ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ နိုင်ငံပိုင်မြေ၊ အဆောက်အဦများ ငှားရမ်းခနှုန်းထားများနှင့် ပတ်သက် ၍ ဝေဖန်မှုများ ခံနေရ၍ လက်ရှိ အခြေအနေများကို သုံးသပ်ပြီး သက်ဆိုင်သော မူဝါဒတခု ထုတ်ပြန်ပေးရန် စီစဉ်နေကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ရရှိသည်။
“တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဖြစ်နေတာကတော့ နိုင်ငံတော်ပိုင်၊ အစိုးရပိုင်မြေတွေ၊ အဆောက်အဦတွေ ငှားရမ်းတာနဲ့ ပတ်သက်ပြီး တော်တော်လေး ဝေဖန်မှုတွေ ရှိတယ်။ အဲဒီအပေါ်မှာ အကုန်လုံးကို ပြန်သုံးသပ်ပြီးတော့ အဲ့ဒါနဲ့ ဆိုင်တဲ့မူတခု ထုတ်ဖို့ လုပ်နေတယ်”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်တွင် ပြောသည်။
ငှားရမ်းမှုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအလိုက် သိန်းပေါင်းမည်မျှအထိ လုပ်ပိုင်ခွင့်ပေးရန် သတ်မှတ်ထားမည် ဖြစ်ပြီး သတ်မှတ်ချက်နှုန်းထားထက် မပိုသည့် တန်ဖိုးအထိသာ သက်ဆိုင်ရာ ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ သတ်မှတ်တန်ဖိုးထက် ကြီးမားလာပါက သမ္မတရုံးသို့ အတည်ပြုချက် တင်ပြပြီးမှ ငှားရမ်းခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဌေးက“နောက်သမ္မတရုံးက လုပ်နေတာက တိုင်းဒေသကြီး ပြည်နယ်တွေမှာရှိတဲ့ နိုင်ငံပိုင်၊ အစိုးရပိုင်၊ ဝန်ကြီး ဌာနပိုင် အဆောက်အဦတွေ၊ မြေနဲ့ပတ်သက်လို့ ငှားရမ်းရင် ဘယ်လိုပုံစံမျိုး လုပ်ရမယ်ဆိုတာ ကျနော်တို့ ဆွေးနွေး နေတာ ၂ ကြိမ်ရှိပြီ။ အဲဒါ ဘာကြောင့်လဲဆိုတော့ ခေတ်ကာလနဲ့ မလျော်ညီတဲ့ ငှားရမ်းခတွေ အချို့နေရာတွေမှာ ရှိတယ်။ ဒါကို အကောင်းဆုံး ဘယ်လိုလုပ်မလဲ ဆိုတာ ကို ဆွေးနွေးနေတယ်”ဟု ပြောသည်။
မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကလည်း မြေငှားရမ်းမှုများမှာ ရန်ကုန်မြို့သည် အဆိုးဆုံး အခြေအနေတွင် ရှိနေပြီး၊ တချို့နေရာများတွင် မြေကို ဈေး ပေါပေါနှင့် ငှားရမ်းကာ ဆိုင်ခန်းများဆောက်၍ ပြန်အငှား ချသည့်အခါ ကာလပေါက်ဈေးအတိုင်း ငှားရမ်းမှုများ ရှိ၍ ပြန်စိစစ်သင့်ကြောင်း၊ ရန်ကုန်မြို့ရှိ အိမ်ရာ စီမံကိန်းတချို့ အပါအဝင် စီမံကိန်း မြေနေရာများမှာလည်း ၂၀၁၆ ခုနှစ် မတ်လ အစိုးရသစ်ကို အာဏာ မလွှဲမီ ဆောင်ရွက်ခဲ့သည် များ ရှိကြောင်း ပြောသည်။
“ရန်ကုန်မှာလည်း တော်တော် အခြေအနေဆိုးတယ်။ ပြင်ပ ပေါက်ဈေးရဲ့ ၇ ရာခိုင်နှုန်းလောက်ပဲ ရတာတွေ ရှိတယ်။
