ယာဉ်မောင်း လိုင်စင် အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများ အတွက် မူလ ကောက်ခံနေသည်ထက် ၁၀ ဆ ကျော် ပိုများသည့် နှုန်းထားသစ်ဖြင့် အောက်တိုဘာ ၈ ရက်တွင် စတင် ကောက်ယူလျက် ရှိကြောင်း ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န)က သိရသည်။
က.ည.န အနေဖြင့် နှစ် ၂၀ ကျော် ကြာမြင့်ပြီဖြစ်သည့် လိုင်စင် နှုန်းထားများအား ပြည်ထောင်စု အစိုးရ သဘော တူညီ ချက်နှင့် ပျမ်းမျှ ၁၀.၅၉ ဆ တိုးမြှင့် ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
က.ည.န (ယာဉ်မောင်း လိုင်စင်ဌာန) လက်ထောက် ညွန်ကြားရေးမှူး ဒေါ်သန္တာက “ဒီလို အချိန်ခါမှာ ဒီနှုန်းထားတွေက သင့်တင့်တယ် လို့ မြင်ပါတယ်။ လစာနှုန်းထားတွေနဲ့ အကုန် နှိုင်းယှဉ်ပြီးမှ စိစစ် တွက်ချက်ခဲ့တာပါ”ဟု ပြောသည်။
နှုန်းထားသစ်အရ တနှစ်သက်တမ်းရှိ သင်မောင်းလိုင်စင်အတွက် ကျပ် ၃၀၀၀ ကောက်ခံမည်ဖြစ်ပြီး သက်တမ်း ၅ နှစ်ရှိ လိုင်စင်အနက်ခေါ် “ခ”လိုင်စင်(သုံးတန်အထိတင်ဆောင်နိုင်သော ကိုယ်ပိုင်မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကား ငယ် များ) အတွက် ကျပ် ၅၀၀၀၀ နှင့် သက်တမ်း ၃ နှစ်ရှိ လိုင်စင်အနီခေါ် “C” လိုင်စင် (မှတ်ပုံတင်ထားသည့် မော်တော် ယာဉ် အားလုံး) အတွက် ကျပ် ၇၅၀၀၀ ကောက်ခံမည်ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် စတင်ကောက်ခံခဲ့သည့် နှုန်းဟောင်းတွင် “ခ”လိုင်စင်အတွက် ကျပ် ၃၀၀၀ သတ်မှတ်ကောက်ခံခဲ့သည့် အတွက် နှုန်းထားအသစ်နှင့် ၁၅ ဆကျော်ကွာခြားပြီး “C” လိုင်စင်အတွက်မူ မူလကကျပ် ၃၂၀၀ သာ သတ်မှတ်ကောက် ခံ ခဲ့သည့်အတွက် ၂၃ ဆကျော် ကွာခြားသွားသည်ကိုတွေ့ရသည်။
နိုင်ငံသား မဟုတ်သူများ အတွက် သက်တမ်း တနှစ်ရှိ နိုင်ငံတကာ ယာဉ်မောင်း နှင်ခွင့်(IDP) လိုင်စင်နှင့် သက်တမ်း ၅ နှစ်ရှိ နိုင်ငံခြား လိုင်စင်မှ “ခ” လိုင်စင်သို့ ပြောင်းလဲခြင်းများ အတွက် ငွေကျပ် ၁၅၀၀၀၀ ကောက်ခံမည် ဖြစ်ကြောင်း လည်း သိရသည်။
ယင်း လိုင်စင်ကြေးများ အားလုံးသည် လိုင်စင် အလိုက် သတ်မှတ်ထားသည့် သက်တမ်း ကုန်သည် အထိ အကျုံးဝင် ပြီး ဌာန အနေဖြင့် ခေတ်ကာလနှင့် လျော်ညီစွာ အသက်သာဆုံး နှုန်းထားအား ပြောင်းလဲ ကောက်ခံခြင်း ဖြစ်ကြောင်း က.ည.န က ဆိုထားသည်။
နိုင်ငံတော် ဘဏ္ဍာ ပိုမိုရရှိရေး အတွက် ခေတ်နှင့် မကိုက်ညီတော့သည့် လိုင်စင် နှုန်းထားများအား ပြင်ဆင် ကောက်ခံ ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုသော်လည်း ကဏ္ဍစုံတွင် အခွန်များ ဆက်တိုက် တိုးမြှင့် ကောက်ခံလာ မှု အပေါ် ပြည်သူများက ဝေဖန်ပြောဆိုလျက် ရှိသည်။
ယာဉ်မောင်း တဦးဖြစ်သူ ကိုအောင်မျိုးက “ဘီးခွန်တွေလည်း တိုးကောက်ပြီးပြီ။ အခု လိုင်စင်ကြေး ထပ်တိုးတယ်။ ကားလိုင်စင် မူဝါဒတွေလည်း တမျိုးပြီး တမျိုးပဲ။ ပြည်သူကတော့ သူတို့ သတ်မှတ်ရင် လိုက်ပေးရမှာပဲ။ မပေးလို့လည်း ဘယ်လို လုပ်မလဲ။ အခွန်တွေ တိုးပြီးရင်တော့ သက်ဆိုင်တဲ့ တာဝန်ခံမှုလေးတွေလည်း ရှိစေချင်ပါတယ်”ဟု ပြော သည်။
