တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ဖမ်းဆီးထားသည့် နန်းမိုဟွမ်အား ကိစ္စ နှင့်ပတ်သက်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ကြားဝင် စေ့စပ် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်ကို TNLA မှ တပ်ဖွဲ့ဝင် ၅ ဦးသည် နေအိမ်အတွင်းသို့ ဝင်ရောက်၍ တာဝန်ဝတ္တရား နှောင့်ယှက်မှု လုပ်သည်ဟုဆိုကာ ၂၀၁၇ ခုနှစ် သြဂုတ် ၁၇ ရက်က ဖမ်းဆီးသွားခဲ့ရာ ယနေ့ထိ ပြန်လွှတ်မပေးသေးပေ။ ဒေသတွင်းနှင့် ပြည်မရှိ အသင်းအဖွဲ့များက ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ကန့်ကွက်ကြပြီး နန်းမိုဟွမ်အား ပြန်လွှတ်ပေးရန် TNLA ကို တောင်းဆိုခဲ့ကြသည်။
နန်းမိုဟွမ်၏ မိသားစုဝင်များနှင့် နမ့်ခမ်းမြို့ရှိ လူငယ်ကွန်ယက်၊ ရှမ်းသံဃာတော်များအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ လူမှုညီညွတ်ရေးအသင်း၊ တောင်သူလယ်သမားများအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ (ကျားဖြူပါတီ)၊ ရှမ်းလူငယ်များအဖွဲ့တို့သည် ၂၀၁၈ ခုနှစ်၊စက်တင်ဘာ ၂ ရက်က FPNCC သို့ စာပို့၍ နန်းမိုဟွမ် ပြန်လွတ်ရေး ကြားဝင် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
အဆိုပါ စာပို့ တောင်းဆိုမှုအပေါ် FPNCC က ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် လက်ခံ ရရှိကြောင်းနှင့် လုံခြုံရေး အာမခံချက် ရရှိရန်နှင့် တရားမျှတသည့် နည်းလမ်းဖြင့် ဖြေရှင်း ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ ကြောင်း ပြန်လည် အကြောင်းကြား စာပေးပို့လာသည်ဟု လူငယ်များကွန်ယက်(နမ့်ခမ်းမြို့)မှ ဆက်ဆံရေး တာဝန်ခံ စိုင်းသိန်းရွှေက ဧရာဝတီသို့ ပြောသည်။
“FPNCC မြောက်ပိုင်းမဟာမိတ် ဌာနချုပ်ကနေ ကျနော်တို့ဆီကို စာရေး အကြောင်းကြားလာတာ ရှိပါတယ်။ အရင်က နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် သူတို့ဆီကို စာရေး အကူအညိတောင်းထားတာ ရှိတာကိုး။ အဲ့တာကို သူတို့ကလည်း လေ့လာစုံစမ်းပြီးတော့ စေ့စပ် ညှိနှိုင်း ကူညီပေးမယ်ဆိုတော့ ကျနော်တို့က ကျေးဇူး အထူးတင်ကြောင်း ပြောချင်ပါတယ် ခင်ဗျာ။ နန်းမိုဟွမ် လွတ်မြောက်နိုင်ရေးအတွက် ရောင်ခြည်လေး သန်းလာပြီလို့ ပြောနိုင်ပါတယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
အကြောင်းပြန်ကြားသည့် စာထဲတွင် မိမိတို့ FPNCC အနေဖြင့်လည်း မိတ်ဆွေများ ပေးပို့သည့် စာတွင် ပါရှိသည့် ကိစ္စနှင့် ပတ်သက်၍ လေ့လာစုံစမ်းမှုများကို ယခုရက်များအတွင်း ပြုလုပ်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ မိမိတို့ လေ့လာစုံစမ်း သိရှိရသော ရလာဒ်များအပေါ် အခြေခံ၍ FPNCC အမြဲတမ်း ကော်မတီသည် (PSLF/TNL A)နှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါကြောင်း ဆိုထားသည်။
“ထို့ ကြောင့် အထက်ပါကိစ္စရပ်များကို ဖြေရှင်းရာတွင် နှောင့်နှေးစေမည့် အရာများ၊ မလိုလားအပ်သော အခြား အခက်အခဲများနှင့် ပြဿနာများ၊ ထပ်မံ မဖြစ်ပွားစေရန် မိတ်ဆွေများနှင့် TNLA နှစ်ဖက်စလုံးတို့သည် ယခု အချိန်မှ စ၍ နှုတ်အားဖြင့် သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း၊ အပြန်အလှန် တိုက်ခိုက်မှုများကို ရပ်စဲပေးကြရန် လိုအပ်ပါလိမ့်မည်”ဟု FPNCC က ရေးသားထားသည်။
