မီးခိုးတိတ် စီးပွားရေးဟု ခေါ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်ရေးမှာ ပုဂ္ဂလိက ခရီးသွား လုပ်ငန်းများအပေါ်သာ မူတည်ပြီး အစိုးရအနေဖြင့် မူဝါဒ ချမှတ်သည့် အပိုင်းသာ တာဝန်ယူမည်ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍကို တာဝန်ယူထားသည့် မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်အတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော မေးခွန်းအပေါ် ဝန်ကြီး၏ ဖြေကြားခဲ့မှုနှင့် ဆက်စပ်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းစဉ် ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။
ဝန်ကြီး ဦးမြတ်သူက “ဒီမိုကရေစီခေတ်မှာ အစိုးရက နေရာတကာ ဝင်စွက်လို့ မရဘူးလေ။ ဆိုရှယ် လစ်ခေတ်လို အရာရာကို အစိုးရကို နို့သက်ခံစို့နေရင် ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ အစိုးရက Policy Making (မူဝါဒ ချမှတ်ခြင်း) ကိုပဲ အဓိက လုပ်လို့ရတာ။ ကျန်တဲ့ သူနဲ့ သက်ဆိုင် တဲ့အလိုက် ပုဂ္ဂလိကဏ္ဍက လုပ်သွားမှာပဲလေ” ဟု ပြောသည်။
မန္တလေးတိုင်း လွှတ်တော် အစည်အဝေးတွင် အောင်မြေသာစံမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါက်တာကျော်ဦးက မန္တလေးတိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် မေးမြန်းရာ လုပ်ငန်းကွင်း ဆက် တခုလုံးရှိ အသိပညာရှင်၊ အတတ် ပညာရှင်နှင့် အစိုးရ တာဝန်ရှိသူများ ပါဝင်သည့် ခရီးသွား စီမံခန့်ခွဲမှုအဖွဲ့ (Tourist Destination Management Team) ဖွဲ့စည်းရန် ရှိ/မရှိ မေးမြန်းသကဲ့သို့ ရခိုင်နှင့် ကချင်ပြည်နယ်ရှိ မငြိမ်းချမ်းမှုများကြောင့် မြန်မာနိုင်ငံသို့ ဥရောပ ခရီးသွား ဝင်ရောက်မှု သိသာစွာ ကျဆင်းခဲ့ကာ နိုင်ငံ့ပုံရိပ်နှင့် ဂုဏ်သတင်း ပြန်လည်မြှင့်တင်ရန် လိုအပ်နေကြောင်းနှင့် ယင်းမှသာ ခရီးသွားကဏ္ဍ ပြန်လည် တိုးတက်လာမည်ဟု ဒေါက်တာကျော်ဦးက လွှတ်တော်၌ ထောက်ပြ ဆွေးနွေးခဲ့သည်။
၎င်းက “ထိုင်းနိုင်ငံမှာဆိုရင် စစ်အာဏာသိမ်းမှုတွေ၊ ဆန္ဒပြတာတွေ၊ အစ္စလာမ် အစွန်းရောက်ကိစ္စတွေ ရှိနေပေမဲ့ ခရီးသွားကဏ္ဍမှာ သူတို့နိုင်ငံရဲ့ ကောင်းသတင်း ကျော်ကြားမှု၊ ခရီးသွားတွေအတွက် လုံခြုံစိတ်ချရမှုတွေကြောင့် ဒီထက်မက ခရီးသွားတွေ ပိုလာနေတာကို လေ့လာ တွေ့ရှိရတယ်” ဟု ဆိုသည်။
မေးခွန်းနှင့် ဆက်စပ်၍ ဝန်ကြီး ဦးမြတ်သူက မန္တလေးတိုင်း ခရီးသွား စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းထား ပြီးဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍအတွက် လူထုအခြေပြု ခရီးသွားနေရာများ ဖော်ထုတ်ခြင်း၊ ပြည်ပခရီး သွားတို့အတွက် အဟန့်အတား ဖြစ်စေသည့် လုပ်ငန်းများကို ဖြေလျော့ပေးခြင်းတို့ လုပ်ဆောင်နေ ကြောင်း လွှတ်တော်၌ ပြန်လည် ဖြေကြားခဲ့သည်။
ဖြေလျော့မှုအနေဖြင့် ဆိုက်ရောက် ဗီဇာ ကင်းလွတ်ခွင့် ပေးခြင်းနှင့် တိုင်းအစိုးရ အခွင့်အာဏာဖြင့် ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံခြားသား ခရီးသွား ကန့်သတ်ဧရိယာများကို လျော့ချခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့ပြင် နိုင်ငံခြား ခရီးသွားများအတွက် သတင်းအချက်အလက် ကောင်တာ ၄ ခုကိုလည်း တိုင်းဒေသ ကြီးအတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။
အစိုးရအနေဖြင့် လက်တွေ့လုပ်ကိုင်နေသည့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထက် ကျယ်ကျယ် ပြန့်ပြန့် မသိရှိနိုင် သည့်အတွက် ခရီးသွားများ လိုအပ်ချက်အတိုင်း လိုက်လံ ဝန်ဆောင်မှုပေးနိုင်ပါက ပိုမို တိုးတက်လာနိုင်သည်ဟု ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မန္တလေးတိုင်းသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား ၂ သိန်း ၃ သောင်းကျော်ရှိကာ ပြီးခဲ့သည့်နှစ် ကာလတူ နှိုင်းယှဉ်ချက်အရ တသောင်းနီးပါး လျော့နည်းနေကြောင်း ဟိုတယ်/ခရီး ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) နာယက ဦးမြင့်အောင်က “အစိုးရဘက်က လက်ရှိ ကျဆင်းနေတဲ့ နိုင်ငံပုံရိပ်ကို ပြန်ကောင်းအောင်လုပ်ဖို့ လိုသလို လုပ်ငန်းရှင်ကလည်း နိုင်ငံခြား သား ဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ Tourist Destination နေရာအသစ်တွေ ဖော်ထုတ်ရမယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ လုပ်ငန်းရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာပါ။ အခု ကတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၇ ခုနှစ် နောက်ပိုင်း ရခိုင်အရေးအခင်းကြောင့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု လျော့ကျခဲ့ရာ မန္တလေးတိုင်းတွင်းရှိ ဟိုတယ်များတွင် ယင်းနှစ် အစောပိုင်းကာလ ဝင်ရောက်မှုနှုန်းထက် ထက်ဝက် နီးပါး ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ထံမှ စုံစမ်း သိရှိရသည်။