သတင်း

အင်တာပိုရဲချုပ် မင်ဟောင်ဝေကို စုံစမ်းစစ်ဆေးနေကြောင်း တရုတ်ပြော

ကမ္ဘာလုံးဆိုင်ရာ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ အင်တာပို အကြီးအကဲနှင့် တရုတ်လုံခြုံရေး ဒုတိယဝန်ကြီး မင်ဟောင်ဝေသည် ပြင်သစ်နိုင်ငံတွင် ပျောက်ဆုံးနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ၎င်းကို အပြစ်ရှိသည်ဟု သင်္ကာမကင်းသဖြင့် စုံစမ်းစစ်ဆေးနေကြောင်း တရုတ်အစိုးရက တနင်္ဂနွေနေ့တွင် ကြေညာလိုက်သည်။

ပြင်သစ်နိုင်ငံတွင် ၎င်းပျောက်ဆုံးနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် တရုတ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က အထက်ပါအတိုင်း ကြေညာချက်ထုတ်ကာ မင်နှင့်ပတ်သက်၍ တရုတ်အစိုးရက ပထမဆုံး တရားဝင် ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

မင်သည် ယခင်လက အင်တာပိုဌာနချုပ်ရှိရာ ပြင်သစ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ခရီးထွက်လာစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်း၏ဇနီးသည်က အစီရင်ခံခဲ့သည်။

“ဥပဒေချိုးဖောက်တယ်လို့ သံသယရှိတဲ့အတွက် အမျိုးသား ကြီးကြပ်ရေး ကော်မရှင်ကနေ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်ဟောင်ဝေကို လတ်တလော စုံစမ်းစစ်ဆေးနေပါတယ်” ဟု တရုတ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ၎င်းတို့ ဝက်ဘ်ဆိုက်တွင် အကျဉ်းရုံး၍ ကြေညာထားသည်။

မင်သည် ၎င်းတို့အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း၊ ယာယီဥက္ကဋ္ဌအဖြစ် တောင်ကိုရီးယား လူမျိုး ကင်မ်ဂျောင်ယန်းက တာဝန်ယူမည်ဖြစ်ကြောင်း အင်တာပိုက နောက်ပိုင်းတွင် ကြေညာခဲ့ပြီး ဥက္ကဋ္ဌ အသစ်ကို လာမည့် နိုဝင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပမည့် အစည်းအဝေးတွင် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ဘေဂျင်းအနေဖြင့် မင်၏ အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းဆောင်ရွက်ရန် ယခင်သီတင်းပတ် အစောပိုင်းတွင် အင်တာပိုက တိုက်တွန်းထားသည်။

“အောက်တိုဘာလ ၇ ရက်၊ တနင်္ဂနွေနေ့ဖြစ်တဲ့ ဒီနေ့မှာ ပြင်သစ်နိုင်ငံ၊ Lyon မြို့မှာရှိတဲ့ အင်တာပို အတွင်းရေးမှူးချုပ် ရုံးကနေ အင်တာပိုဥက္ကဋ္ဌအဖြစ်ကနေ မစ္စတာ မင်ဟောင်ဝေရဲ့ နုတ်ထွက်လွှာကို ချက်ချင်း အသက်ဝင်တဲ့အနေနဲ့ လက်ခံရရှိပါတယ်” ဟု အင်ပိုတာအဖွဲ့က တနင်္ဂနွေနေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

တနင်္ဂနွေနေ့က တရုတ်ကြေညာချက်နှင့် ပတ်သက်၍ မေးမြန်းသည့်အခါ ပြင်သစ်အစိုးရ ပြည်ထဲရေး ဝန်ကြီးရုံးက တစုံတရာ မသိရကြောင်း ပြန်လည်ဖြေကြားသည်။

မင်၏ မိသားစုအနေဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက ၎င်း၏သတင်း အစအနပင် မရတော့ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့ပြီးနောက် မင်၏ဇနီးကို ရဲအစောင့်အရှောက်ဖြင့် ထားကြောင်း ပြင်သစ်အာဏာပိုင်များက ဆက်လက် သတင်းထုတ်ပြန်ထားသည်။

မင်ပျောက်ဆုံးမှုကို ပြင်သစ်ရဲများကလည်း စုံစမ်းစစ်ဆေးလျက်ရှိပြီး စိုးရိမ်စရာ ပျောက်ဆုံးမှုအဖြစ် ပြင်သစ် နိုင်ငံတွင် သတင်း ထုတ်ပြန်ထားသည်။

