ထိုင်းနိုင်ငံ၏ အလုပ်အကိုင် ဈေးကွက်တွင် အမြတ်ထုတ် သွေးစုတ်မှုကို တိုက်ဖျက်ရန် ၂၀၁၇ ခုနှစ်က ဥပဒေတခု ပြဌာန်းခဲ့သော်လည်း အလုပ်အကိုင် ရှာဖွေရေး “မာဖီးယား” ဂိုဏ်းက ထိုင်းနိုင်ငံသို့သွားမည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကျေးကျွန်စနစ်အတွင်း ထောင်ချောက်ဆင် ဖမ်းနေကြောင်း တက်ကြွလှုပ်ရှားသူများနှင့် အလုပ်သမားများက ပြောသည်။
မြန်မာနိုင်ငံမှ အများစုသော ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းစီးပွားရေးကို နှစ်စဉ် ကျားကန်ထားပေးလျှက် ရှိသည်။ ၎င်းတို့ကို စံချိန်မီ ဈေးဝယ်စင်တာများ မှသည် စက်ရုံများ၊ ငါးဖမ်းစက်လှေများပေါ်တွင်အထိ တွေ့နိုင်သည်။
ကျွန်လုပ်သား အသုံးပြုမှုနှင့် လူကုန်ကူးမှု စွပ်စွဲချက်များကြောင့် ဥရောပသမဂ္ဂက ထိုင်းနိုင်ငံထုတ်ကုန်များကို ပိတ်ပင်ရန် ၂၀၁၅ ခုနှစ်က ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို အုပ်ချုပ်နေသော စစ်အစိုးရသည် ရွှေ့ပြောင်း လုပ်သားများကို မှီခိုနေရသော လုပ်ငန်းများအား အလျင်အမြန် စိစစ်ခဲ့သည်။
လွန်ခဲ့သောနှစ် ဇူလိုင်လက စတင် အသက်ဝင်လာသော ဥပဒေသစ်သည် အကျင့်ပျက် ပွဲစားများနှင့် သွေးစုတ် အမြတ်ထုတ်သော ကုမ္ပဏီများမှ ရွှေ့ပြောင်းလုပ်သားများကို အန္တရာယ်ဖြစ်စေသည့် မသမာသော လူသစ် စုဆောင်းသည့် နည်းလမ်းများအား ဖြိုခွဲရန် ရည်ရွယ်သည်။
သို့သော် ထိုဥပဒေကို အကောင်အထည်ဖော်မှု နှောင့်နှေးခြင်းနှင့် အစိုးရ၏ ကြီးကြပ်မှု ကင်းမဲ့ခြင်းတို့ကြောင့် တနှစ်ကျော်ခန့် ကြာလာသောအခါ အလုပ်သမားများမှာ ယခင်ကဲ့သို့ပင် လုံခြုံမှု ကင်းမဲ့နေသေးကြောင်း ပြည်ပ အလုပ်သမားများနှင့် အလုပ်သမားအရေး ကျွမ်းကျင်သူများက ပြောသည်။
မြန်မာရွှေ့ပြောင်း လုပ်သားများသည် ပွဲစားများကို ကျပ် ၁ သိန်းခွဲထက် ပိုပေးရန်မလိုဟု ထိုဥပဒေက ဆိုသော်လည်း အများအပြားမှာ ဒေါ်လာ ၈၀၀ (မြန်မာကျပ်ငွေ ၁၂ သိန်း) ခန့်အထိ ပေးနေရသည်။ ထိုငွေပမာဏမှာ ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံများအနက် တခုဖြစ်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအတွက် လွန်စွာ များပြားသော ပမာဏဖြစ်သည်။
“ပွဲစားတွေက ကျမတို့ကို အမြတ်ထုတ်တယ်” ဟု အသက် ၄၀ အရွယ် မဦးက ပြောသည်။ သူသည် ဘန်ကောက်အနီးရှိ အီလက်ထရွန်းနစ် စက်ရုံတခုတွင် အလုပ်တခုရရန် ဒေါ်လာ ၄၀၀ ပေးခဲ့ရသည်ဟု ထုတ်ဖော် ပြောကြားရန် ကြောက်နေသည်။
