ယခု ရက်ပိုင်းအတွင်း တပ်မတော်သား ဝန်ကြီး ၂ ဦးနှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ ဖြစ်သည်ဟု လူမှု ကွန်ရက်နှင့် သတင်းမီဒီယာများတွင် ဖော်ပြနေရာ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးတို့၏ အသက်များမှာလည်း နိုင်ငံဝန်ထမ်းများ အငြိမ်းစား ယူရသည့် အသက် ၆၀ ပြည့်နေကြောင်း တွေ့ရသည်။
ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ၁၉၅၆ ခုနှစ်၊ ဇူလိုင်လတွင် မွေးဖွားခဲ့သူတဦး ဖြစ်ရာ ၎င်း၏ အသက်မှာ ၆၂ နှစ် ပြည့်နေပြီ ဖြစ်သလို ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေမှာလည်း ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလတွင် မွေးဖွားခဲ့သူ တဦးဖြစ်ရာ အသက် ၆၀ ရှိနေပြီ ဖြစ်သည်။
သို့သော် သက်ပြည့်ပင်စင် အပေးခံရသည်ဟု ပြောဆိုနေကြသည့် ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးတို့ကို အနားပေးလိုပါက လုပ်ထုံးလုပ်နည်းအရ သမ္မတထံသို့ တင်ပြရမည် ဖြစ်သလို သမ္မတကလည်း သဘောတူ လက်ခံပါက လွှတ်တော်သို့ အတည်ပြုချက် ရယူရဦးမည်ဟု အစိုးရ သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ပါးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရခြင်း ဖြစ်သည်။
ယနေ့အချိန်ထိ တပ်မတော်မှ အစိုးရဘက်သို့ ယင်းတပ်မတော်ခေါင်းဆောင်များကို အပြောင်းအလဲလုပ်ရန် တရားဝင် အကြောင်းကြားခြင်း မရှိသေးသလို တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ထွန်းထွန်းညီကလည်း ယင်းသတင်းများကို အတည်မပြုနိုင်ကြောင်း မီဒီယာများသို့ ထုတ်ဖော်ထားသည်။
အစိုးရ သတင်းရင်းမြစ်တဦးကမူ“ကျနော်တို့ဘက်ကို တင်ပြမထားဘူး။ တင်ပြမထားတော့ Constitution (ဖွဲ့ စည်းပုံ) အရ လုပ်လို့ မရဘူး။ သူတို့က သမ္မတက ခန့်ထားရတဲ့ ဝန်ကြီးတွေ ဖြစ်နေတယ်။ ကျနော်တို့ဘက်ကို မတင်ပြဘဲနဲ့ လုပ်လို့ကို မရဘူး။ သူတို့ လုပ်ဖို့ အစီအစဉ် ရှိကောင်းတော့ ရှိမှာပေါ့။ သို့သော် ဒီဘက်ကို ဘာမှကို မတင်ပြသေးတာ”ဟု ဧရာဝတီသို့ ပြောသည်။
သက်ပြည့် ပင်စင်ဖြင့် အငြိမ်းစား ပေးခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီး ၂ ဦးစလုံးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရနှင့် အလွန်အဆင်ပြေသူများ ဖြစ်သလို အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၎င်းတို့ ၂ ဦးကို လက်ရှိ အစိုးရ သက်တမ်း ကုန်သည်အထိ ထားပေးရန် မေတ္တာရပ်ခံထားကြောင်း တပ်မတော်နှင့် နီးစပ်သူတဦးကလည်း အတည်ပြု ပြောကြားသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်အတွင်း စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း သူမ၏ NLD အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးမှာ မဆိုးကြောင်း၊ အစိုးရအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီး ၃ ဦးမှာလည်း “ခင်မင်ဖွယ်” ဖြစ်ကြောင်း အမေးအဖြေ ကဏ္ဍတခုတွင် ထုတ်ဖော်ချီးကျူးခဲ့သေးသည်။
တပ်မတော် ဥပဒေ၊ နည်းဥပဒေများအရ ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၅ နှစ်ပြည့်သော်လည်း ရာထူးမတိုးပါက တပ်မတော်က အနားပေးနိုင်ကြောင်း၊ သို့သော် ထိုရာထူးရှိသူသည့် အရပ်ဘက် ဝန်ကြီးဌာနတခုခုသို့ ပြောင်းရွေ့ တာဝန် ထမ်းဆောင်နေရပါက အသက် ၆၂ နှစ်အထိ အလုပ်လုပ်ခွင့် ပြုထားကြောင်းလည်း တပ်မတော်ခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုဖူးသည်။
အွန်လိုင်းပေါ်တွင် ပျံ့ နှံနေသည့် ထုတ်ပြန်ချက် စာရွက်အရ ပြည်ထဲရေး ဝန်ကြီးအသစ်အဖြစ် လက်ရှိ စစ်ထောက်ချုပ်ဖြစ်သူ စစ် တက္ကသိုလ် အပတ်စဉ် ၂၃ မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောကို တာဝန်ပေးထားပြီး ကာကွယ်ရေး ဝန်ကြီးအသစ် အဖြစ် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးကို တာဝန်ပေး မည်ဟု ဆိုသည်။
