ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Ratchaprarop လမ်းပေါ်၌ ယမန်နေ့ညက လူငယ်ဂိုဏ်းများအကြား ခိုက်ရန်ဖြစ်ပွားရာမှ သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်သဖြင့် ကမ္ဘာလှည့်ခရီးသွား အိန္ဒိယ ၁ဦး၊ လာအို ၁ဦးတို့ သေဆုံးကြောင်း Bangkok Post သတင်းကဆိုသည်။
ရဲတပ်ဖွဲ့ အဆိုရအရ ယမန်နေ့ညက Watergate Pavilion ကုန်တိုက်အနီး လမ်းသွယ်တခုအတွင်း လူငယ်များ ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ကုန်တိုက်ကားရပ်နားရာ နေရာ၌ ကားစောင့်နေသည့် အိန္ဒိယခရီးသွားများ ကို သေနတ်ထိမှန်ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူများမှာ ၄၂နှစ်ရှိ အိန္ဒိယလူမျိုး Gakhrejr Dheerajနှင့် အသက် ၂၈နှစ်ရှိ Keovongsa Thonekeo တို့ဖြစ်သည်။
ခိုက်ရန်ဖြစ်ပွားသည့် လူငယ်များမှာ ရဲများရောက်ရှိလာသည့်အခါ ထွက်ပြေးသွားကြောင်း၊ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် ကျည်ဆံခွံများကို စစ်ဆေးရာ AK ရိုင်ဖယ်များကို အသုံးပြုခြင်း ဖြစ်နိုင်ကြောင်းဆိုသည်။
မျက်မြင်သက်သေများအဆိုအရ လူငယ် ၂၀ခန့်က ပစ္စတိုများ၊ ဓားများကိုင်ဆောင်ကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ပစ်ခတ်မှုတွင် ပါဝင်သူများကို CCTV ကင်မရာ မှတ်တမ်းများအရ စစ်ဆေးရှာဖွေနေပြီး သံသယရှိသူများကို ရှာဖွေဖမ်းဆီး မည်ဖြစ်ကြောင်း ရဲဗိုလ်ချုပ် ဆူရာချေ့ ဟက်ဖန်က ပြောသည်။