မင်၏ပျောက်ဆုံးမှုကို ဇနီးဖြစ်သူ ဂရေ့စ်က စိုးရိမ်ပူပန်လျက်ရှိကြောင်း Lyon မြို့ရှိ ဟိုတယ် တခုမှနေ၍ အကျဉ်းချုပ် ကြေညာချက်တစောင် ထုတ်ခဲ့သည်ကို ပြင်သစ်ပြည်တွင်း ရုပ်သံလိုင်းတခုက ဗီဒီယိုဖိုင် လွှင့်ခဲ့သည်။

“ကျမခင်ပွန်းကို ကျမ ရှေ့မှာ မမြင်ရမချင်း၊ ကျမကို စကားမပြောမချင်း ကျမ စိတ်ချမှာ မဟုတ်ပါဘူး” ဟု ဂရေ့စ်မင်၏ ပြောကြားချက်ကို ပြင်သစ်ရုပ်သံလိုင်းများနှင့် တနင်္ဂနွေနေ့ထုတ် သတင်းစာများက ကိုးကား ထုတ်လွှင့် ရေးသားခဲ့ကြသည်။

ဇနီးသည်ဖြစ်သူ၏ တုန်လှုပ်သော စကားပြောနေသံကို ရုပ်ပုံလွှာနှင့်တကွ မထင်ရှားစေရန် သူ၏ နောက်ကျော မြင်ကွင်းဖြင့် ပြင်သစ်သတင်းစာ ဝက်ဘ်ဆိုက်များက ဗီဒီယိုဖိုင် လွှင့်တင်ခဲ့ကြခြင်း ဖြစ်သည်။

“ဒီကိစ္စဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကျမ မိခင်နိုင်ငံနဲ့လည်း ဆိုင်တဲ့ကိစ္စပါ” ဟု သူက ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

သူ၏ ခင်ပွန်းသည်က မကြာသေးမီကပင် သူ့ထံသို့ ဓားတလက်ပုံဖြင့် ဖုန်းမတ်ဆေ့ချ် ပို့ခဲ့ကြောင်း၊ အဓိပ္ပာယ်မှာ အန္တရာယ်တခုခု ကျရောက်နေဟန်ရှိကြောင်း ပြင်သစ်မီဒီယာများက သတင်းထုတ်လွှင့်ကြသည်။

အသက် ၆၄ နှစ်အရွယ်ရှိ မင်သည် အင်တာပိုရဲတပ်ဖွဲ့ ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ် နှောင်းပိုင်းက ခန့်အပ်ခံခဲ့ရခြင်း ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများတွင် တရုတ်က အဓိကကျသော အခန်းကဏ္ဍမှ ဦးဆောင်မှုရယူရန် အားထုတ်ခဲ့ခြင်း၏ အစိတ်အပိုင်းတခုလည်း ဖြစ်သည်။

အင်တာပို ရဲတပ်ဖွဲ့ဥက္ကဋ္ဌ တာဝန်သည် ၎င်းတို့ သက်ဆိုင်ရာအစိုးရထံမှ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် စေခြင်းဖြစ်ပြီး နိုင်ငံတကာ ရဲလုပ်ငန်းအတွက် ကိုယ်စားပြု ထမ်းဆောင်နေစဉ်အတွင်း မိခင်နိုင်ငံက မူလ ပေးအပ်ထားသော တာဝန်ကလည်း တပါတည်း ရှိနေသည်။

နိုင်ငံပေါင်း ၁၉၂ နိုင်ငံဖြင့် ဖွဲ့ထားသည့် အင်တာပိုရဲတပ်ဖွဲ့သည် ပျောက်ဆုံး (သို့မဟုတ်) အလိုရှိသူများ ရှာဖွေပေးရန် ထုံးစံအားဖြင့် အဓိကထား လုပ်ကိုင်ရသည်။ နေ့စဉ်တာဝန်များကို အင်တာပို အတွင်းရေးမှူးချုပ် ဂျာမန် လူမျိုး ဂွါဂျန်စတော့က ကိုင်တွယ်ရသည်။

မင်ကို အင်တာပိုဥက္ကဋ္ဌအဖြစ် ခန့်အပ်စဉ်က တရုတ်အနေဖြင့် ၎င်းရာထူး အရှိန်အဝါကို သုံး၍ သဘောထား ကွဲလွဲသည့် တိုင်းပြည်များကို စည်းရုံးရန် အရှိန်မြှင့်တင်ခြင်း ဖြစ်နိုင်ကြောင်း လူ့အခွင့်အရေး အုပ်စုများက စိုးရိမ် ပူပန်ခဲ့ကြသည်။

ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက် ကျူးလွန်သူဟု စွဲချက်တင်ခံရသော တရုတ်နိုင်ငံသားများကို ဖမ်းဆီးရန်နှင့် လွှဲပေးရန် အခြားနိုင်ငံများကို ဘေဂျင်းအစိုးရက ယခင်ကလည်း ဖိအားပေးခဲ့ဖူးသည်။

ကိုးကား။ ။ Reuters

Loading