၂၀၁၈ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေး ကို ကွန်ဂိုနိုင်ငံမှ သားဖွားမီးယပ် ဆရာဝန် Denis Mukwege နဲ့ ကဒ်အမျိုးအနွယ်ဖြစ်သည့် ယာဇီဒီလူမျိုး Nadia Murad တို့ နှစ်ဦး ပူးတွဲရရှိသွားသည်။
သူတို့သည် စစ်ပွဲများ ပဋိပက္ခများအတွင်း အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးခြင်းအား တားဆီးမှုများ ပြုလုပ်ခဲ့ သည့် အတွက် ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးသည် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်သည့်အရေးပါသောလုပ်ဆောင်ချက်ကို စွမ်းဆောင်နိုင်ခဲ့ ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့်လည်း ပြည့်မီသဖြင့် ရွေးချယ်ခဲ့ကြောင်း နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့၏မှတ်ချက်တွင် ဖော်ပြသည်။
Nadia Muradသည် အသက် ၂၅နှစ်ရှိပြီဖြစ်ပြီး၊ မာလာလာ ယူဆွတ်ဇိုင်ပြီးလျှင် ဒုတိယမြောက် အသက်အငယ်ဆုံး နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ကာ၊ ၎င်းကိုယ်တိုင်ပင် IS အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး လိင်ကျွန်အဖြစ် ပြုကျင့်ခံခဲ့ ရသူဖြစ်သည်။
ကွန်ဂိုနိုင်ငံသားသားဖွားမီးယပ်ပညာရှင် Denis Mukwege သည်လည်း နိုဗယ်ငြိမ်းချမ်းရေး ဆု ရရှိရန် နှစ်ပေါင်းများစွာ တစ်ပြေးနေသူဖြစ်ပြီး၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ၊ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးများ၏ စိတ်ဒဏ်ရာများကို ကုစားပေးနေသူဖြစ်သည်။
ယခုပူးတွဲဆုရရှိသူနှစ်ဦးသည် ၎င်းတို့ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ဘေးချိတ်၍ အရဲစွန့်ကာ စစ်ရာဇဝတ်မှုများနှင့် နစ်နာသူများတရားမျှတမှုရှိစေရေးအတွက် ဆောင်ရွက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။