မောင်သွေးချွန်ကို ဟောပြော လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်
လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ဟောပြော လှုံ့ဆော်သည်ဟု ဆိုပြီး စာရေးဆရာ မောင်သွေးချွန် (ခ) ဦးမြင့်စိုးကို ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် ယခုနှစ် ဇွန်လ ၂၅ ရက်မှ စကာ မောင်သွေးချွန် ကို ရုံးတင်စစ်ဆေးပြီးနောက် ၃ လကျော်အကြာတွင် ပုဒ်မ ၅၀၅ (ဂ) ဖြင့် အပြီးသတ် အမိန့်ချခဲ့ခြင်း ဖြစ်ကြောင်း တရားလိုဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးပြည့်စုံအောင်က ဧရာဝတီကို ပြောသည်။
ဦးပြည့်စုံအောင်က“စစ်ဆေးချက်တွေအရ လူမျိုးတခုနဲ့ တခုကြားမှာ ပဋိပက္ခဖြစ်အောင် ဟောပြော လှုံ့ဆော်ခဲ့တယ် ဆိုတဲ့ သုံးသပ်ချက်ကို ထည့်သွင်းပြီး ၅၀၅(ဂ) နဲ့ ချတာ”ဟု ဆိုသည်။
ပုဒ်မ ၅၀၅ (ဂ) တွင် လူအမျိုးအစား အချင်းချင်း ဖြစ်စေ၊ လူမျိုးစု အချင်းချင်း ဖြစ်စေ တဖက်နှင့် တဖက် ပြစ်မှုကျူးလွန် စေရန် လှုံ့ဆော်ရန် အကြံရှိလျှင် သို့မဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေရန် အကြောင်းရှိပါက ထောင်ဒဏ် ၂ နှစ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
တရားခွင်သို့ သွားရောက် နားထောင်ခဲ့သည့် မင်းကင်းမြို့နယ် ဒေသခံ ကိုကျော်မင်းအောင်က“အမှန်က ပုဒ်မ ၅၀၅ (ခ) ကို ဖြုတ်ထားပြီး (ဂ) နဲ့ ချလိုက်တာ။ (ခ) ပါ အမှန်တကယ် ပါရမှာ။ တရားရုံးက ပြစ်မှုပြစ်ဒဏ်ချတာ နည်းတယ် လို့ ကျနော့် အနေနဲ့ ယူဆတယ် ။တရားခံဘက်ကတော့ ဒီအမိန့်ချတာ မကျေနပ်ဘူး ဘာညာ အသံတွေတော့ ထွက်နေ ကြ တယ်”ဟု ဧရာဝတီကို ပြောသည်။
အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် တည်ငြိမ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင် လာရန် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိပါက ရာဇသတ် ကြီး ပုဒ်မ ၅၀၅ (ခ) အရ တရားစွဲဆိုရမည် ဖြစ်ကြောင်း သိရသည်။
မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာ၌ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ပြုလုပ်သည့် တရားပွဲ တခုတွင် မောင်သွေးချွန် ၏ ဟောပြောချက်များနှင့် ပတ်သက်၍ မင်းကင်းမြို့နယ် ဒု အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က တရားလို ပြုလုပ်ကာ မေလ ၂၁ ရက်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် မောင်သွေးချွန်၏ဟောပြောပွဲ ဗီဒီယိုဖိုင်၌ လွတ်လပ်ရေး ရသည်မှာ နှစ် ၇၀ ကျော် ရှိသော်လည်း နောက်တကြိမ် ကျွန်ဖြစ်တော့မည် ဖြစ်ကြောင်း၊ ယခုတကြိမ် အသိမ်းခံရပါက ဘာသာဆုံး၊ လူမျိုးပြုန်း၊ တိုင်းပြည် ဆုံးမည် ဖြစ်ကြောင်း စသည်ဖြင့် ဟောပြောထားသည်ကို တွေ့ရသည်။
ဆက်လက်ပြီး ဥပဒေ ပြဋ္ဌာန်းပေးသည့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့မှာ ခရစ်ယာန်များ ဖြစ်ပြီး ဗုဒ္ဓဘာသာများ အနားမကပ်နိုင်တော့ကြောင်း၊ ၎င်းတို့ တောင်းဆိုခဲ့သည့် မျိုးစောင့်ဥပဒေသည် လွှတ်တော်ထဲတွင် မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းတော့မည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ မေလ ၂၅ ရက်က မောင်သွေးချွန်အား မေးမြန်းခဲ့ရာ၌ ထိုပြောဆိုချက်များသည် ဂျာနယ် နှင့် မဂ္ဂဇင်း စစောင်များတွင် ရေးသားခဲ့မှုမျှပင် မပြင်းထန်ဘဲ ဘင်္ဂါလီ၏ ရန်ကို ကာကွယ်ရန် အရှိတရားနှင့် ဆက်စပ်၍ ဟောပြောခဲ့ခြင်းသာဖြစ်ကြောင်း ဧရာဝတီသို့ ဖြေဆိုထားဖူးသည်။
မောင်သွေးချွန်သည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်ဟောင်းများဖြင့် မျိုးချစ်ညီညွတ်ရေး ပါတီကို တည်ထောင် မှတ်ပုံတင်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ပယ်ချခဲ့ သည်။