နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကြား ၂ ဦးတည်း တွေ့ဆုံပြီး တိုင်းပြည်၏ မျက်မှောက်ရေးရာကိစ္စရပ်များကို ဆွေးနွေးပြောဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သမ္မတရုံးက ပြောသည်။
နေပြည်တော် သမ္မတအိမ်တော် သတင်းမီဒီယာရှင်းလင်းပွဲခန်းမတွင် သမ္မတရုံးမှ ၂ ပတ်တကြိမ် သောကြာနေ့တိုင်း ပြုလုပ်သည့် အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းသည့် ပွဲတွင် သမ္မတ ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းပြခဲ့ခြင်းဖြစ်သည်။
ဦးဇော်ဌေး က “အစိုးရနှင့် တပ်အကြား ဆက်ဆံရေးက သတင်းမထုတ်တာလည်း ရှိတယ်။ 4 Eyes ပေါ့။ 4 Eyes ဆိုတာက ၂ ယောက်တည်း တွေ့ တာမျိုး ရှိတယ်။ နောက်သတင်း မထုတ်ဘူး။ သို့သော် Issues အလိုက် တွေ့တဲ့အချိန်မှာ ၂ ယောက်တည်း မဟုတ်ဘူး။ ကျန် တဲ့ အဖွဲ့ ဝင်တွေ ကိုယ်စားလှယ်တွေလည်း ပါတယ်။ အနည်းစုပေါ့နော်။ အဲလို တွေ့ဆုံမှုတွေ ရှိတယ်”ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးခဲ့သည့် အကြိမ် အရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း ရခိုင်အရေး၊ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) နှင့်ဆိုင်သော ကိစ္စရပ်များအတွက် အစိုးရနှင့် တပ်မတော်ကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ရှိကြောင်း ၎င်းက ပြောသည်။
ဦးဇော်ဌေးက“ဘယ်နှစ်ကြိမ်တွေ့ခဲ့လဲ ဆိုတာတော့ ပြောလို့ မရဘူး။ ကျနော်ပြောတာက ၂ ယောက်တည်းလည်း တွေ့တယ်။ Issu es အပေါ်မှာ မူတည်ပြီးလည်း တွေ့တယ်။ နောက် သမ္မတပါတဲ့ပွဲတွေလည်း ရှိတယ်။ သမ္မတ မပါတဲ့ပွဲတွေလည်း ရှိတယ်”ဟု ပြော သည်။
ထို့ပြင် အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေး ကောင်းမွန်နေပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၃ နှစ်ပြည့် အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းအခမ်းအနားသည် သာမာန် အခမ်းအနားမျိုး မဟုတ်ဘဲ ငြိမ်းချမ်းရေးအရ ရပ်တန့်နေသည်များ ကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း သမ္မတရုံးက ပြောသည်။
အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် ခေါင်းဆောင်များကြား ထိပ်သီးဆွေးနွေးပွဲအတွက် တိုင်းရင်းသားများဘက်မှ ပြင်ဆင် မှုများ ပြုလုပ်နေပြီး PPST သို့ တင်ပြမှုများ ဆောင်ရွက်နေကြောင်း၊ ယခု တွေ့ဆုံပွဲကို အကောင်းမြင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ တပ်မတော် (ABSDF) ဒုတိယ ဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း က ပြောသည်။
ရဲဘော် မျိုးဝင်း က “အကောင်းဆုံးကို မျှော်လင့်ပြီးတော့ ပြင်ဆင်သွားဖို့ ရည်ရွယ်ထားတယ်။ အကောင်းမြင်တယ်။ ဘာပဲဖြစ်ဖြစ် တာဝန်အရှိဆုံးသူ တွေနဲ့ တွေ့ဆုံနိုင်ဖို့ အနေအထားကဆိုရင် EAOs တွေဘက်က နေပြည်တော်မှာ တောင်းဆိုခဲ့လို့ ဖြစ်တာ။ EAOs ဘက် သေချာ ပြင်ဆင်ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်” ဟု ပြောသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တောင်းဆိုနေသည့် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ၎င်းတို့ကြား တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက်ကို လာမည့် အောက်တိုဘာလ ၁၅ ရက် NCA သုံးနှစ်ပြည့် အခမ်းအနားတွင် ပူးတွဲပြုလုပ်ရန် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
ဦးဇော်ဌေး က “ဒီတခေါက်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်မယ်ဆိုတာ မြင်သာတဲ့ လက္ခဏာပေါ့နော်။ ဆိုလိုတာက အစိုး ရနဲ့ ဆက်ဆံရေး မကောင်းရင် ဘယ်တက်မလဲဗျာ။ အစိုးရနဲ့ ဆက်ဆံရေး ကောင်းနေလို့ပဲ သူကိုယ်တိုင် တက်ရောက်တာ ဖြစ် တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တပ်ချုပ်ကိုယ်တိုင် တက်တာ ဒါပထမဆုံးဖြစ်တဲ့အတွက် ဒါကို ကြည့်ရင် သိနိုင်ပါတယ်”ဟု ပြောသည်။
အဓိက ဆွေးနွေးမည့် အချက် ၅ ခုမှာ လာမည့် ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာ၊ အရေးကြီးသည့် ဒီမိုက ရေစီ ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ ကျင့်သုံးနေသည့် နိုင်ငံရေး မူဘောင် ပြန်လည် သုံးသပ်ခြင်း၊ နိုင်ငံရေးအရ အရေးကြီး သည့် ကိစ္စရပ်များတွင် ခေါင်းဆောင်များကြား သဘောတူညီချက်များ ထား၍ ဆက်လက် ဆောင်ရွက်သည့် နည်းလမ်းနှင့် ညီလာခံတွင် NCA မထိုးရသေးသည့် သူများ အားလုံးပါဝင်လာအောင် ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွကို အကြို ၂ ရက်၊ နှစ်ဘက်ထိပ်သီးခေါင်းဆောင်များ ပါဝင်မည့် ၁ ရက် ထပ်မံ၍ လိုအပ်ရက် ၂ ရက် စုစုပေါင်း ၅ ရက် ကျင်းပမည်ဟု ခန့်မှန်း ထားပြီး အလွတ်သဘောများ အပါအဝင် လူကြီးများ အေးဆေးစွာ ဆွေးနွေးဆုံးဖြတ်နိုင်ရန်အတွက် မီဒီယာများကို ခွင့်ပြုမည် မဟုတ်ကြောင်းလည်း သိရသည်။
ဆက္စပ္ဖတ္ရႈရန္ – အာဏာသိမ်းရမယ့် အချိန်လား