“ကိုညိုစောက စစ်မျိုးစစ်နွယ်ပဲ။ မာမာထန်ထန် ရှိတယ်။ အေးအေးချမ်းချမ်း ရှိတယ်။ ရန်ကုန်တိုင်း ဂျီဝမ်း လုပ်ခဲ့ပြီးတော့ ဗိုလ်ချုပ် ဝေလွင် တိုင်းမှူး ဖြစ်တဲ့အချိန်မှာ သူ့ကို ဗျူဟာမှူးနဲ့ ခေါ်လိုက်တာ။ သူ့အပတ်စဉ်မှာ ရာထူးတိုးတာ အစပိုင်း နောက်ကျတယ်။ နောက်မှ တပ်မမှူး၊ ကျောင်းအုပ်ကြီး၊ ပြီးတော့ တိုင်းမှူးဘဝမှာ သိပ်မကြာလိုက်ဘူး။ စစ်ထောက်ချုပ် တန်းဖြစ်တာ”ဟု တပ်မတော်နှင့် နီးစပ်သူတဦးက ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း သဘောကျကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ပေါက်ကြားလာသော စာရွက်တွင် စစ်ဆင်ရေး အထူး အဖွဲ့ (၁)မှ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို အနားပေးလိုက်ကြောင်း ဖော်ပြထားသည်။
စစ်ဆင်ရေး အထူးအဖွဲ့ (၄)မှ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်ကို တပ်မတော် စစ်ဆေးရေး အရာရှိချုပ် အဖြစ် ပြောင်းရွေ့ ခန့်ထားလိုက်ပြီး ပြည်ထဲရေး ဒုဝန်ကြီးမှ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဖြစ်လာသူ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်စိုးကို ကစထ(၁) နေပြည်တော်သို့ ပြန်လည် ပြောင်းရွေ့ လိုက်ကြောင်းလည်း ဖော်ပြထားသည်။
အပြောင်းအရွှေ့များတွင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်ကို စစ်ထောက်ချုပ်အဖြစ် လည်းကောင်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် တေဇာကျော်ကို စစ်ရေးချုပ်အဖြစ် လည်းကောင်း၊ လက်ရှိတွင် တပ်ချုပ် အသစ်ဖြစ်နိုင်သူဟု ရေပန်းစားနေသူသည့် ၂၀၂၀ ခုနှစ်တွင် အသက် ၅၅ နှစ်ကျော်ကျော်သာရှိဦးမည့် စစ်တက္ကသိုလ် အပတ်စဉ် ၃၀ မှ ဗိုလ်ချုပ် မိုးမြင့်ထွန်းကိုမူ ကစထ (၆)သို့ ပြောင်းရွေ့ ထားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ် မိုးမြင့်ထွန်းသည် လက်ရှိ ကြည်း၊ ရေ၊ လေ ညှိကွပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကဲ့သို့ ရာထူးတက် မြန်သူတဦး ဖြစ်သလို ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကိုလည်း တပ်ချုပ်အသစ် ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။
နေပြည်တော် တပ်မတော် စစ်သမိုင်း ပြတိုက်ရှိ စစ်ရာထူး ခန့်ထားမှုများ တန်းစီဇယားတွင် အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို မဖြုတ်သေးသော်လည်း ယခုရက်ပိုင်းအတွင်း ပယ်ဖျက်ခံရနိုင်ကြောင်း ယင်းပြခန်းက ဆိုသည်။ ထို့ပြင် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးနှင့် အမှတ် ၄ စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်တို့ကို နေရာချင်း လဲမည်ဟု စာဝင်ပြီး ဖြစ်ကြောင်းလည်း စစ်သမိုင်းပြတိုက်က ဆိုသည်။
တပ်မတော်မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး တဦးက ယခုလို အထူးအမိန့်များကို ယခုနောက်ပိုင်းတွင် စာရွက်ဖြင့် မထုတ်ပြန်တော့ဘဲ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံသို့သာ လက်ရောက်ပေးသည့် စနစ်ကို ကျင့်သုံးနေပြီ ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ သတင်းများ ကြိုတင် ပေါက်ကြားမှုများ ရှိခဲ့၍ ဖြစ်ကြောင်း ရှင်းပြသည်။
တပ်မတော်နဲ့ နီးစပ်သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တဦးက လူမှု ကွန်ရက်တွင် ပျံ့ နှံနေသည် စာရွက်မှာ ပထမပိုင်းတွင် အမှန်ဟု ကြားသိထားခြင်းဖြစ်၍ နောက်ပိုင်းတွင် သတင်း ပေါက်ကြားသဖြင့် ပြန်ပိတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်းနှင့် သာမန်ပြည်သူများ မသိနိုင်သည့် ရာထူး၊ စစ်တက္ကသိုလ် အပတ်စဉ်များကို ယခုလို အတိအကျ ထုတ်ဖော်နိုင်ခြင်းမှာ အတုဟု မဆိုနိုင်ကြောင်း သုံးသပ်သည်။
“ပထမတော့ အမှန်လို့ ကြားတယ်။ သတင်းက ကြိုပေါက်သွားတာလို့ ကြားတယ်။ ပေါက်သွားတော့ ပြန်အုပ်လိုက်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။