မန္တလေးခရိုင် ချမ်းမြသာစည် မြို့နယ်တွင် ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်တွင် တရားခံအား ဖမ်းဆီးရမိ ထားသော်လည်း ပစ်ခတ်ခံရသူ၏ ငွေကျပ် သိန်း ၂၀ မှာ ပျောက်ဆုံး နေကြောင်း သတင်း ရရှိသည်။
ချမ်းမြသာစည် မြို့နယ် ၅၅လမ်း၊ မနော်ဟရီလမ်းနှင့် မြတ်လေးလမ်းကြားတွင် သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီခန့်က ဆိုင်ကယ်စီးလာသော အမျိုးသားတဦးနှင့် အမျိုးသမီး တဦးအား အခြား ဆိုင်ကယ်ပေါ်မှ အမျိုးသား ၁ ဦးက သေနတ် ဖြင့် ၃ ချက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ အမျိုးသမီး သေဆုံးသွားခြင်း ဖြစ်သည်။
ပစ်ခတ်မှုတွင် သေဆုံးသွားသည့် အမျိုးသမီး၏ တူ တော်စပ်သူ လီဘီဝင့်က“ပစ်ခတ်မှု ဖြစ်သွားတဲ့ နေရာမှာ ငွေက ကျပ် သိန်း ၂၀ ပါသွားတယ်။ ဖြစ်သွားတဲ့ အချိန်မှာ လူကလည်း သေတယ်။ ငွေ သိန်း ၂၀ လည်း ပြန်မရဘူး။ ဘဏ် စာအုပ်၊ မှတ်ပုံတင်၂ ခု၊ ဖုန်းတွေလည်း ပြန်မရဘူး။ ဒါတွေ အကုန်လုံး ပါသွားတယ် ဆိုတာကို ရဲစခန်းမှာ အကြောင်း ကြားထား ပါ တယ်”ဟု ဧရာဝတီကို ပြောဆိုသည်။
ပျောက်ဆုံးနေသည့် ပစ္စည်းများ အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ မိသားစုဝင်များက သွားရောက် သတင်း ပေး ပို့ ခဲ့ရာ ရှာဖွေ ပုံစံဖြင့် သိမ်းဆည်း ပစ္စည်းစာရင်းတွင် ပါဝင်ခြင်း မရှိဟု ဖြေကြားကြောင်း သိရသည်။
ပစ်ခတ်မှုတွင် အသက်ရှင် ကျန်ရစ်သူ အမျိုးသားက ယင်းသို့ ပျောက်ဆုံးနေကြောင်း ပြောခြင်း ဖြစ်သည်ဟု လီဘီဝင့်က ပြောသည်။
“အဲဒီနေ့က အဒေါ်ဆီကို ငွေလွှဲပေးလိုက်တာကို သိန်း ၂၀ ပဲ ထုတ်လာတယ်။ ဒါကို နောက်ကနေ လိုက်လုလို့ ဒါမျိုးဖြစ် သွားတယ်လို့ ဦးလေးက ပြောမှ သိရတာပါ။ အဲဒီနေ့က ဖုန်းကို အမျိုးသမီးတယောက်က အဒေါ့်ဆီကနေ ယူပြီးတော့ တာဝန်ရှိသူ ဘယ်သူလဲလို့ မေးပြီး ပေးလိုက်တာကို အွန်လိုင်းမှာ တက်လာတဲ့ ဗွီဒီယိုဖိုင် တခုမှာ တွေ့လိုက်ရတယ်။ ဒါ တွေ ပါသွားပါတယ်လို့ စခန်းကို သွားပြောတော့ ပါမလာဘူးလို့ ပြောတယ်။ ဒီအပေါ်မှာတော့ အမှန်အတိုင်းပဲ ဖြစ်စေချင်ပါ တယ်။ တရားခံလည်း မိထားပါလျက်နဲ့ ဒါတွေ ပါမလာဘူး၊ ပျောက်နေတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ပစ်ခံရသူ အမျိုးသမီးမှာ ဦးခေါင်းထိမှန်ခဲ့ရာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး အမျိုးသား မှာ ရင်အုံနှင့် ဝဲရင်ဘတ်မှ ကျည်ဖောက်ဝင်၊ ယာချိုင်းအောက် ကျည်ဖောက်ထွက် ဒဏ်ရာများ ရရှိခဲ့သည့်အတွက် မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူခဲ့ရပြီး ယခုအခါ သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
အောင်ပယ်လယ် နယ်မြေ ရဲစခန်း ရဲအုပ် စိန်ထွန်းဦး က “အဲဒီ အမှုကို ပထမက ကျနော်တို့ စခန်းက စစ်ပါတယ်။ နောက် ပိုင်းမှာ ဒီအမှုက အရေးကြီးတဲ့ အမှုဖြစ်တဲ့ အတွက် CID (မှုခင်း ရဲတပ်ဖွဲ့)ကို လွှဲပေးလိုက်ရပါတယ်။ တရားခံ ကို စွဲဆိုထား တဲ့ အမှုတွေ အကုန်လုံးလည်း အခုဆိုရင် တရားရုံးကို ရောက်နေပါပြီ။ လက်နက်မှုကိုလည်း အမိန့်ချပြီး လို့ တရားခံက အိုး ဘိုထောင်မှာပါ” ဟု ပြောသည်။
ပြစ်မှုကျုးလွန်သူ ခွန်ကောလားက စက်တင်ဘာ ၁၉ ရက် ရုံးချိန်းတွင် ကျုးလွန်ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သဖြင့် လက်နက် မှု ၁၉ (စ) အတွက် ချမ်းမြသာစည် မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်ကျခံရန် အမိန့်ချပြီး ဖြစ်သည်။
အမှတ် ၃ မှုခင်းတပ်ဖွဲ့ခွဲ (မန္တလေး)မှ ဒုရဲမှူး ကျော်မြင့်ဦးက “သူတို့ ဘဏ်က ထုတ်လာတယ်ဆိုတဲ့ သိန်း၂၀ က အခင်း ဖြစ်တဲ့ နေရာမှာ ခွန်ကောလားက လုသွားပါတယ်။ လုပြီး သူ့အိတ်ထဲ ထည့်ပြီး ဟိုပြေး ဒီပြေးလုပ်တော့ ဝိုင်းပြီး ဖမ်းကြတော့ အဲဒီ အိတ်က မပါတော့ဘူး။ အဲဒီအိတ်က ဘယ်မှာကျခဲ့ပြီး ဘယ်သူ ကောက်ရသွားသလဲ ဆိုတာ မသိရ ဘူး။ အမှုတွဲကို ကျ နော်တို့က ရဲစခန်းကနေ လွှဲယူရတာပါ။ သက်သေခံ ပစ္စည်း သိမ်းဆည်းတဲ့ အထဲမှာ ပါမလာဘူး” ဟု ပြောဆိုသည်။
ဘဏ်စာအုပ် ပါရှိသွားသဖြင့် အမှတ် ၃ မှုခင်း တပ်ဖွဲ့ခွဲ (မန္တလေး)မှ လိုအပ်သည့် အကူအညီများကို လိုက်ပါ လုပ်ဆောင် ပေးထားကြောင်း သိရသည်။
ပြစ်မှုကျုးလွန်သူ ခွန်ကောလားကို လက်နက်မှု ၁၉ (စ) အတွက် ထောင်ဒဏ် ၃နှစ်ကျခံရန် အမိန့်ချပြီး ဖြစ်သော်လည်း မန္တလေး ခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂/၃၉၇ တို့ဖြင့် တရားစွဲတင် ပြီး ဆက်လက်၍ အမှုစစ်ဆေး လျက် ရှိကြောင်း သိရသည်။