ကျနော်တို့ လက်ထက်မှာ မဟုတ်ပေမယ့် ပထပအကြိမ် စာရင်းစစ်ချုပ် အစီရင်ခံစာ ပေါ်လာကတည်းက အများကြီး တိုက်တွန်းထားပါတယ်။ အစိုးရသစ် လက်ထက်မှာ ထပ်ငှားထားတာမျိုး မတွေ့ရသေးဘူး။ သို့သော် ဒီဟာနဲ့ ပတ် သက်ပြီးတော့ တိုးယူပါ။ တိုးကောက်ဖို့ လုပ်ပါလို့ ပြောတာကို ဒီနေ့အထိ တိုးမကောက်သေးတာမျိုးတွေ ရှိတယ်”ဟု ၎င်းကဆိုသည်။
NLD အစိုးရသစ်ကာလ စက်မှုဝန်ကြီးဌာနပိုင် ၁၄ ဧကပိုင် မြေကွက်တခုကို ဒေဝူးကုမ္ပဏီအား ကျပ်သိန်း ၁ ထောင် ခန့်ဖြင့် ငှားရမ်းကြောင်း စာရင်းသွင်းထားသည်ကို တွေ့ဖူးကြောင်း၊ ငှားရမ်းခ နည်းပါးသည်မှာ ပြဿနာ မဟုတ်သော် လည်း လုပ်ငန်း မလုပ်ဘဲ မြေဦးသည့် ပြဿနာမှာ အလွန်ဆိုးကြောင်း မဂံလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
“လုပ်ငန်းလုပ်ပြီးတော့ အလုပ်အကိုင် ဖန်တီးထားတယ်။ လုပ်ငန်းလည်ပတ်သလို အမြတ်ငွေလည်း ရနေတယ်ဆိုရင် အခွန်ဆောင် နေတယ်ဆိုရင် အကုန်အကျိုး ရှိတာပေါ့။ ဒီလို မဟုတ်ဘဲ တချို့က မြေဦးပြီးတော့ တချိန်ပြန်ရောင်း မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ နှစ် ၃၀ တို့ ဘာတို့ ငှားသွားတာကျတော့ အကျိုး မရှိဘူး။ မြေကိုဈေးတွေ အများကြီးတောင်းတာ ထက် မြေဦးတာ ဟုတ်၊မဟုတ် ဆိုတာကိုလည်း စိစစ်သင့်တယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် တင်ဒါကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်း စည်းကမ်းချက် များကို သမ္မတရုံးမှ ထုတ်ပြန်ထားကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှတဆင့် ပြည်သူလူထု သိအောင် ဖော်ပြနေခြင်းများ ရှိကြောင်း၊ သမ္မတရုံး၏ တင်ဒါ စည်းမျဉ်းများအတိုင်း လိုက်နာကြရန် လိုကြောင်း သမ္မတ ရုံး အရာရှိ ဦးဇော်ဌေးက ပြောသည်။
“နောက်တချက်ကတော့ တင်ဒါတွေဘာတွေ လုပ်ငန်းတခုကို ဘာပဲလုပ်လုပ်ပေါ့နော်။ YBS အပါအဝင် ဘာပဲလုပ်လုပ် သူ့လုပ်ထုံး လုပ်နည်းတွေ ရှိတယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ဖို့ လိုတယ်။ ကျန်တာသီးခြားတော့ ပြည်နယ်အစိုးရ တိုင်းဒေသကြီး အစိုးရ တရပ်ချင်းတော့ ပြောဖို့မရှိဘူး”ဟု ၎င်းက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း မြေယာ ငှားရမ်းမှု စရိတ်များ ကျပ်ငွေဘီလီယံနှင့် ချီ၍ အစိုးရ၏ စီမံခန့်ခွဲမှု အမှားများကို ရန်ကုန်မြို့ရှိ စာရင်းစစ်ချုပ်ရုံးက တွေ့ရှိခဲ့ရကြောင်း တိုင်းဒေသကြီး ဥပဒေကြမ်းနှင့် ပြည်သူ့ ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ထောက်ပြခဲ့ သည်။
ဆက်စပ်ဖတ်ရှု့ရန် – ရန်ကုန်တိုင်း၌ မြေငှားခစီမံခန့်ခွဲမှု အမှားများကြောင့် ကျပ်ငွေဘီလီယံနှင့်ချီ ဆုံးရှုံးနေ
ရန်ကုန် အများပိုင်မြေ နှစ်ရှည်ငှားရမ်းခ နည်းလွန်းနေကြောင်း စာရင်းစစ်ပြော