မြန်မာနိုင်ငံမှ Reuters သတင်းသမား နှစ်ဦး အပါအဝင် တကမ္ဘာလုံးရှိ ဖမ်းဆီးခံ သတင်းထောက် များအား လွှတ်ပေးရန် နိုင်ငံတကာအစိုးရများကို အာရှတခွင်ရှိ စုံစမ်းဖော်ထုတ်ရေးသားသော သတင်းထောက်များ ညီလာခံ (Uncovering Asia 2018, the 3rdAsian Investigative Journalism Conference) က တောင်းဆိုလိုက်သည်။
အထူးသဖြင့် မြန်မာအစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားမမျှတစွာ ပြစ်ဒဏ်ချ မှတ်ခံထားရသော Reuters သတင်းသမား နှစ်ဦးဖြစ်သည့် ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင် တို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် အောက်တိုဘာ ၆ ရက်က ထုတ်ပြန်သော ထိုညီလာခံ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် “သတင်းလွတ်လပ်ခွင့်ရှိရမည်” ဟူသောစာပါ ပိုစတာနှင့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ရုပ်ပုံပါ ပိုစတာများကို ကိုင်ဆောင်ပြီး ၎င်းတို့ လွတ်မြောက်ရေး တောင်းဆိုခဲ့ကြသည်။
Reuters သတင်းထောက် နှစ်ဦးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာ လူသတ်မှု ဖြစ်စဉ် အကြောင်းအား စုံစမ်း သတင်း ယူစဉ်ကာလအတွင်း ယမန်နှစ် ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး၊ နိုင်ငံတော် လျှိုဝှက်ချက်ဥပဒေဖြင့် စက်တင်ဘာ လက ထောင်ဒဏ် ၇ နှစ် ချမှတ်ထားခံရသည်။
တကမ္ဘာလုံးတွင် အာဏာနှင့် ငွေကြေးရှင်တို့၏ လာဘ်စားမှု၊ အာဏာအလွဲသုံးမှုနှင့် အကွက်ချ ကျူးလွန်သော ပြစ်မှု များအား ဖော်ထုတ်ကာ အထူးပြုရေးသားသည့် သတင်းထောက်များ အပေါ် နှောင့်ယှက်ခြင်း၊ တရားစွဲဆိုခြင်း၊ အကြမ်းဖက်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းတို့ တိုးများလာပြီး စိုးရိမ်ဖွယ်ရာ အဆင့်တွင် ရှိနေသည်။
ယခုနှစ်မကုန်ခင်အထိပင် တကမ္ဘာလုံးရှိ သတင်းထောက် ၄၂ ဦး အသတ်ခံခဲ့ရပြီး၊ ယမန်နှစ်ကလည်း ၂၆၂ ဦးမှာ အကျဉ်း ကျခံနေရသည်ဟု Reuters သတင်းဌာန အယ်ဒီတာ Reginald Chau က ညီလာခံ တက်ရောက်သူများအား ဆိုသည်။
မြန်မာသတင်းထောက်နှစ်ဦးက သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ကြံ့ကြံ့ခံ ဆက်လက် ရပ်တည် နေသည့် အတွက် တကမ္ဘာလုံးကလည်း ၎င်းတို့နှင့်အတူ ရပ်တည်ကာ ၎င်းတို့ အပါအဝင် အကျဉ်းကျ ခံ ဖမ်းဆီးခံ သတင်းသမားများ လွတ်မြောက်ရေး စုပေါင်း တောင်းဆိုရန် လိုအပ်ကြောင်း Reginald Chau က ဆိုသည်။
“အဲဒီလို အကျဉ်းကျခံနေရတဲ့ထဲက နှစ်ဦးကတော့ မြန်မာပြည်က Reuters သတင်းထောက်နှစ်ဦး ဖြစ် တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးမှာ ကိုဝလုံးဆိုရင် သူ့မွေးကင်းစ သမီးလေး နဲ့တောင် မတွေ့ရဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ တားမြစ်ချက်တွေ ရှိသော်လည်း သူတို့ဟာ တရားရုံးချိန်း တိုင်းမှာ သတင်း လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သတင်းစုဆောင်း ရေးသားထုတ်ပြန်နိုင်ရေးအတွက်ကို တောင်းဆိုခဲ့ကြပါတယ်။” ဟု ၎င်းကဆိုသည်။
စုံစမ်းဖော်ထုတ်သတင်းရေးသားသူတို့သည် အာဏာရှိသူတို့အား တာဝန်ခံမှုရှိလာအောင် လုပ်ဆောင် နိုင်ခြင်း၊ လူမှုအသိုင်း အဝိုင်းများ၏ စွမ်းဆောင်ရည် မြှင့်တင်လာရန် တွန်းအားပေးနိုင်ခြင်းနှင့် ဒီမိုကရေစီ စံနှုန်းများ အားကောင်းလာစေရန် ထောက်ပံ့ပေးနိုင်သော်လည်း ၎င်းတို့ကြုံရသည့် စိန်ခေါ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့်ရရှိရေး ဆောင်ရွက်သော အဖွဲ့အစည်း များသည် သတင်းထောက်များအပေါ် တိုက်ခိုက်မှုကျူးလွန်သူများကို လွှတ်ပေးခြင်းနှင့် ထိုသူများလွတ်ငြိမ်းခွင့်ရနေသည့် အခြေအနေများကို ရပ်တန့်ရမည်ဟူသော တောင်းဆိုစာကို နိုင်ငံတကာသတင်းထောက်များကိုယ်စား ကိုလံဘီယာ တက္ကသိုလ် သတင်းစာပညာကျောင်းမှ ပါမောက္ခ ရှီလာကိုရိုနယ် က ဖတ်ကြားခဲ့သည်။
တတိယအကြိမ်မြောက် အာရှတခွင်ရှိ စုံစမ်းဖော်ထုတ်ရေးသားသောသတင်းထောက်များ ညီလာခံ (Uncovering Asia 2018, the 3rdAsian Investigative Journalism Conference)ကို အောက်တိုဘာ ၅ ရက်မှ ၇ ရက်အထိ တောင်ကိုရီး ယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပနေပြီး၊ မြန်မာနိုင်ငံမှ သတင်းထောက်များအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်မှ သတင်း မီဒီယာသမား များ၊ သုတေသန ပြုသူများနှင့် သတင်းမီဒီယာများအား အကူအညီပေးနေသော အဖွဲ့အစည်းများမှ လူပေါင်း ၄၄၀ ကျော် တက်ရောက်သည်။
ညီလာခံအတွင်း သတင်းသမားများအပေါ် ဦးတည်သော အကြမ်းဖက်မှု၊ အမုန်းပွားမှုနှင့် တိုက်ခိုက်နှောင့်ယှက်မှုများ ကြုံရသည့် အတွေ့အကြုံများနှင့် မည်သို့ ကျော်လွှားကြမည်ကို ဆွေးနွေး ဖလှယ်ကြသည်။