ရခိုင်ပြည်နယ် မြောက်ဦးအဓိကရုဏ်း ဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်မြောက်လာသော ရခိုင်လူငယ် ၈ဦးကို ထပ်မံ ဖမ်းဆီးခြင်းမှာ တရားဥပဒေနှင့် ညီညွတ်မှု မရှိဟု ရခိုင်ပြည်နယ် တရားဥပဒေ စိုးမိုး ရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနိုင်းရေး အဖွဲ့က ထောက်ပြဝေဖန် လိုက် သည်။
အဆိုပါ ရခိုင်လူငယ်များမှာ အများပြည်သူပိုင် အကျိုးပျက်စီးမှု ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် ဖမ်းဆီးတရား စွဲဆိုခံရခြင်းဖြစ်ပြီး၊ စက်တင်ဘာ ၂၄ရက်နေ့က စစ်တွေမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၈လကျခံရန် အမိန့်ချမှတ်ခဲ့ရာ ချုပ်ရက်ခံစားခွင့်ဖြင့် လွတ်မြောက်ခဲ့သော်လည်း ယင်းနေ့မှာပင် မြန်မာနိုင်ငံအလံ ဥပဒေ ပုဒ်မ ၁၆ ဖြင့် ထပ်မံဖမ်းဆီးခံခဲ့ရသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညိုနှိုင်းရေး အဖွဲ့ ခေါင်းဆောင် တရား လွှတ်တော် ရှေ့နေ ဦးသာဇံက “လူတယောက်ကို တချိန်တည်း၊ တနေရာတည်း ဖြစ်စဉ်တခု တည်းမှာ ပြစ်မှုနှစ်ခါ ကျူးလွန်သလို မျိုး မစွဲသင့်ဘူး၊ ပြစ်ဒဏ်နှစ်ခါ မပေးသင့်ဘူးလို့ပဲ သုံးသပ် ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး သဇင်ခန်းမ တွင် တရားဥပဒေ စိုးမိုး ရေး ဌာနနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့မှ သက်ဆိုင်ရာတရားရေး၊ ဥပဒေနှင့် ရဲတပ်ဖွဲ့ စသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကို ခေါ်ယူ ၍ ဆွေးနွေးကြရာ ပြစ်ဒဏ်ကျပြီး လွတ်လာသော မြောက်ဦး လူငယ်များကို ထပ်မံဖမ်းဆီး ချုပ်နှောင် ခြင်းမှာ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပြီး အစိုးရပုံရိပ် ကျဆင်းကြောင်း တရားဥပဒေနှင့် လည်း မညီညွတ်၍ လွတ်ပေးသင့်ကြောင်း ကို ဆွေးနွေးခဲ့သည်။
တရားလွတ်တော်ရှေ့နေဦးသာဇံက “ ကျနော်တို့ကတော့ ဥပဒေနဲ့ မညီဘူးလို့ သုံးသပ်တယ်၊ ရဲတပ်ဖွဲ့ ဘက်က ပြန်ပြော က သူတို့မှာလည်း လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ အားနည်း ချို့ယွင်းချက်တွေ ရှိတယ်၊ ကျနော်တို့ကတော့ သူတို့ ပြန် လွတ်လာဖို့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ မကြာခင် အားလုံး အဆင်ပြေမယ်လို့တော့ ထင်တယ်” ဟု ဧရာဝတီသို့ပြောသည်။
ယင်းမြောက်ဦးလူငယ် ၈ ဦးကိစ္စနှင့် ပတ်သက်၍ ဧရာဝတီမှ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းအား တွေ့ဆုံ မေး မြန်းရာ ရဲတပ်ဖွဲ့က ဥပဒေ အကြံတောင်းခံလာ၍ ပေးထားကြောင်း၊ မည်သို့ အကြံပေးထားသည်ကိုမူ ထုတ်ဖော် ပြော ကြားမှုမရှိပေ။
ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက “ဥပဒေ အကြံတောင်းလာတဲ့အတွက် ဥပဒေ အကြံပေးထားတယ်။ အားလုံး သက်သက်ညှာညှာ ဖြစ်လာပါလိမ့်မယ် ” ဟု ဧရာဝတီသို့ပြောသည်။
ရဲတပ်ဖွဲ့က အဆိုပါ လူငယ် ၈ ဦးကို အလံ ဥပဒေ ပုဒ်မ ၁၆ ဖြင့် မြောက်ဦးမြို့နယ် တရားရုံး၌ စက်တင်ဘာလ ၂၅ ရက်နေ့ က ချုပ်ရက် ရမန်ယူကာ စစ်ဆးနေပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် ရမန်သက်တမ်းပြည့်တော့မည် ဖြစ်၍ တရားမစွဲ ဘဲ လွတ်ပေးမည်လား၊ မည်သို့ ဖြစ်လာမည်နည်း ဆိုသည်ကိုမူ မနက်ဖြန်တွင် သိရမည် ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
အဆိုပါ ၈ဦးမှ လူငယ်တဦး၏ ဖခင်ဖြစ်သူ ဦးအေးမောင်သိန်းက “ မနက်ဖြန်တော့ အဖြေတခုခု သိရမယ်။ အခုသူတို့က အလံ ဖြုတ်ချတယ်ဆိုပြီး ထပ်ဖမ်းထားတယ်။ နိုင်ငံတော် အလံကို ည ၁၁ နာရီထိ လွင့်ထား ရအောင် သူတို့ ရုံးမှာ အချိန်ပို အလုပ်များ ဆင်းနေကြသလား အဲဒါပဲ ပြောချင်တယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦးအဓိကရုဏ်း ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် ၎င်းဖမ်းဆီးတရားစွဲခံ ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးသည် သေနတ်ဒဏ်ရာများ ရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် မြောက်ဦးဆေးရုံမှနေ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ရသူများ ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – မြောက်ဦး ရခိုင်လူငယ် ၈ ဦးအမှု ပြစ်ဒဏ်ချခံပြီး လွတ်မြောက်
မြောက်ဦး ရခိုင်လူငယ် ၈ ဦးအမှု စွဲချက်အမိန့်ချတော့မည်