နန်းမိုဟွမ် ကိစ္စရပ်အား နှစ်ဖက်ဆွေးနွေး ညှိနှိုင်း ဖြေရှင်း၍ ရနိုင်မည့် အသင့်တော်ဆုံး နေရာမှာ FPNCC ဗဟိုဌာနချုပ်ရုံး ပန်ခမ်းမြို့ဖြစ်ကြောင်း၊ ယခုစာ လက်ခံ ရရှိပြီးသည့် နောက်ပိုင်း ပန်ခမ်းမြို့သို့ လာရောက် ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြမည့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့အား အမြန်ဆုံး စုဖွဲ့ပြီး အမည်စာရင်းများကို ပို့ပေးစေလိုပါကြောင်းလည်း အကြောင်းပြန်ထားသည့်အတွက် အဖွဲ့ဝင် ၅ ဦးပါ အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခု အောက်တိုဘာ ၇ ရက်အတွင်း ပန်ခမ်း(ပန်ဆန်း)မြို့သို့ သွားရောက် နိုင်ခြေ ရှိကြောင်း နန်းမိုဟွမ် လွတ်မြောက်ရေး ဆောင်ရွက်ပေးနေသူ စိုင်းသိန်းရွှေက ဆိုသည်။
“ကျနော်တို့ကို ဖိတ်ခေါ်လာတယ်ပေါ့။ ဒီနှစ်ရက်လောက် အတွင်း ဖြစ်နိုင်မယ် ထင်တယ်၊ သွားမှာကို ပြောတာပါဗျ။ FPNCC က ကြားနေ ကူညီ ဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောလို့ဘဲ သဘောပေါက်ပါတယ်”ဟု ပြောသည်။
FPNCC ကို UWSA ၊TNLA၊ ဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA/KIO)၊ မြန်မာနိုင်ငံ ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော်(AA) တို့ဖြင့် ဖွဲ့စည်းထားပြီး TNLA သည် FPNCC အဖွဲ့ဝင်ဖြစ်သည်။
TNLA သည် နန်းမိုဟွမ်ကို TNLA အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန် ဝန်ထမ်းများ၊ လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် ဝန်ထမ်းများအား ထိခိုက်သေဆုံးသည်အထိ တာဝန်ဝတ္တရား၊ နှောက်ယှက်ခဲ့သည်ဟု ဆိုကာ TNLA ၏ ဗဟိုတရားရုံးတွင် အမှုဖွင့် အရေးယူထားကြောင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်က ထုတ်ပြန်ခဲ့သည်။
နန်းမိုဟွမ် မိသားစုဝင်များကမူ နန်းမိုဟွမ်သည် TNLA ထံ ဆက်ကြေး နှစ်တိုင်း ဆောင်ပြီး TNLA မှ စွပ်စွဲသည့် စွပ်စွဲချက်များကို လုပ်ဆောင်ထားခြင်း မရှိကြောင်း ဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့၊ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) တို့အပါအဝင် နမ့်ခမ်းမြို့ဒေသခံများက ပြန်လွှတ်ပေးရန် တောင်းဆိုထား ကြသည်။
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ” TNLA ကိစ္စကတော့ သူတို့လည်း ထုတ်ပြန်ထားတယ်၊ ကျနော်တို့လည်း ထုတ်ပြန်ထားတယ်၊ အလားတူဘဲ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်က တဆင့် ဒီကိစ္စကို အလေးထား ဆောင်ရွက်ဖို့၊ အထူးသဖြင့် ငြိမ်းချမ်းရေးကို ရှေ့ရှုပြီးတော့ ဆောင်ရွက်ဖို့ ကျနော်တို့က ပြောထားတယ်။ ပြောထားတော့ ဒီအဖွဲ့အစည်းတွေက ကျနော်တို့ တရားဝင် အခုချိန်ထိ အဲဒီ အဖွဲ့အစည်းတွေသည် တရားမဝင်အသင်း မတရားအသင်းဥပဒေနဲ့ ငြိစွန်းနေတယ်၊ အဲဒီထဲမှာ အကျုံးဝင်နေတယ်၊ အကျုံးဝင်နေတော့ အဲဒီအသင်းတွေနဲ့ဆက်သွယ်ရင် မတရား အသင်းဥပဒေနဲ့အရေးယူလို့ ရတဲ့သဘောမျိုးဖြစ်တယ်။”
“အဲတော့ ဆိုလိုတာက သူတို့သည် တရားဝင်အဖွဲ့အစည်းတွေ မဟုတ်ဘူး၊ မတရားအသင်းနဲ့ ငြိစွန်းနေတဲ့ အဖွဲ့ အစည်းတွေ ဖြစ်တယ်၊ အဲဒါကို နားလည်ဖို့လိုတယ်၊ မတရားအသင်းဖြစ်တဲ့အတွက် အစိုးရရဲ့ အုပ်ချုပ်မှု အာဏာ သက်ရောက်ခြင်းမရှိဘူး”ဟု ၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်က မီဒီယာနှင့်တွေ့ဆုံမှုတွင် ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – နန်းမိုဟွမ် လွတ်မြောက်ရေး ထောင်နှင့်ချီသော ဒေသခံများ လမ်းပေါ်ထွက် ဆန္ဒပြ