တိုးမြှင့်လိုက်သည့် လိုင်စင်ကြေး နှုန်းထားသစ်များမှာ များလွန်းနေကြောင်း ပြည်သူ တချို့က ဝေဖန်မှုရှိသော်လည်း ယခုကဲ့သို့ နှုန်းထားသစ်များ တိုးမြှင့်လိုက်သည့် အတွက် လိုင်စင် ထုတ်ပေးရာတွင် ပိုမို စည်းစနစ် ရှိလာမည်ဟု မြင်မိ ကြောင်း ရန်ကုန် လေဆိပ် ရွှေလွန်းပျံ Taxi အသင်း ဥက္ကဋ္ဌ ဦးစိုးမြင့် က ပြောသည်။
ဦးစိုးမြင့်က“တချို့က မမှန်မကန် လိုင်စင်တွေနဲ့ တက်မောင်းနေကြတာတွေ ရှိတယ်။ အခုလို တိုးကောက်ပြီးရင်လည်း လိုင်းစင် ထုတ်ပေးတာကို တိတိကျကျ လုပ်ရင် ပိုကောင်းလာမှာပါ။ အလွယ်တကူ လိုင်စင်ရနေတဲ့ ပြဿနာလည်း ထိန်းချုပ်နိုင်မယ် ထင်ပါတယ်”ဟုလည်း ပြောဆိုသည်။
ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်းက ပိတ်ထားခဲ့သည့် ရန်ကုန် ကားလိုင်စင် ထုတ်ပေးရေး အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ညိုနှိုင်းနေကြောင်း တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာလ ၆ ရက်က ပြောကြားထားသည်။
ဝန်ကြီးချုပ်က “ကားတင်သွင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်လိုင်စင် ထုတ်ပေးမယ်ဆိုတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက် ပြီး စီးပွား/ကူးသန်း ဝန်ကြီးဌာနနဲ့ရော အခြားသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ ပေါင်းစပ် လုပ်နေပါတယ်”ဟု ပြောသည်။
ရန်ကုန်လိုင်စင် ရရှိရေးအတွက် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းက ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် တကြိမ်၊ ယခု ၂၀၁၈ ခုနှစ်တွင် တကြိမ် တိုင်းအစိုးရသို့ တင်ပြ ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က “ရန်ကုန် လိုင်စင်က လောလောဆယ်တော့ အဖြေတော့ မရသေးဘူး။ သူတို့ ဆက်ဆွေးနွေးမယ်ပေါ့။ တိုင်းဒေသ ကြီးနဲ့ စီးပွား/ကူးသန်း၊ ကညန တို့ ဆက်ပြီး ဆွေးနွေးသွားမယ် ပြောပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက“ရန်ကုန် လိုင်စင်ကြောင့် အခက်အခဲကတော့ ရန်ကုန်မှာ ရှိတဲ့သူက ကိုယ့်နာမည်ကို မရဘူး။ ပဲခူး လိုင်စင်တို့ ဘာတို့ သုံးနေရတာပေါ့နော်။ ဒါတော့ အဓိက အခက်အခဲလို့ မြင်တယ်။ ကိုယ့်နာမည် ကိုယ့်ဟာကိုယ် စီးနိုင်ရင် ပိုကောင်းတာပေါ့နော်။ အဲဒီအခွင့်အရေး ဆုံးရှုံးသလို ခံစားရတာပေါ့”ဟု ရှင်းပြသည်။
အထက်ပါ ဆွေးနွေးပွဲတွင် ရန်ကုန် လိုင်စင်(YQVC) ကိစ္စ၊ ယာဉ်၏ အစိတ်အပိုင်းများအား အခြား အစိတ်အပိုင်း တခုခု ဖြင့် အစားထိုး ပြောင်းလဲထားသည့် (ဖောက်စွပ်၊ အလုံးချိန်း) သိမ်းဆည်း ကိစ္စ၊ အစရှိသည်တို့ အပြင် အရောင်း စင်တာ များ သတ်မှတ်ချက် ဖြေလျှော့ပေးရန်၊ စလစ် အစားထိုး ဆောင်ရွက်ပေးရန်၊ ဆိပ်ကမ်း ရက်လွန် ဒဏ်ကြေး များ လျှော့ချပေးရန် စသည်တို့ကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးပပစန်း ပူးပေါင်း ရေးသားသည်။