မာဖီးယားအစစ်
ထိုင်းလုပ်ငန်းများသည် ပြည်တွင်းကိုယ်စားလှယ်များကို ငှားရမ်းပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားများကို ရှာဖွေကြသော်လည်း မြန်မာနိုင်ငံသည် အကြီးမားဆုံး လုပ်အားရင်းမြစ် ဖြစ်နေပြီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သန်းကျော် အလုပ်လုပ်နေသည်။
သို့သော် အများအားဖြင့် ထိုင်းကိုယ်စားလှယ်များသည် ယှဉ်ပြိုင်မှု လွန်စွာ မြင့်မားသော ဈေးကွက်တွင် မြန်မာကိုယ်စားလှယ်များထံမှ ကြေးအမြင့်ဆုံး ပေးသူကို အလုပ်အကိုင်များအား လေလံတင် ရောင်းချသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။
မြန်မာပွဲစား သို့မဟုတ် တဆင့်ခံပွဲစားသည် ကျေးလက် တောရွာများတွင် အလုပ်သမားများကို ပိုက်စိတ်တိုက် ရှာဖွေပြီး အပိုကုန်ကျစရိတ်များကို ထိုအလုပ်သမားများအပေါ် ပုံချသောကြောင့် ရွှေ့ပြောင်းလုပ်သားများသည် အကြွေးကျွန် စနစ်တွင် နစ်ပြီး မတန်တဆ ကုန်ကျစရိတ်များကို ပေးရန် ရုန်းကန်ကြရသည်ဟု ရွှေ့ပြောင်း လုပ်သားရေးရာ ကျွမ်းကျင်သူ အင်ဒီဟောက ပြောသည်။
ထိုင်းနှင့် မြန်မာ အလုပ်အကိုင်ရှာဖွေရေး ကိုယ်စားလှယ် များသည် ငွေများစွာရသော မာဖီးယားအစစ်များ အဖြစ် ပူးပေါင်း ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ရှင်းပြသည်။ ထိုကွန်ရက်သည် အလုပ်သမား သမဂ္ဂတခု မဟုတ်သော်လည်း အလုပ်သမား အရေးကိစ္စများကို ဆောင်ရွက်ပေးနေသည်။
ပိုမိုအန္တရာယ်ရှိသော သိန်းပေါင်းများစွာရှိသည့် မြန်မာ အလုပ်သမားများသည် မှတ်ပုံမတင်ဘဲ လုပ်ကိုင် နေသောကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားသည်ဟု ဦးအောင်ကျော်က ပြောသည်။
ဖြစ်ရပ်တခုတွင် ကလေးနှစ်ဦးအပါအဝင် မိသားစုတစုသည် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ငါးဖမ်း စက်လှေပေါ်တွင် ကျွန်များအဖြစ် လုပ်ကိုင်ကြရကာ ရိုက်နှက်ခံကြရသလို၊ လုပ်အားခမရဘဲ ၎င်းတို့၏ အထောက်အထား စာရွက်စာတမ်းများ သိမ်းဆည်းခံကြရသည်။
လက်ညှိုးထိုး အပြစ်တင်ခြင်း
ထိုင်းအာဏာပိုင်က ၎င်းတို့သည် အလုပ်အကိုင် ကိုယ်စားလှယ်များကို တင်းကျပ်စွာ ကြီးကြပ်ကြောင်းနှင့် ဥပဒေ ချိုးဖောက်ပါက ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ထားကြောင်း ပြောသည်။
