ချက် က အိမ်ပြန်ရောက်ရင် ဘုရားကျောင်းမှာ ဘုရား မရှိခိုးတော့ဘူးပေါ့၊ ဘုရားရှိခိုးမယ်ဆိုရင်လည်း ကိုယ့် ဘာသာပဲ ရှိခိုးမယ် ဆိုတာမျိုး ကတိခံဝန်ချက် ထိုးရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကတိခံဝန်ချက်တွင် ဘုရားကျောင်းများ၌ သွားရောက် ဘုရားရှိခိုးခြင်း မပြုရန် ဆိုသည့် အချက်ကို UWSA ဘက်မှ ညွှန်ကြားထားခြင်း မရှိကြောင်း၊ အဖွဲ့၏ ညွှန်ကြားချက် အောက်တွင်သာ ဘာသာရေး လုပ်ငန်းများ လုပ်ဆောင်ရမည် ဆိုသည့်အချက် ပါရှိကြောင်း UWSA ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဆိုသည်။
UWSA အတွင်းရှိ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များတွင် နတ်ကိုးကွယ်သူ၊ ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် ကိုးကွယ်သူ စသဖြင့် ကွဲပြားသော်လည်း အများစုမှာ နတ်ကိုးကွယ်သူများ ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဖြစ်သည့် ၀ ဒေသတွင် ရှမ်းပြည်နယ် ဟိုပန်၊ မိုင်းမော၊ နားဖန်း၊ မက်မန်း၊ ပန်တိုင်၊ ပန်ဆန်း (ပန်ခမ်း) ၆ မြို့နယ်ပါဝင်ကာ UWSA က ခရိုင်နှစ်ခုခွဲ၍ အုပ်ချုပ်နေခြင်း ဖြစ်သည်။
UWSA ခေါင်းဆောင်များက ဘာသာရေး စည်းရုံးမှုများ ပြုလုပ်နေသည့် ခရစ်ယာန် ဓမ္မဆရာများကို ဖမ်းဆီးရေးနှင့် ပတ်သက်၍ စက်တင်ဘာလ ပထမပတ်ထဲတွင် အစည်းအဝေး ပြုလုပ် ဆုံးဖြတ်ချက်ချကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စက်တင်ဘာလ အစောပိုင်းက ကျင်းပခဲ့သည့် UWSA ဗဟိုကော်မတီ အစည်းအဝေးတွင် စာသင်ကျောင်းများ၌ ဘာသာ ရေး နှင့် ဆိုင်သည့် အကြောင်းအရာများ မသင်ကြားရန်၊ “ဝ” ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်း အရေအတွက်များ ကောက်ခံ ရန်၊ ၁၉၉၂ ခုနှစ်နောက်ပိုင်း “ဝ” ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာများ ခွင့်ပြုထားသည်မှ အပ ဆောက်လုပ် ထားသည့် ဘုရားကျောင်းများကို ပယ်ဖျက်ဖြိုဖျက်ရန် ဆုံးဖြတ်ထားသည်။
ထို့ပြင် ဘာသာရေး အမှုတော်ဆောင်များ (စာသင် ကျောင်းဆရာ/မများ အပါအဝင်) တဦးချင်း စစ်ဆေးရန်၊ ဘာသာရေး ခေါင်းဆောင်များမှာ ဒေသခံများသာ ဖြစ်ရန်နှင့် ဘာသာရေးကို “ဝ” အစိုးရ၏ လုပ်ပိုင်ခွင့် ပေးမှုအောက်တွင်သာ လုပ်ဆောင်ရန် စသည့် အချက်များလည်း ဆုံးဖြတ်ထားကြောင်း သိရှိရသည်။
ဆက်စပ်ဖတ်ရှုရန် –
လားဟူ နှစ်ခြင်း ခရစ်ယာန်များကို UWSA ဖမ်းဆီး၊ လူငယ်များကို စစ်မှုထမ်းခိုင်းဟု ဆို
UWSA က ခရစ်ယာန်တွေကို ဘာကြောင့်နှိပ်ကွပ်သလဲ
ဘာသာရေးခေါင်းဆောင်များကို UWSA ဖမ်းဆီး စစ်ဆေးနေ