ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာမည်ဟု မျှော်လင့်ရသည့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည်နေရာချထားရန် မြန်မာအစိုးရသည် ပဋိပက္ခ ဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်မောင်တောတွင် ယခုလအတွင်း နောက်ထပ် စံပြကျေးရွာသစ် ၁၂ ခု စတင် တည်ဆောက်နေသည်။
Al-Yaqin ဟုလည်း သိကြသည့် အာဆာ ARSA အဖွဲ့သည် အစိုးရနယ်စပ် ကင်းစခန်းများကို လွန်ခဲ့သော နှစ် သြဂုတ်လက ချိန်ကိုက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကို ပြန်လည်ရှင်းလင်းရန် မြန်မာစစ်တပ်မက နယ်မြေစစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ လူ ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ခရိုင်သို့ ထွက်ပြေးခဲ့ကြရသည်။ ယနေ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတခုအဖြစ် ပေါ်ပေါက်လာခဲ့သည်။
တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများတွင် လူမျိုတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက် ပါဝင်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်ဆင်ရေးတွင် ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC တွင် စစ်ဆေးအရေးယူရန် တောင်းဆိုခဲ့သည်။ ဥရောပသမဂ္ဂကလည်း မကြာသေးမီက ဗိုလ်ချုပ်အချို့ကို ပစ်မှတ်ထားအရေးယူခဲ့ပြီး လတ်တလောတွင် နောက်ထပ် မြန်မာနိုင်ငံကို ကုန်သွယ်ရေးပိတ်ဆို့အရေးယူရန် စဉ်းစားနေသည်။
သိန်းနှင့်ချီသော ဒုက္ခသည်များ ပြန်လာနိုင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရများသည် ၂၀၁၈ ခုနှစ်အစောပိုင်းတွင် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက်တစောင်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ဒုက္ခသည် တဦးမျှ မောင်တောသို့ တရားဝင်လမ်းကြောင်းမှတဆင့် ပြန်လည်ရောက်ရှိခြင်း မရှိသေးပေ။ မြန်မာအစိုးရ ဝန်ကြီးများကမူ ၎င်းတို့သည် ဒုက္ခသည်များကို လက်ခံရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆက်တိုက် ပြောဆိုကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင် မြန်မာကိုယ်စားလှယ်များကလည်း နယူးယောက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ထိုနည်းအတိုင်းပင်ပြောသည်။
အာရကန် ရိုဟင်ဂျာသမဂ္ဂ၏ ညွှန်ကြားရေးမှုး ပင်ဆယ်ဗေးနီးယား ပြည်နယ်မှ ပါမောက္ခ ဝါကာအူဒင်အပါအဝင် ရိုဟင်ဂျာအခွင့်အရေး ကာကွယ်ရေးသမားများက အစိုးရသည် ဒုက္ခသည်များ ပြန်လာရေးအတွက် အဆင်သင့် မဖြစ်သေးကြောင်း သတင်းဌာန အများအပြားနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုများတွင် ပြောဆိုကြသည်။
မောင်တောခရိုင် အုပ်ချုပ်ရေးအရာရှိ ဦးရဲထူး၏ အဆိုအရ ဒေသအာဏာပိုင်များသည် စီမံကိန်းနှစ်ခုကို ဆောင်ရွက်နေပြီး တခုမှာ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ၏ ကြီးကြပ်မှုဖြင့် ဒုက္ခသည်များအတွက် သင့်တင့်သော အိမ်များ တည်ဆောက်ရေးဖြစ်ပြီး အခြားတခုမှာ ဆောင်ရွက်ဆဲ စံပြကျေးရွာစီမံကိန်းဖြစ်သည်ဟု သိရသည်။