ပြဿနာရှိလျှင် မြန်မာအလုပ်အကိုင် ရှာဖွေရေး ကိုယ်စားလှယ်များဘက်တွင်သာ ရှိမည်ဟု အလုပ်သမား ဝန်ကြီးဌာနမှ အန်ညူရက်တော့စာရက်က ပြောသည်။
သို့သော် မြန်မာအလုပ်အကိုင် ကိုယ်စားလှယ်များက ထိုင်းအလုပ်အကိုင် ကိုယ်စားလှယ်များကို အပြစ်တင်ကာ တရားမဝင် ကုန်သွယ်မှုနှင့် အလုပ်အကိုင်အတွက် လာဘ်ပေးလာဘ်ယူခြင်းကို အားပေးနေသည်ဟု ပြောသည်။
“ကျနော်တို့က ထိုင်းကိုယ်စားလှယ်တွေဆီက အလုပ်ကမ်းလှမ်းမှုရဖို့ ယှဉ်ပြိုင်နေရတယ်။ သူတို့ကို ငွေပိုပေးမှ သူတို့ဆီက အလုပ်အကိုင် ကမ်းလှမ်းမှု ရတယ်” ဟု ရန်ကုန်မှ အမည်မဖော်လိုသော အလုပ်အကိုင် ကိုယ်စားလှယ် တဦးက ဆိုသည်။
“သူတို့က ကျနော်တို့ကို အနိုင်ကျင့်နေတာ” ဟုလည်း သူက ပြောသည်။
နှစ်နိုင်ငံစလုံးရှိ အာဏာပိုင်များ အနေဖြင့် ပိုမိုတင်းကျပ်စွာ စစ်ဆေးရန်နှင့် ဂုတ်သွေးစုတ်သော အလေ့အထများ အဆုံးသတ်စေရန် နိုင်ငံစုံမှ ထိုင်းကုန်စည် ဝယ်ယူသူများကို တက်ကြွလှုပ်ရှားသူများက တိုက်တွန်း ထားသည်။
ထိုင်းနိုင်ငံတွင် စက်ရုံများ ဖွင့်ထားကြသည့် ဗြိတိန်နိုင်ငံမှ အကြီးမားဆုံး လက်လီ အရောင်းလုပ်ငန်း Tesco ၊ အစားအစာ လုပ်ငန်းကြီး၊ Nestle နှင့် ချောကလက်လုပ်ငန်း Mars တို့က ၎င်းတို့သည် အခြေအနေ တိုးတက်အောင် ထိုင်းစီးပွားဘက်များနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း ပြောပြီး စွပ်စွဲချက်များ အားလုံးကို စုံစမ်း စစ်ဆေးမည်ဟု ပြောသည်။
ကုန်ကျစရိတ် လွန်စွာများပြီး အကြွေးအန္တရာယ် ရှိသော်လည်း တလလျှင် မြန်မာနိုင်ငံဘက်မှ လူ ၁၅၀၀၀ ခန့်သည် ထိုင်းနိုင်ငံသို့ ကူးလာပြီး အလုပ်လုပ်ကိုင်နေကြသည်။
အသက် ၂၄ နှစ်အရွယ် ကျော်နိုင်က သူသည် ထိုင်းတွင် အလုပ်ရှာပေးမည်ဟု ကတိပေးထားသော ကိုယ်စားလှယ်ကို ငွေအထပ်လိုက် ပေးပြီးပြီဖြစ်ကြောင်း ရန်ကုန်မြို့မှ လက်ဖက်ရည်ဆိုင် တဆိုင်တွင် ပြောပြသည်။
“မိသားစုဆီကနေ အတိုးနဲ့ ချေးလိုက်တယ်။ အလုပ်ကောင်းရင် ပြန်ပေးနိုင်မယ်” ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံ ဥပဒေသစ်ကြောင့် သူပိုမိုလုံခြုံမည်ဟု ထိုအလုပ်အကိုင် ကိုယ်စားလှယ်က အာမခံထားကြောင်း သူက ရှင်းပြသည်။
(AFP သတင်း Extortion and abuse: Myanmar workers arrive debt-laden in Thailand ကို ဆီလျော်အောင် ဘာသာပြန်သည်။)