မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မူးယစ်ဆေး ဖမ်းဆီးမှုဖြစ်စဉ် တခုအတွင်း ရဲတပ်ဖွဲ့ဝင်တဦးက မြေပြင်သို့ ခြောက် လှန့်ပစ်ခတ်သည့် ကျည်ဆံမှာ အင်္ဂတေမှတဆင့် ပြန်လည် စဉ်ထွက်ကာ အတူ ပါလာသည့် ဒုရဲအုပ်အား ထိမှန်သွား သည့်အတွက် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်း သိရှိရသည်။
အောက်တိုဘာလ ၇ ရက်က မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်၊ ဝတ်သစ်ရပ်၊ အောင်သုခလမ်းနေ ကိုထက်ဖြိုးဇော် (ခ) အာကာ (ခ) မော်စီတုံး နေအိမ်အား သတင်းအရ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးစဉ် နေအိမ် တံခါး ပိတ်ထားသည့်အတွက် ဖွင့်ပေး ရန်အတွက် မြေပြင်သို့ ခြောက်လှန့် ပစ်ခတ်သည့် ကျည်ဆံမှာ အင်္ဂတေမှ တဆင့် ပြန်လည် စင်ထွက် ကာ ဒုရဲအုပ် ကြည်လှိုင်အား ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်မှ မျက်မြင် သက်သေ ရာအိမ်မှူး တဦးက ဧရာဝတီကို ပြောသည်။
ဒုရဲအုပ် ကြည်လှိုင်မှာ လက်ရှိတွင် မော်လမြိုင် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း စုံစမ်း သိရှိရသည်။
“ဆေးစာမှာတော့ ကျည်ဆံထိ ဒဏ်ရာမဟုတ်ဘူး၊ အင်္ဂတေစ ပြန်စင်ပြီး ထိတယ်လို့ သိရတယ်” ဟု မော်လမြိုင် ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ရဲမင်းထွန်းက ရှင်းပြသည်။
ထက်ဖြိုးဇော်၏ နေအိမ်များ သတင်းအရ ဝင်ရောက်ရှာဖွေရန် ရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင် ပူးပေါင်းအဖွဲ့တို့ စောင့်ဆိုင်း နေစဉ် အပြင်မှ ပြန်လာသည့် ၎င်းမှာ စစ်ဆေးရေးအဖွဲ့အား တွေ့ရှိသွားပြီးနောက် အိမ်အတွင်း ပြေးဝင်ကာ သံဘာဂျာ တံခါးအား သော့ခတ်၍ ပိတ်ထားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်တဦးက ခြောက်လှန့်ပစ်ခတ်ပြီးမှသာ တံခါးဖွင့်ပေးခဲ့သည့်အတွက် နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွမူးယစ်ဆေး ၁ ပြားသာ တွေ့ရှိခဲ့ကြောင်း ဒိုင်းဝန်းကွင်း နယ်မြေရဲစခန်းမှ စုံစမ်း သိရှိရသည်။
ထို့ပြင် အိမ်အနောက်ဘက်ခန်းအတွင်း စိတ်ကြွမူးယစ်ဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် အအေးပိုက် တပ်ထားသော ရေသန့်ဗူးခွံ ၁ ခု၊ ကော်ပိုက်ကောက် တပ်ထားသည့် ဖန်ပုလင်း ၁ လုံး၊ ခဲစက္ကူစ ၂ ခုနှင့်အတူ မူးယစ်ဆေး ရောင်းချရငွေဟု ယူဆရသည့် ငွေကျပ် ၂ သိန်း ၅ သောင်းတို့ကို တွေ့ရှိခဲ့သဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
၎င်းအပြင် အိမ်အတွင်းရှိ အရှည် ၃ ပေခန့် ဓားရှည် ၁ ချောင်း၊ အရှည် ၈ လက်မခန့်ရှိ ဓားမြောင် ၁ ချောင်းနှင့် ၎င်း စီးနင်းသည့် Honda အမျိုးအစား Super Four ဆိုင်ကယ်တို့ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။
တရားခံအဖြစ် သံသယ ဖြစ်ခံရသူ ကိုထက်ဖြိုးဇော်မှာ ယင်းရပ်ကွက်အတွင်း လာရောက် ငှားရမ်း နေထိုင်သည်မှာ ၁ ကျော်ခန့်သာ ရှိသေးကြောင်းလည်း ရပ်ကွက်နေ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းအား ဒိုင်းဝန်းကွင်း နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)/၂၀ (က)/ ၂၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။