UEHRD ၏ စီမံမှုဖြင့် နေရာ ၁၉ ခုတွင် အဆောက်အအုံများ တည်ဆောက်နေပြီး အချို့မှာ ရခိုင်တိုင်းရင်းသားများအတွက်လည်း ပါဝင်ကြောင်း အရာရှိဦးရဲထူးက ပြောသည်။ မွတ်ဆလင် မဟုတ်သူများအတွက် အိမ်မည်မျှဆောက်လုပ်နေသည်ကို အသေးစိတ်ပြောဆိုခဲ့ခြင် းမရှိပေ။ အစိုးရသည် လတ်တလောတွင် (စံပြကျေးရွာ) ဦးစားပေးနေရာ ၁၂ နေရာကို ဆောင်ရွက်နေကြောင်း၊ ကျေးရွာတခုစီတွင် ဈေးတခု၊ ကျောင်းတခု၊ ပန်းခြံတခုနှင့် ဆေးခန်းတခုတို့ပါဝင်မည်ကြောင်း သူကပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်သော အစိုးရသည် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို မြေပြင်တွင် အကောင်အထည်ဖေါ်နေသော်လည်း ရခိုင်အမျိုးသားရေးဝါဒီများနှင့် နိုင်ငံရေးသမားများက မောင်တောတောင်ပိုင်းကို မွတ်ဆလင်ကင်းမဲ့ဇုန် သတ်မှတ်ပြီး ရခိုင်အသိုင်းအဝန်းနှင့် မွတ်ဆလင် အသိုင်းအဝန်းတို့ကို သီးခြားခွဲထားရန် တောင်းဆိုနေကြသည်။ အာဏာပိုင်များသည် မွတ်ဆလင် အသိုင်းအဝန်းကို မောင်တော တောင်ပိုင်း၊ မြောက်ပိုင်း နှစ်ခုလုံးတွင်ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း ဦးရဲထူးပြောပြချက်အရသိရသည်။
မောင်တောမြောက်ပိုင်းတွင် တောင်ပိုင်းထက် လူနေထိုင်ရန်နေရာ ပိုမိုရှိကြောင်း သူရှင်းပြသည်။ သို့သော် ပြန်လည်ချထားသည့်နေရာများတွင် ၂၀၁၇ ခုနှစ် အကျပ်အတည်းမတိုင်မီက လူဦးရေ အချိုးအစားအတိုင်း ပြန်လည်ချထားရန် ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဒုက္ခသည်များကို စံပြကျေးရွာများတွင် နေရာချထားမပေးမီ ကနဦးတွင် လှဖိုးခေါင်နှင့် တောင်ပြိုတို့ကဲ့သို့သော ပြန်လည်လက်ခံရေးစခန်းများတွင် ထားမည်ဖြစ်သည်။
စက်တင်ဘာလလယ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နှစ်ခုတို့သည် ကျေးရွာ ၂၃ ခုတွင် ကနဦး အကဲဖြတ်စိစစ်မှုများ ပြုလုပ်ခဲ့သည်။ ထိုအကဲဖြတ်ချက် အသေးစိတ်တွင် မည်သည့်အကြောင်းအရာများ ပါသည်ကို အာဏာပိုင်များက အသေးစိတ်ပြောရန် ငြင်းဆန်သည်။ ထိုအေဂျင်စီများသည် နားလည်မှုစာချွန်လွှာတွင် သဘောတူထားသည့်အတိုင်း အကဲဖြတ်ချက်များကို အစိုးရထံတင်ပြမည်ဟု ပြောသည်။
ထိုသို့စစ်တမ်းကောက်ခဲ့ကြောင်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ဆက်သွယ်ရေးအရာရှိတဦးက အောက်တိုဘာလ ၃ ရက်နေ့တွင် အီးမေးလ်ဖြင့် အတည်ပြုသည်။ ကျေးရွာပေါင်း ၂၃ ရွာမှ အစိုးရက ရွေးချယ်သည့် နေရာပေါင်း ၂၆ ခုတွင် ကနဦး အကဲဖြတ်ချက် လုပ်ဆောင်ပြီးကြောင်းလည်း သူပြောသည်။ လုပ်ငန်းခွင်အရာရှိများသည် ပြည်သူများနှင့် တွေ့ဆုံပြီး မြေပြင်လိုအပ်ချက်များကို နားလည်ရေးနှင့် ထိခိုက်သောနေရာများမှ အသိုင်းအဝန်းအားလုံး၏ ဘဝကို တိုးတက်စေရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြေများ ရှာရန် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ဆက်ရှင်းပြသည်။
သတ်မှတ်နေရာများတွင် ဖေါ်ပြထားသော မွတ်ဆလင် မဟုတ်သူများအတွက် ကျေးရွာ အရေအတွက် အတိအကျစာရင်း၊ မြေပြင်တွင် ဒေသအာဏာပိုင်များဆောင်ရွက်နေသည့် အစီအစဉ်များကိုလည်း ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိက ပြောဆိုခဲ့ခြင်းမရှိပေ။
“အကဲဖြတ်ဖို့ စုဆောင်းထားတဲ့ အချက်အလက်တွေကို UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP တို့က စိစစ်နေပါတယ်။ ဒါပေမယ့် ကောက်ချက်ချဖို့ကတော့ အရမ်းကို စောနေပါသေးတယ်” ဟု သူပြောသည်။
ကုလသမဂ္ဂ အေဂျင်စီများသည် နေရာသစ်များတွင် ဒုတိယအကြိမ် အကဲဖြတ်ခြင်းကို မကြာမီလုပ်ဆောင်ဖြစ်ကြောင်း သူက ဆိုသည်။ ထိုဒေသသို့ ပထမအကြိမ် အကဲဖြတ်ရန် သွားရောက်စဉ် ပဋိပက္ခဒဏ်ခံ အသိုင်းအဝန်းများက ၎င်းတို့ကို အကြံပြုသည့် စီမံကိန်းအချို့ကိုလည်း ထိုအေဂျင်စီနှစ်ခုက အကောင်အထည်ဖေါ်ရန် စီစဉ်နေကြောင်း သိရသည်။