နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ယာဉ်မတော်ဆမှုဖြင့် သေဆုံးသည်ဆိုကာ ဆေးရုံရောက် လာ သည့် အမျိုးသားတဦးကို ရင်ခွဲစစ်ဆေးရာ သေနတ်မှန်၍ သေဆုံးနေခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိခဲ့မှု တရပ် ယမန်နေ့က ဖြစ်ပွားခဲ့ သည်။
အောက်တိုဘာလ ၇ ရက်က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၊ အရေးပေါ်ဌာနသို့ ယာဉ်မတော်မှု ဖြစ်သည်ဆိုကာ ဥတ္တရသီရိမြို့နယ် ဆားကျင်းကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဦးမျိုးဝင်းဆိုသူ ရောက်လာကြောင်း၊ ဆေးရုံရောက်ချိန် သေဆုံးနေပြီ ဖြစ်၍ စစ်ဆေးရာ အခြား ပြင်ပဒဏ်ရာများ မတွေ့ဘဲ နှာခေါင်းအောက်ဘက် အပေါက်သေး တပေါက်နှင့် ညာဘက် မေးရိုးအောက် အရိုးအက် ဒဏ်ရာတို့သာ တွေ့ရှိ၍ လူနာအား ရင်ခွဲစစ်ဆေးခဲ့ရာ ဦးခေါင်းအတွင်း ကျည်ဆန် တတောင့် တွေ့ရှိခဲ့ ပြီး သေနတ်မှန် သေဆုံးခြင်း ဖြစ်သည်ဟု ယူဆရကြောင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှ စုံစမ်းသိရှိရသည်။
နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ပပ က “ဆရာဝန်ကြီးတွေရဲ့ သုံးသပ် ချက်ကတော့ လူနာဟာ ဒီဒဏ်ရာနဲ့ ဦးနှောက်အတွင်းမှာ သွေးယိုစီးမှုဖြစ်ပြီး သေဆုံးတယ်လို့ ပဏာမ သတ်မှတ်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သေဆုံးနေသည့် ဦးမျိုးဝင်းအား ရဲတပ်ဖွဲ့ဝင် အချို့နှင့် ဒေသခံအချို့က လာရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်း ရဲစန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အောက်တိုဘာလ ၇ ရက် ညပိုင်းက ဒုရဲအုပ် အောင်နိုင်ထွန်း ဦးဆောင်သည့် အဖွဲ့မှ ကင်းလှည့်နေစဉ် ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးလမ်းတွင် ဦးမျိုးဝင်း မောင်းနှင်လာသော ယာဉ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရာ ရပ်မပေးဘဲ မောင်းပြေးခဲ့ရာမှ အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူး ဦးတင်ဋ္ဌေးက ဆိုသည်။
စခန်းမှူး ဦးတင်ဋ္ဌေးက “မနေ့က ညနေ ၇ နာရီခွဲလောက်က ဖြစ်တာ။ ရဲအဖွဲ့က လှည့်ကင်းလှည့်ရင်းနဲ့ မသင်္ကာလို့ ကား ကို ရပ်ခိုင်းပြီး စစ်ဆေးတာ ကားက မရပ်ဘူး။ ဆက်မောင်းတော့ ဒုရဲအုပ်က ကားဘေးဘက်မှာ ကပ်ပါသွားတယ်။ ဒုရဲအုပ် ကို တိုက်မလိုလည်း ဖြစ်သွားတာပေါ့။ ရပ်ခိုင်းတာ မရပ်တော့ သေနတ်နဲ့ ချိန်ပြီး ရပ်ခိုင်းတာ နောက်ဆုံးတော့ ကျည်ပေါက်ထွက်မှု ဖြစ်သွားတာပေါ့။ ပစ်လိုက်တာ မဟုတ်ဘူး၊ ကျည်ထွက်သွားတာပေါ့” ဟု ပြောသည်။
သေဆုံးသူနှင့် ဆွေမျိုးတော်သူ ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာနေ ဦးမင်းဇော်ကမူ ဦးမျိုးဝင်းမှာ ဗိုလ်ရွေးလမ်းအတိုင်း တောင်ညိုကျေးရွာအုပ်စု ဆားကျင်းရွာမှ ချင်းရွာသို့ လိုက်ထရပ်ယာဉ်ဖြင့် မီးသွေး သွားရောက် ပို့ဆောင်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က လိုင်းကြေးတောင်းခံစဉ် အချင်းများ၍ ယာဉ်အား နောက်ပြန်လည့်မောင်းရာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ ခြင်း ဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်စဉ် သေဆုံးသူမှာ လှည့်ကြည့်လိုက်ရာ နှာခေါင်းအောက် နေရာအား ကျည်ဆံ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားစဉ် ဦးမျိုးဝင်းနှင့် အတူ ရှိနေခဲ့သည့် ယာဉ် နောက်လိုက်နှစ်ဦး ၏ ပြောစကားကို ကိုးကား၍ ဧရာဝတီသို့ ရှင်းပြသည်။
ဦးမင်းဇော်က “ရဲလေးယောက် တယောက် နှစ်ထောင် ၊ ရှစ်ထောင်မပေးရင် ပြန်လှည့်ဆိုတော့ ပြန်လှည့်သွားတဲ့ အချိန်မှာ အရွဲ့တိုက်တယ်ဆိုပြီး ပစ်တာ။ ဟေ့ကောင် ရပ် ရပ်ဆိုတော့ မရပ်ဘဲ ပြန်လှည့်မောင်းတဲ့အချိန်မှာ ပစ်လိုက်တာ” ဟု ဆိုသည်။
၎င်း၏ ပြောဆိုချက်နှင့် ပတ်သက်၍ အတည်ပြုနိုင်ရန်အတွက် ဘုရားကုန်း ရဲစခန်းမှူး ဦးတင်ဋ္ဌေးထံ ဧရာဝတီက ထပ်မံ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ရှိတွင် ဖြစ်စဉ်အား စစ်ဆေးဆဲဖြစ်၍ နောက်မှသာ ပြန်လည်မေးမြန်းပါဟု ဖြေကြားခဲ့သည်။
ဦးမျိုးဝင်း သေဆုံးမှုအား ဘုရားကုန်း ရဲစခန်းတွင် ဆက်လက် စစ်ဆေးနေပြီး အခင်းဖြစ်စဉ်တွင် သေဆုံးသူနှင့်အတူ ရှိနေသည့် ယာဉ်နောက်လိုက် နှစ်ဦးဖြစ်သည့် ကိုအောင်ဆန်းလင်းနှင့် ကိုဇော်မျိုးတို့ကိုလည်း သက်သေအဖြစ် ခေါ်ယူ စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် ဦးမျိုးဝင်းအား သေဆုံးစေသူ ဒုရဲအုပ်အောင်နိုင်ထွန်းကို ဘုရားကုန်း မြို့မရဲစခန်းတွင် စခန်းမှူးကိုယ်တိုင် တရားလိုလုပ်ကာ (ပ) ၆၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ ဖြင့် တိုင်ချက်ဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။