တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု ကင်းမဲ့သည့် မြို့တော်ဖြစ်လာရန် ရန်ကုန်မြို့တော်အတွင်း တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ချက်ပြုတ်ရောင်းချခြင်းအပါအဝင် တရားမဝင် ရောင်းဝယ်နေမှု များကို ပြင်းပြင်းထန်ထန် တိုက်ဖျက် အရေးယူတော့မည် ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်က သစ်တောဦးစီးဌာန အနေဖြင့် တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်နေမှုများအား အပြီးသတ်တိုက်ဖျက်တော့ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်များ၌ ထုတ်ပြန်ကြေညာ ခဲ့ပြီး ဖြစ်သကဲ့သို့ ရန်ကုန်မြို့တွင်းရှိ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ရောင်းချလေ့ရှိ ဆိုင်များအားလုံးကိုလည်း ပညာပေးမှု လုံလုံလောက်လောက် ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက “ရန်ကုန်က နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ အဓိကမြို့တော် ဖြစ်နေတာကိုး ရန်ကုန်ကို နိုင်ငံတကာရဲ့ ပင်လယ်ကူး သင်္ဘောတွေ ဝင်ထွက်သွားလာတယ် ထို့အတူ ခရီးသည်တွေကလည်း လေကြောင်းလိုင်းကနေ ဝင်ထွက်မှု ပိုများပြားတယ်။ အဲဒီတော့ တရားမဝင်ကုန်သွယ်မှုတွေ ကလည်း တခြားမြို့နဲ့ ယှဉ်ရင် ပိုများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ဆောင်ပစ္စည်းများ ရောင်းချလေ့ရှိသည့် ဗိုလ်ချုပ်ဈေးမှ ဆိုင်ခန်းများ၊ ရွှေတိဂုံဘုရားစောင်း တန်းမှ ဆိုင်ခန်းများ နှင့် တောရိုင်းတိရစ္ဆာန် အသားများ ရောင်းချတတ်သည့် ဆိုင်များကိုလည်း အသိပညာပေးမှုများ ၂၀၁၇ ခုနှစ်ကတည်းပင် ပြုလုပ်ထားကြောင်း ၎င်းကဆိုသည်။
ဦးသိန်းတိုးက “နိုင်ငံခြားသားတွေက အစားအသောက်တွေ ထူးထူးဆန်းဆန်း စားသောက်လေ့ စားသောက်ထရှိပါတယ်။ တောရိုင်းတိရစ္ဆာန်အသား ဟင်းလျာတွေကို ရောင်းချခြင်း မပြုဖို့အတွက်ကို ရောင်းချလေ့ရောင်းချထရှိတဲ့ ဆိုင်တွေကို အထူးသဖြင့် သိမ်ကြီးဈေးအပေါ်ထပ်က ဆိုင်တွေကအစ အသိပညာပေးခဲ့ပါတယ်” ဟုပြောသည်။
ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များ၊ ယင်းတို့၏ အစိတ်အပိုင်းများနှင့် ဆင့်ပွားထုတ်လုပ် ထားသော ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်း၊ အသားနှင့်ဟင်းလျာ ရောင်းချခြင်းများ လုံးဝကင်းစင်ပပျောက်အောင် သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် အခြားဌာနဆိုင်ရာများက စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ရောင်းဝယ်သူများကို ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါဝင်သည်။
၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ
တွင် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များကို တရားမဝင် ရောင်းဝယ်ခြင်း သတ်ဖြတ်ခြင်းများ ပြုလုပ်ပါက အရေးယူ အပြစ်ပေးနိုင်သော်လည်း ပြစ်မှု ပြစ်ဒဏ်များသည် ခေတ်နှင့်လိုက်လျော ညီထွေမှု မရှိတော့ပေ။
ထို့ကြောင့် ၂၀၁၈ ခုနှစ် မေလအတွင်းက ဇီဝမျိုးစုံ မျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက ခြင်းဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေတွင် ပြစ်မှုပြစ်ဒဏ်များကိုလည်း ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားသည်။
ယင်းဥပဒေအရ လုံးဝကာကွယ်ထားသော တိရစ္ဆာန် သို့မဟုတ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်များအား အမဲလိုက်ဖမ်းဆီးခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းအတွက် အနိမ့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ်အထိ မဖြစ်မနေချမှတ်မည့် အပြင် ငွေဒဏ်ပါပူးတွဲချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထား သည်။
တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ရောင်းချမှု မရှိစေရေး အတွက်ပညာပေးမှုများကို ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ (WWF Myanmar)က ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှုး ခရစ္စတီး ဝီလျံက “WWF အနေနဲ့ ရန်ကုန်က အခုလိုမျိုး ခြေလှမ်းသစ်ကို ကြေညာလိုက်တဲ့အပေါ် ဝမ်းသာဂုဏ်ယူပါတယ်။ တိုင်းဒေသကြီးအတွင်း အစိုးရရဲ့ ဥပဒေစိုးမိုးရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီပေးဖို့လည်း အသင့်ရှိပါတယ်။ နောက်တဆင့်အနေနဲ့ကတော့ မြန်မာတစ်နိုင်ငံလုံးမှာ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုတွေ ကင်းစင်သွားဖို့ဖြစ်ပါတယ်”ဟု ပြောသည်။
လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များတွင် ဆင်၊ ကျား၊ တောင်ဆိတ်၊ ဂျီ၊ ကတိုး၊ လင်းပိုင်၊ မျောက်လွှဲကျော်၊ ပြောင်၊ စိုင်၊ ဖျံ၊ ဝက်ဝံ၊ သင်းခွေချပ်၊ ဒေါင်း၊ မန်ဒါလီ၊ စနိုက်၊ အောက်ချင်း၊ စွန်၊ လင်းယုန်၊ သိန်းငှက်၊ ကြိုးကြာ၊ သာလိကာ၊ စပါးကြီးမြွေ၊ လိပ် တို့ပါဝင်သည်။